မိုဘိုင်းလ်ဖုန်းနံပါတ်တွေ မှတ်ပုံတင်ရမယ့်ကိစ္စ သုံးစွဲသူတွေ စိုးရိမ်နေ
ရောင်းချပြီးသား တယ်လီနော (မြန်မာ) ရဲ့ ပြည်တွင်းလုပ်ငန်းတွေကို စစ်တပ်နဲ့နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တရားဝင်လွှဲပြောင်းယူခဲ့တဲ့ အခု မေလထဲမှာပဲ မိုဘိုင်းလ်ဖုန်းတွေရဲ့ International Mobile Equipment Identity (IMEI) နံပါတ်တွေကို စနစ်တကျ မှတ်ပုံတင်ခိုင်းဖို့ စစ်ကောင်စီက စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
တယ်လီနော (မြန်မာ) ရဲ့လုပ်ငန်းတွေကို ရွှေဗျိုင်းဖြူကုမ္ပဏီက ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က လွှဲပြောင်းယူခဲ့တာပါ။
မိုဘိုင်းလ်ဖုန်းတစ်ခုရဲ့ IMEI နံပါတ်ဆိုတာကတော့ မိုဘိုင်းလ်ဖုန်းတစ်ခု သုံးစွဲနေတဲ့ တည်နေရာနဲ့ ဘယ်လိုဆော့ဖ်ဝဲတွေ သုံးစွဲနေသလဲဆိုတာကို ခြေရာခံနိုင်တဲ့ ဂဏန်း ၁၅ လုံးပါတဲ့ ကုတ်နံပါတ်ဖြစ်ပါတယ်။ လူတစ်ယောက်က ဆင်းမ်ကတ် တစ်ကတ်ကို ဝယ်ယူပြီး သူ့ဖုန်းထဲမှာ ထည့်သုံးလိုက်တာနဲ့ သက်ဆိုင်ရာ အော်ပရေတာဆီမှာ IMEI နံပါတ်တွေက သိမ်းပြီးသား ဖြစ်သွားပါတယ်။ IMEI နံပါတ်တွေကို လူနဲ့ပါတွဲပြီး မှတ်ပုံတင်ထားရင်တော့ ဒီဖုန်းက ဘယ်သူသုံးနေသလဲ၊ ဘာတွေသုံးနေသလဲဆိုတာကို ချက်ချင်းသိနိုင်ပါတယ်။
"နိုင်ငံရေးအရ ပြောရင်တော့ ပြည်သူတွေရဲ့ ဒီမိုကရေစီဘောင်ဟာ စစ်အာဏာရှင်စနစ်အောက်မှာ ပိုပိုပြီးတော့ ကျဉ်းမြောင်းလာတယ်"
စစ်အာဏာသိမ်းပြီးကတည်းက ဖုန်းနဲ့ အင်တာနက် သုံးရတာ မလုံခြုံဘူးလို့ ခံစားနေ ရချိန်မှာ အခုလို နောက်တစ်ဆင့်တက် လုပ်ဆောင်လာတဲ့အတွက် ပိုစိုးရိမ်မိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဖုန်းပိုင်ရှင်နဲ့ သူကိုင်တဲ့ ဖုန်းကိုတွဲပြီး သိလို့ရမယ့် ဒီ IMEI နံပါတ်ကို မှတ်ပုံတင်ခိုင်း တယ်ဆိုတော့ ပိုပြီးလုံခြုံမှုမရှိတဲ့ အနေအထားလို့ ပြောလို့ရတယ်ဗျ။ အခုလုပ်ရပ် ကတော့ အများပြည်သူ ကောင်းကျိုးအတွက်လုပ်တဲ့ လုပ်ရပ်လို့တော့ မထင်ဘူး။ မဖြစ်မနေ မှတ်ပုံတင်ခိုင်းမယ်ဆိုရင် ဒါက တစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ Privacy ကို ထိပါးတဲ့အတွက် လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့တော့ ပြောချင်တယ်ဗျ”
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူ ရန်ကုန်မြို့က အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးကတော့ ဖုန်းတွေကို အခုလို ထိန်းချုပ်ဖို့ ကြိုးစားတာဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ ဒီဖုန်းတွေထဲကို Tapping လုပ်ပြီးတော့ ဖုန်းအချင်းချင်း ပြောတာတွေကို သူတို့ နားထောင်လို့ရတယ်။ ပြီးရင် ဖုန်းရဲ့ Text Message တွေကိုလည်း သူတို့က ခိုးယူ တာတို့၊ ဘာတို့ လုပ်လို့ရတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ဖုန်းတွေကိုလည်း ဒီနံပါတ်တွေက တစ်ဆင့်ပေါ့နော်။ Clone လုပ်လို့ရတယ်။ ပြီးရင် ကိုယ့်ရဲ့ ဖုန်းတွေကို ပွားမယ်။ ပွားပြီးရင် တခြားသူတွေဆီကို စာပို့တာတွေ၊ ဘာတွေပေါ့နော်။ မိမိလိုမျိုး ဟန်ဆောင်ပြီးတော့ စာပို့တာတွေ၊ ဘာတွေလည်း လုပ်လို့ရတယ်ပေါ့။ ဒါအကုန်လုံး ခြုံငုံကြည့်ခြင်းအားဖြင့် ဒါကတော့ တော်လှန်ရေးကို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့နော်။ လုပ်ဆောင်နေတယ်လို့ မြင်တယ်ရှင့်”
IMEI နံပါတ်တွေကတစ်ဆင့် PDF တွေနဲ့ ထောက်ပို့လှူဒါန်းနေသူတွေကို နောက်ယောင်ခံဖို့၊ တည်နေရာတွေကို ရှာဖွေဖို့ ပိုလွယ်ကူသွားတောင် လုပ်ဆောင်တာလို့လည်း သူက ပြောပါ တယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းတာဟာ သူတို့အတွက် အခွန်ရဖို့သာဖြစ်တယ်လို့ မနေ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
“အပြင်မှာလည်း ပျံ့နေတာပါပဲ။ ကျနော့်ကိုလည်း မီဒီယာတွေ မေးတယ်။ ဖုန်းတွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ရမယ်။ မှတ်ပုံတင်တယ်ဆိုတာ ဖုန်းနံပါတ်ကို မှတ်ပုံတင်တာ မဟုတ်ဘဲ ဖုန်းမှာပါတဲ့ နံပါတ်ကို မှတ်ပုံတင်ရမယ်လို့ ပြောတယ်။ မှန်တယ်။ ကျနော်တို့ လုပ်မယ်။ ဘာလို့လုပ်လဲဆိုတော့ ဖုန်းတွေအကုန်လုံးက ဝင်လာတယ်။ ဝင်လာတဲ့အခါ မှာ ဘာအခွန်မှမပေးဘူး။ ဘာအခွန်မှ မပေးဘဲ ဒီတိုင်းဝင်လာတယ်။ ဒါကို ကျနော်တို့က နိုင်ငံတော်အတွက်လည်း အခွန်ဆုံးရှုံးတယ်”
ဒီလို အခွန်ဆောင်ဖို့ ဥပဒေ သတ်မှတ်ခဲ့တာဟာ ယခင် NLD အစိုးရလက်ထက်ကတည်းက ဖြစ်ပြီး သူတို့တွေ မလုပ်ရဲ၊ မကိုင်တွယ်ရဲတာတွေကို အခု စစ်ကောင်စီက ဆက်လက်ကိုင် တွယ်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲကိုဝင်လာတဲ့ ဖုန်းအားလုံးဟာ အခွန်မပေးဘဲဝင်လာတာ ဖြစ်တဲ့အတွက် ဖုန်းတင်သွင်းတဲ့ ကုမ္ပဏီအားလုံး IMEI နံပါတ်ကို မှတ်ပုံတင်ပြီး အခွန်ဆောင်ရမှာဖြစ် တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ ဒီလိုမှတ်ပုံတင်ခိုင်းတာဟာ ဆန့်ကျင်သူတွေကို ဖမ်းဆီးလို့ရအောင် ခြေရာခံနိုင်ဖို့လုပ် တာလို့ ပြောပါတယ်။
“IMEI နံပါတ်ကို သုံးပြီးတော့ လူတစ်ယောက်က ဒီဖုန်းကို ဟန်းဆက်ကိုပေါ့နော်။ ဘယ်နေရာမှာ အသုံးပြုနေလဲဆိုတာကို သူ့ရဲ့ အနီးဆုံးမှာရှိနေတဲ့ ဒီဆက်သွယ်ရေး တာဝါတိုင်ကနေတစ်ဆင့် ခြေရာခံလို့ ရနိုင်တယ်ပေါ့နော်။ အဲလို လုပ်လို့ရနိုင်တဲ့အတွက် စစ်တပ်က ဒီနည်းလမ်း၊ ဒီဥပဒေကို ကျင့်သုံးတာလို့ ယူဆလို့ရပါတယ်။ ဒီလို ကျင့်သုံး လိုက်တဲ့အတွက် သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ၊ ဆန့်ကျင်တဲ့လူတွေကို ဖမ်းဆီး နိုင်ဖို့အတွက် သူတို့အတွက် ပိုပြီးတော့ လွယ်ကူသွားစေနိုင်တယ်ပေါ့နော်။ IMEI ကို Register လုပ်ခိုင်းတဲ့ အကြောင်းရင်းကတော့ ဒီကိစ္စအတွက်ပဲ ဖြစ်နိုင်တယ်လို့ ယူဆ နိုင်ပါတယ်”
ဥပဒေပညာရှင် တစ်ဦးကတော့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် ပြည်သူတွေ မလုံခြုံတော့ဘူးလို့ ပြောပါတယ်။
“အဲဒီပြဋ္ဌာန်းချက်တွေကို ဒီအရေးပေါ်ကာလမှာ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဥပဒေ ထုတ်ပြန်ပြီး ကြေညာခဲ့တာပေါ့။ နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သော ဥပဒေဆိုပြီး အဲဒီအထဲမှာ အကုန်ပါသွားပြီ။ ကျနော်တို့ စာတွေလည်း ဖွင့်ဖောက်ခွင့်ရသွားပြီ။ နေအိမ် ဥပစာတွေထဲကိုလည်း အချိန်မရွေး ဝင်ရောက်ခွင့်ရသွားပြီ။ နောက်... ဒီ တယ်လီဖုန်းသုံး တာတွေ၊ အွန်လိုင်းသုံးစွဲတာတွေ အားလုံးကိုလည်းပဲ အချိန်မရွေး စစ်ဆေးခွင့်ရသွားပြီ။ ပါဆယ်ထုပ်တွေကအစ၊ စာပေးစာယူတွေကအစ သိမ်းဆည်းမယ်၊ ဖွင့်ဖောက်မယ်၊ စစ်မယ်၊ ဆေးမယ်။ အကုန်လုံး လုပ်ပိုင်ခွင့်အားလုံး ယူပြီးသွားပါပြီ”
စစ်ကောင်စီအနေနဲ့ ဥပဒေတွေကို ဘယ်လိုပဲ ပြင်ဆင်ပြဋ္ဌာန်းစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးပြီးသား အခွင့်အရေးတွေကို ကျော်လွန်တာမျိုး မလုပ်သင့်ဘူးလို့ လည်း သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက လုံခြုံရေးအရ ဖုန်းတွေ ကို ထိန်းချုပ်ဖို့ကြိုးစားတာဟာ နိုင်ငံရေးအရ ပြည်သူတွေကို ပိုထိန်းချုပ်ဖို့ လုပ်ဆောင်လာ တာလို့ မှတ်ချက်ပေးပါတယ်။
“သူတို့ အနေနဲ့ ပိုပြီးတော့ လက်ဆုပ်လက်ကိုင်ပြုပြီး ဖမ်းဆီးနိုင်မယ့်၊ အခွင့်သာမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုံခြုံရေးသဘောထားနဲ့ လုပ်လာတာ။ နိုင်ငံရေးအရ ပြောရင် တော့ ပြည်သူတွေရဲ့ ဒီမိုကရေစီဘောင်ဟာ စစ်အာဏာရှင်စနစ်အောက်မှာ ပိုပိုပြီးတော့ ကျဉ်းမြောင်းလာတယ်။ ပိုပိုပြီးတော့ ပြည်သူတွေ မွန်းကျပ်လာအောင် လုပ်နေတယ်။ အဲဒီလို လုပ်မှုဟာ အဆုံးတစ်နေ့ ရောက်လို့ရှိရင် ပေါက်ကွဲထွက်သွားပါလိမ့်မယ်။ အဲဒီ အခါကျရင် ဒီပေါက်ကွဲမှုနဲ့အတူ စစ်ကောင်စီလည်း ပါသွားမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကျနော်က ပြောချင်ပါတယ်”
စစ်ကောင်စီဘက်က ပြည်သူတွေကြားထဲက တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေကို ဆွဲထုတ်ပြီး အဲဒီလို ဆန့်ကျင်သူတွေကို တန်ပြန်နှိမ်နင်းလိုတဲ့ လုပ်ရပ်လို့လည်း ဦးသန်း စိုးနိုင်က ပြောပါတယ်။

ရန်ကုန်- ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီက မဂျူဝယ်လ်ကတော့ အခုလို ဖုန်းသုံးစွဲသူတွေကို ပိုပြီးထိန်းချုပ်ဖို့ ကြိုးစားလာတာမျိုးက မျှော်လင့်ပြီးသားဖြစ် ပေမယ့် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်ကလည်း ညီမတို့လို တော်လှန်နေတဲ့ ပြည်သူလူထုတွေကို အခက် အခဲတွေကြားထဲကို မရောက်ရောက်အောင် အမြဲတမ်း ပို့သထက် ပို့နေတာဖြစ်တဲ့ အတွက်ကြောင့် အခြေအနေတွေက ဒီထက်ပိုပြီး ဆိုးလာမယ်ဆိုတာလည်း ညီမတို့က သိတယ်ပေါ့နော်။ သူတို့တွေ ဘယ်လောက်ပဲ ခက်ခဲကျပ်တည်းအောင် လုပ်နေပါစေ ညီမတို့တွေက ရရင်ရသလို တော်လှန်နေမှာဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်စိတ်က အနည်းငယ်တော့ ရှိပေမယ့်လည်း ဒီစိုးရိမ်စိတ်ကို ညီမတို့က ရအောင်ကျော်ဖြတ် ပြီးတော့ စစ်ကောင်စီကို ဖြုတ်ချမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဆက်လက်ပြီးတော့ တော်လှန်သွားမှာပါရှင့်”
အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီက ပြည်သူလူထုကို ဧည့်စာရင်းတိုင်ခိုင်းတာ၊ အိမ်ထောင်စု လူဦးရေ စာရင်းတွေ ဖြည့်ခိုင်းတာအပြင် အခုနောက်ဆုံး မိုဘိုင်းလ်ဖုန်း တွေကို အလွယ်တကူ ခြေရာခံနိုင်တဲ့ နည်းပညာတွေနဲ့ပါ ထိန်းချုပ်ဖို့ ကြိုးစားလာတာလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ကာဇက်စတန်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တူရကီ၊ လက်ဘ နွန်၊ အဇာဘိုင်ဂျန်၊ အီရန် တို့လို အာဏာရှင်နိုင်ငံတွေနဲ့ အာဆီယံထဲက အင်ဒိုနီးရှားနိုင်ငံ ဟာ သုံးစွဲသူတွေရဲ့ မိုဘိုင်းလ်ဖုန်း IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းထားပြီး အင်ဒိုနီးရှား ပြည်သူတွေက ဒီလုပ်ရပ်ကို ၂၀၁၉ ခုနှစ်မှာ ဆန့်ကျင်ကန့်ကွက်ခဲ့ဖူးပါတယ်။