စစ်အသုံးစရိတ်ဖြစ်လာနိုင်တဲ့ ဝင်ငွေခွန်ကို ပြည်ပရောက် မြန်မာတွေ မဆောင်လို
2024.01.02

ပြည်ပနိုင်ငံအသီးသီးကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ထိထိရောက်ရောက် ကူညီမပေးဘဲ ဝင်ငွေခွန် ကောက်ခံနေတာဟာ တရားမျှတမှု မရှိတဲ့အတွက် အခွန်ဆောင်မှာမဟုတ်ဘူးလို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကာကွယ်ပေးတာ၊ ကူညီဆောင်ရွက်ပေးတာတွေ မလုပ်နိုင်ဘဲ အခုလို အခွန်ကောက်တာဟာ စစ်ကောင်စီက ငွေရဖို့ကိုပဲ ဦးတည်စဉ်းစားတာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွက ထောက်ပြကြပါတယ်။
"ကိုယ်ကပေးလိုက်လို့ ပြည်သူတွေ ပြန်ပြီးထိခိုက်တာ မလိုချင်ဘူး”
တိုင်းတပါးမှာ အခက်အခဲတွေကြားက ရုန်းကန်နေရတဲ့ အလုပ်သမားတွေကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုမရှိဘဲ အခွန်ထပ်မံကောက်ယူတာက အလုပ်သမားတွေအတွက် အကျပ်ရိုက်စေတယ်လို့ ထိုင်းနိုင်ငံမှာ ၁၀ နှစ်ဝန်းကျင် အလုပ်လုပ်ကိုင်နေတဲ့ ကိုကျော်ဇေယျက RFA ကို ပြောပါတယ်။
“အခွန်ဆိုတာက တိုးတက်တဲ့ နိုင်ငံတွေမှာလည်း ပေးရတာပဲ ဒါကိုသိတယ် အလုပ်သမားတွေက။ ဒါပေမဲ့ အစိုးရက ဘာလုပ်နေလဲ။ အခုက ကျွန်တော်တို့ကို ကူညီမှုက တစ်စက်မှ မရှိဘူးလေ။ အလုပ်သမားတွေ ချိုးဖောက်ခံနေရတာ သူတို့ အရှေ့မှာ တွေ့နေမြင်နေတာပဲ။ နောက်ဆုံး သူတို့ကို သွားတိုင်၊ သွားခေါ်ရင်တောင် အဆင်မပြေဘူး။ ကျွန်တော်ကတော့ ဆောင်ဖို့မရှိဘူး။ နေသာသလိုပဲနေမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ အလုပ်သမားတွေကို ဘာစောင့်ရှောက်မှုရှိလဲ၊ ရတဲ့အခွန်ကို ဘာလုပ်လဲ။ ကိုယ်ကျေနပ်မှပဲ ကိုယ်လုပ်မှာပေါ့”
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်လစာ နှုန်းထားတွေနဲ့ ပေးသွင်းရမယ့် ပမာဏကို ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။
စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အထွေထွေလုပ်သားတွေဟာ လစဉ်ဝင်ငွေကို ဘတ် (၇၅၀၀) နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း (ဘတ် ၁၅၀) လစဉ် ပေးသွင်းရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြင်ဆင်ထုတ်ပြန်တဲ့ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန် ပေးဆောင်ရတာဖြစ်ပါတယ်။
ဒါဟာ ၂ဝ၁၂ ခုနှစ်ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကင်းလွတ်ခွင့်ပေးထားတဲ့ ဝင်ငွေခွန်ကို စစ်ကောင်စီက ပြန်လည်ကောက်ခံတာပါ။
ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ ကိုရဲထက်ဇော်ကတော့ ရောက်နေတဲ့ နိုင်ငံအတွက် အခွန်ကိုသာ ပေးဆောင်နေပြီး စစ်ကောင်စီကိုတော့ အခွန်ပေးဖို့ ဆန္ဒမရှိဘူးလို့ ပြောပါတယ်။
“ဂျပန်ဘက်မှာ ဆောင်ရတဲ့ အခွန်အကုန်လုံးကိုဆောင်တယ်။ ဒီဘက်ခြမ်းကို မဆောင်ဘူးဆိုတာက သူတို့ (စစ်ကောင်စီ) ဆီကို ဝင်ငွေ မရောက်စေချင်တာ။ သူတို့ ကောက်မှာကို ပြောတယ် ပြီးတော့ ဘယ်လောက်သက်သာခွန် ပြန်လျှော့မယ် ဆိုတာလည်းပြောတယ်။ အဲဒီပိုက်ဆံက ဒီကလူတွေဆောင်မယ်ဆိုရင် အဆင်ပြေပါတယ်။ ပက်စ်ပို့သက်တမ်းသွားတိုးဖို့ အခက်အခဲရှိတဲ့ လူတွေကတော့ မဆောင်လို့မရဘူး ထင်တာပဲ။ သူတို့ ကောက်နေတဲ့ အခွန်ကို ပေးကိုမပေးချင်တာ။ ပေးလည်း မပေးဘူး။ ကိုယ်ကပေးလိုက်လို့ ပြည်သူတွေ ပြန်ပြီးထိခိုက်တာ မလိုချင်ဘူး”
တိုကျိုမြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးကလည်း ဒီဇင်ဘာလ ၂၁ ရက်ကတည်းက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ရရှိတဲ့ လစာဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို လစဉ်ဝင်ငွေခွန် ပေးဆောင်ဖို့ ကြေညာခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်အရ တစ်လ ဂျပန်ငွေ ယန်းနှစ်သိန်း ရသူတွေက ဝင်ငွေခွန်အဖြစ် ယန်း လေးထောင်၊ ယန်း နှစ်သိန်းအောက်ရသူတွေက ဝင်ငွေခွန် ယန်း သုံးထောင် လစဉ်ပေးဆောင်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သက်သာခွင့်တွေ ပေးမှာဖြစ်ပြီး ယန်း လေးထောင် ပေးဆောင်ရမယ့်သူက ယန်း နှစ်ထောင်သာ လစဥ်ပေးသွင်းဖို့နဲ့ ယန်း သုံးထောင် ပေးသွင်းရမယ့်သူဟာ ယန်းတစ်ထောင် လစဥ်ပေးသွင်းရမယ်လို့လည်း စစ်ကောင်စီ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
နိုင်ငံအတွင်း စီးပွားရေးကျဆင်းမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုတွေအပြင် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့် တိုက်စစ်ဆင်နေရတဲ့ စစ်ကောင်စီအတွက် စစ်အသုံးစရိတ်မြင့်တက်လာပြီး လေယာဉ်ဆီကစ လက်နက်၊ ကျည်ဆံဝယ်ယူဖို့အထိ နိုင်ငံခြားငွေ လိုအပ်ချက်တွေ မြင့်တက်နေချိန်မှာ အခွန်ငွေကနေ နိုင်ငံခြားငွေလှည့်ရှာတာ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ငါးသန်းလောက် ရှိနေတာကြောင့် အခြေခံလုပ်သားတွေ အတွက် သတ်မှတ်ထားတဲ့ တစ်လကို ဘတ် ၁၅၀ နှုန်းနဲ့ တွက်ချက်မယ်ဆိုရင်တောင်မှ လုပ်သား တစ်သန်း အခွန်ဆောင်တိုင်း စစ်ကောင်စီဟာ တစ်လကို ဘတ်သန်း ၁၅၀ ( အမေရိကန်ဒေါ်လာ လေးသန်းခွဲ) နီးပါး ရရှိမယ့်အခြေအနေပါ။
စင်ကာပူမှာတော့ မြန်မာလုပ်သား သုံးသိန်းဝန်းကျင်ပဲ ရှိတယ်ဆိုပေမယ့် အနိမ့်ဆုံး အခွန်ပေးဆောင်ရမယ့် တစ်လကို စင်ကာပူဒေါ်လာ ၈ ဒေါ်လာနှုန်းနဲ့တွက်ကြည့်ရင် လစဉ် စင်ကာပူဒေါ်လာ နှစ်သန်းခွဲ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း) ဝန်းကျင် ရှိနေပါတယ်။
ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေကို စစ်ကောင်စီက ပြည်သူတွေကို ဖိနှိပ်တဲ့နေရာမှာ သုံးမှာဖြစ်တဲ့အတွက် အခွန်မဆောင်လိုတာဖြစ်ပြီး ရွေးကောက်ခံ အစိုးရဆိုရင်တော့ အခွန်ပေးမယ်လို့ စင်ကာပူမှာ နည်းပညာပိုင်းနဲ့ အလုပ်လုပ်ကိုင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အခွန် မဆောင်ချင်တာ၊ ဆောင်ချင်တာကြောင့် မဟုတ်ဘူး။ ပုံမှန်အတိုင်း ကိုယ့်နိုင်ငံက ကိုယ်ရွေးကောက်ထားတဲ့ အစိုးရက တက်လာပြီးတော့ နိုင်ငံတိုးတက်ဖို့အတွက် အခွန်ကို ဟိုဘက်ရော၊ ဒီဘက်ရော နှစ်ခုလုံး ပေးရတယ်ဆိုရင် ပေးပျော်သေးတယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ ဘယ်ကနေမှန်း မသိဘဲနဲ့ သူတို့ဘာသာ လက်နက်လေးရှိရုံနဲ့ တက်ပြီးတော့ အစိုးရလုပ်ပြီး တွေ့သမျှလူ လည်ပင်းညှစ် ပိုက်ဆံတောင်းတာတွေကျ မပေးချင်ဘူး။ စေတနာမရှိဘူး”
စင်ကာပူနဲ့ ဂျပန်လို နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ သက်ဆိုင်ရာနိုင်ငံက သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ကို ပေးရတဲ့အပြင် စစ်ကောင်စီကတောင်းတဲ့ ဝင်ငွေခွန်ကို လည်း ပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံသားတွေကို အခွန်ဆောင်ခိုင်းတဲ့ အခါမှာ နှစ်ထပ်ကွမ်းဖြစ်ဖို့ မသင့်ကြောင်းနဲ့ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အရေးကြီးကြောင်း စီးပွားရေးပညာရှင် တစ်ဦးဖြစ်တဲ့ ဦးစိန်ဌေးက သုံးသပ်ပါတယ်။
“အခွန်သည် မျှတရဲ့လား၊ မမျှတဘူးလား ဆိုတာအရေးကြီးတာ နောက်တစ်ခုက အခွန်ရဲ့ သဘောဟာ အခွန်ထမ်းပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရ၊ Double tax (အခွန် နှစ်ထပ်) ကောက်လို့မရဘူး။ သုံးတဲ့အခါ်မှာလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို သုံးပါ။ နိုင်ငံခြားငွေ အပါအဝင် ပြည်တွင်းငွေလည်း အတူတူပဲ။ အဲဒီအခွန်အကောက်တွေ ကို ကောက်ပြီးတော့ Public service (ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း) ကို မသုံးဘဲနဲ့ ကာကွယ်ရေး အသုံးစရိတ်မှာ ပြန်ကုန်သွားတာ”
ဝင်ငွေခွန်ဆောင်တဲ့ အလုပ်သမားတွေကို အခွန်ပေးသွင်းတဲ့ အထောက်အထားလက်မှတ် ထုတ်ပေးနေပြီး ဒီလက်မှတ်ကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အဟောင်းကနေ အသစ်ကို လဲလှယ်တာ၊ အလုပ်သမား သက်သေခံကတ်ပြား၊ ထောက်ခံစာ စတဲ့အထောက်အထား စာရွက်စာတမ်းတွေလုပ်တဲ့အခါ ပြသရမယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။
ပြည်ပရောက်အလုပ်သမားတွေကို အခွန်ကောက်ခံတဲ့အပေါ် ဝေဖန်ခံနေရတာနဲ့ ပတ်သက်လို့ တုံ့ပြန်မှုရဖို့အတွက် တိုကျို၊ ဘန်ကောက်၊ စင်ကာပူတို့မှာ ရှိတဲ့ စစ်ကောင်စီ သံရုံးတွေနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း လက်ခံဖြေဆိုသူ မရှိပါဘူး။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကတော့ အခုလို အခွန်ကောက်ခံတာဟာ ဘယ်သူက အုပ်ချုပ်သည်ဖြစ်စေ၊ ကိုယ့်နိုင်ငံကို အခွန်ပြန် ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီနိုင်ငံကနေပြီး ထွက်ခွာခွင့်၊ လုပ်ကိုင်ခွင့်ပေးလို့ ပြည်ပကို အလုပ်လုပ်ကိုင်ခွင့်ရတဲ့ အတွက် ဟိုအစိုးရမို့လို့၊ ဒီအစိုးရမို့လို့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံကနေ ကိုယ့်ကို လုပ်ကိုင်ခွင့် ပေးတဲ့အတွက် ကိုယ့်နိုင်ငံကို ပေးရမယ့် အခွန်ပေးတာကတော့ ဘယ်ခေတ်၊ ဘယ်စနစ်မှာ မဆို နိုင်ငံသားကောင်းပဲလို့ ခံယူပြီးတော့ ကိုယ့်နိုင်ငံကို ပေးရမယ့် အခွန်ကို ပေးတာက မွန်မြတ်တဲ့ အလုပ်လို့ ပြောချင်ပါတယ်”
အခွန်ကောက်တာအပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ပြည်တွင်းထံ ဘဏ်တွေကနေတစ်ဆင့် တရားဝင်လမ်းကြောင်းနဲ့ လစဉ်လွှဲပို့ကြဖို့ပါ စစ်ကောင်စီက ဖိအားပေးထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ စစ်ကောင်စီကို ဝင်ငွေခွန်မဆောင်ချင်ကြပေမယ့် ဝင်ငွေခွန် ဆောင်မှ ပတ်စ်စပို့ သက်တမ်း တိုးလို့ရမယ့်အခြေအနေလည်း ရင်ဆိုင်နေ ရတာပါ။
ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း လစဥ်ပေးဆောင်ခိုင်းတာနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၁၇ ရက်နေ့ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာ အလုပ်သမားတွေ စုပေါင်းဆန္ဒပြခဲ့ကြပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနကလည်း ဒီဆန္ဒပြပွဲကို ထောက်ခံကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။