ကျန်းမာရေးဝန်ထမ်းတွေကို အခွန်ကောက်ခံမှု ဆေးကုသစရိတ် ပိုကြီးလာနိုင်

RFA Burmese
2023.09.01
ကျန်းမာရေးဝန်ထမ်းတွေကို အခွန်ကောက်ခံမှု ဆေးကုသစရိတ် ပိုကြီးလာနိုင် မန္တလေးမြို့၊ မင်္ဂလာဆေးရုံမှ ဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။
Mingalar Hospital

ဆရာဝန်‌တွေအပါအဝင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူ တွေရဲ့ ဝင်ငွေထဲကနေ စက်တင်ဘာ ၁ ရက်ကစလို့ နှစ်ရာခိုင်နှုန်း အခွန် ကောက်ယူမယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ကြေညာပါတယ်။

ဒီကြေညာချက်ဟာ ပုဂ္ဂလိကဆေးရုံနဲ့ ဆေးခန်းတွေမှာ အချိန်ပိုင်း ဆေးကုသမှုပေးနေတဲ့ အထူးကု ဆရာဝန်၊ ရိုးရိုးဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။

စက်တင်ဘာ ၁ ရက်ကစလို့ ၁၅ ရက်အတွင်း ရရှိငွေပေါ်မူတည်ပြီး သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွေမှာ နှစ်ရာခိုင်နှုန်း အခွန်ဆောင်ကြရမှာပါ။

နောက်ဆုံးမှာ ဆေးကုသစရိတ်ကြီးလာပြီး လူနာတွေကိုပဲ ထိခိုက်လိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ (CDM) ဆရာဝန်တစ်ဦးက ပြောပါတယ်။

"ဆေးရုံ၊ ဆေးခန်းကတော့ အခွန်အခဆိုပြီး ထပ်ကောက်မှာပဲ။ နောက်ဆုံး ပြည်သူပဲ ခံရမှာပဲ။ အဲဒီ နှစ်ရာခိုင်နှုန်း ကောက်လို့ ကျသင့်တဲ့ နှစ်ရာခိုင်နှုန်းက သူတို့ (ဆရာဝန်) တွေက ခံမှာမဟုတ်ဘူး။ လူနာအပေါ်မှာ တိုးကောက်လိုက်မှာပဲ။ နောက်ဆုံးတော့ လူနာပဲခံရမှာပေါ့။ ဆေးရုံ၊ ဆေးခန်းက သူတို့ရဲ့ အမြတ်အစွန်းအတွက် ချန်ထားမှာပဲ၊ ဒါကို အိတ်စိုက်ပြီး လုပ်မှာမဟုတ်ဘူး။ နဂိုရှိနေတဲ့ ဈေးနှုန်း (ဆေးကုသမှု ကုန်ကျစရိတ်) ကို တင်လိုက်မှာပဲ”

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆရာဝန်တွေနဲ့ ကျန်းမာရေးကဏ္ဍကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်လာတယ်လို့ သူက ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်ကြီးတွေ ရှားပါးတာကြောင့် ပိုင်ရှင်တွေက ဆရာဝန်ကြီးတွေရဲ့ လစာကနေ အခွန်ဖြတ်ဖို မကြိုးစားဘဲ လူနာတွေရဲ့ ဆေးကုသစရိတ်ကိုပဲ တိုးယူလိမ့်မယ်လို့ ပြည်သူ့ကျန်းမာရေး (Public Health) ကဏ္ဍကို လေ့လာနေသူ ဆရာဝန်တစ်ဦးက ပြောပါတယ်။

"အခွန်ကောက်ပြီဆိုရင် ဆရာဝန်တွေကိုတော့ (ပုဂ္ဂလိကဆေးရုံတွေက) လစာ လျှော့ရဲမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အထူးကု ဆရာဝန်ကြီးတွေက ရှားတာကိုး။ ရှားတဲ့အခါကျတော့ ဆရာဝန်တွေကို လျှော့လို့မရတော့ လူနာကိုပဲ တိုးကောက်မှာပဲ။ နဂိုကတည်းမှ ပိုက်ဆံပေးရတာများနေတဲ့ လူနာတွေအတွက် ပိုပြီးတော့ ခက်ခဲလာတော့ပေါ့နော်။ သူတို့ပဲ ထပ်ပြီးတိုးပေးရမှာ။ ဆေးခန်းထိုင်နေကျ ဆရာဝန်တွေအတွက်တော့ ထူးထူးခြားခြား သက်ရောက်သွားမှာမဟုတ်ဘူး"

ရန်ကုန်မြို့က အထူးကုဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်ပိုင်း ဆေးကုပေးနေတဲ့ နာမည်ကြီး အထူးကု ဆရာဝန်တစ်ဦးဟာ တစ်နေ့ကို ကျပ် သိန်းနှစ်ဆယ်နီးပါး ဝင်ငွေရှိနေပြီး၊ အခြား ဆရာဝန်တွေလည်း တစ်နေ့ကို ကျပ် တစ်သိန်းကနေ ဆယ်သိန်းကြား ဝင်ငွေရှိနေတယ်လို့ သူက ပြောပါတယ်။

"နဂိုကတည်းမှ ပိုက်ဆံပေးရတာများနေတဲ့ လူနာတွေအတွက် ပိုပြီးတော့ ခက်ခဲလာတော့ပေါ့နော်။ သူတို့ပဲ ထပ်ပြီးတိုးပေးရမှာ"

အခွန်မကောက်ခင်ကတည်းက ပုဂ္ဂလိက ဆေးရုံတွေမှာ အစစအရာရာ ဈေးကြီးပေး ဝယ်သုံးနေရပြီး အခွန်ထပ်ကောက်ရင်တော့ ပိုဆိုးလာလိမ့်မယ်လို့ အမည်မဖော်လိုသူ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပုဂ္ဂလိဆေးရုံတွေမှာက တစ်နေ့ကို အခန်းကြေးတင်ကို ကျပ်ငါးသောင်း အောက်ထစ် ရှိတယ်။ ဆေးရုံသေးရင် နှစ်သောင်းခွဲ၊ သုံးသောင်းက စရှိတယ်။ ဆေးရုံကြီးရင် ငါးသောင်းက စရှိတယ်။ အဲထက် ပိုများတာလည်း ရှိတယ်။ ဆရာဝန် ဝန်ဆောင်ခကြေး၊ နောက်ပြီး သူနာပြု ဝန်ဆောင်ခ၊ နှစ်နာရီ တစ်ခါ သွေးလာတိုင်းတာတို့၊ မနက်၊ နေ့လည်၊ ညနေ သွေးပေါင်ချိန်တိုင်းတာတို့၊ သန့်ရှင်းရေးကြေးလည်း ရှိတယ်။ အဲလိုတွက်လိုက် ရင် တစ်နေ့ကို တစ်သိန်းအောက်ခံလောက် ရှိတယ်။ ကျန်းမာရေးကလည်း မဖြစ်မနေ လုပ်ရမယ့် ကိစ္စလေ။ ဘယ်သူနေနေ ပိုက်ဆံက အခုချိန် တိုင်းတာသုံးနေကြရတာ ဆိုတော့ အဆင်မပြေဘူး"

အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာ စရိတ်ကြီးလာလို့ ဆေးမကုနိုင်တော့တဲ့ သာမန်ပြည်သူတွေ ဟာ နောက်ဆုံးတော့ အစိုးရဆေးရုံတွေကိုပဲ ပြန်ရောက်လာလိမ့်မယ်လို့ ရန်ကုန်မြို့က ပြည်သူ့ဆေးရုံ တစ်ရုံမှာ တာဝန်ထမ်းနေဆဲ ဆရာဝန်တစ်ဦးက ပြောပါတယ်။

"ဆရာဝန်ကတော့ သူ့အိတ်ထဲက စိုက်နေစရာ မရှိဘူးလေ။ အရင် တစ်သောင်း တောင်းတဲ့ လူက တစ်သောင်းတစ်ထောင် တောင်းပြီးတော့ အဲဒီအထဲကနေ ဖြတ်လိုက်လို့ပဲ ပြောမှာလေ။ လူနာပဲ ကုန်မှာပေါ့။ သေချာတာကတော့ အပြင်မှာ မပြနိုင်တာ များလာရင်တော့ အစိုးရ ဆေးရုံတွေမှာပဲ သွားပြကြမှာပေါ့။ အဲဒီအခါကျရင် အစိုးရဆေးရုံတွေကပဲ လုပ်အားတွေ ပိုလာမှာပေါ့လေ။ ဒါပဲ ရှိတာပေါ့"

မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကို လူလတ်တန်းစားနဲ့ ငွေကြေးပြည့်စုံသူတွေ သာ အသုံးပြုနိုင်တာလို့ သူက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံကို တွေ့ရစဉ်။ (Photo: Pinlon Hospital)
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံကို တွေ့ရစဉ်။ (Photo: Pinlon Hospital)

ဩဂုတ်လ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နှစ်ရာခိုင်နှုန်း ဝင်ငွေခွန်ဟာ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာလုပ်နေတဲ့ အမြဲတမ်း ဝန်ထမ်းတွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ ထပ်မံထုတ်ပြန်ပါတယ်။

ဒီအခွန်ဟာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ - ၇ အရ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာကရတဲ့ဝင်ငွေအပေါ် အခွန်ကောက်ခံတာ ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီအခွန်ကောက်ခံတာဟာ စစ်ကောင်စီက သူ့ရဲ့ အခွန်ဘဏ္ဍာ အကျပ်အတည်းကို ရသလောက်နည်းနဲ့ ဖြေရှင်းတာလို့ RFA ကို ပြောပါတယ်။

"ဘဏ္ဍာရေးအကျပ်အတည်း ကြုံနေတဲ့ စစ်ကောင်စီကတော့ အခွန်ကောက်လို့ရမယ့် နည်းနာမှန်သမျှ အားလုံးကို ကျင့်သုံးနေတာပဲ။ သာမန်စီးပွားရေး လုပ်ငန်းရှင်တွေလည်း အခွန်နဲ့ပတ်သက်ပြီး ရှောင်လွှဲလို့ရတာ မရှိပါဘူး။ အားလုံး နည်းမျိုးစုံနဲ့ လှည့်ပတ်ပြီး ကောက်နေတာပါပဲ။ ဆရာဝန်တွေကလည်း ဝင်ငွေကောင်းတဲ့အတွက် ဒီလူတွေဆီက လည်း ကောက်သင့်တယ်ဆိုတဲ့ စဉ်းစားမှုမျိုး စစ်ကောင်စီမှာ ရှိနေတယ်။ အဲဒါကြောင့် ဒီလိုလုပ်နေတယ်လို့ ထင်ပါတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနကို ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပြည်သူအားလုံး စစ်ကောင်စီကို အခွန်မဆောင်ဖို့နဲ့ စစ်တပ်ထုတ်ကုန်တွေကို မသုံးဖို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တိုက်တွန်းနေပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်ကောင်စီရဲ့ အခွန် နှစ်ရာခိုင်နှုန်း တိုးကောက်မယ့်ကိစ္စ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။