စစ်ကောင်စီကို ICC လွှဲဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်း
2023.07.06

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ဆင်ခြင်တုံတရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်လက်ထဲမှာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်းအဝေးမှာ ဇူလိုင်လ ၆ ရက်နေ့က ပြောကြားခဲ့တာပါ။
“မြန်မာလူထု လက်ရှိခံစားနေရတဲ့ ဒုက္ခတွေဟာ တွေးတောလို့ မရအောင် ကြီးမားပြင်းထန်လှပါတယ်၊ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာပြည်သူတွေရည်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ သာယာဝပြောရေးတွေဟာလည်း ပျက်သုဉ်းသွားခဲ့ပါပြီ၊ စီးပွားရေး တဟုန်ထိုးကျဆင်းနေတာနဲ့အမျှ လူများစုစားဝတ်နေရေးကလည်း ပိုမိုကျပ်တည်းလာနေပါတယ်၊ တပြိုင်နက်မှာ တိုင်းပြည်ရဲ့ သယံဇာတတွေကလည်း ကြောက်မက်ဖွယ်နှုန်းနဲ့ မတရားထုတ်ယူရောင်းချမှုကြောင့် မြန်မာပြည်ရဲ့ သဘာဝပတ်ဝန်းကျင်တခုလုံး ပြန်လည်အဖတ်ဆယ်မရအောင် ပျက်စီးနေပြီ”လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကပြောပါတယ်။
တဆက်တည်းမှာပဲ “စစ်ကောင်စီလက်အောက်မှာ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ပျောက်ကွယ်မှုနဲ့ နှိပ်စက်ညှင်းပမ်းမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူမှုအသိုင်းအဝန်းတခုလုံးနဲ့အတူ သတင်းသမားတွေရဲ့ ပြောဆိုရေးသားခွင့်တွေလည်း ဆိတ်သုဉ်းနေပါတယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်တိုက်ခိုက်မှုတွေကြောင့် တိုင်းရင်းသား လူနည်းစုဒေသတွေကနေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသူတွေ တိုးပွားလာနေပါတယ်။ ရိုဟင်ဂျာလူမျိုး တစ်သန်းကျော်ကလည်း အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ နေထိုင်နေရဆဲဖြစ်ပြီး သူတို့အိမ်ပြန်ဖို့ကလည်း လမ်းမမြင်သေးပါဘူး။ အာဏာသိမ်းချိန်ကနေ အခုအချိန်ထိ စစ်ကောင်စီလက်ထဲမှာ လူ သုံးထောင့်ခုနစ်ရာကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ အရေအတွက်က နှစ်သောင်းသုံးထောင့်ခုနစ်ရာ ကျော်ပါတယ်။ ဒါက အတည်ပြုနိုင်တဲ့ အရည်အတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးဖမ်းဆီးခံရသူဦးရေဟာ ဒီထက်များနိုင်ပါတယ်။ စစ်တပ်က လေကြောင်းကတိုက်ခိုက်မှုနဲ့ ဖျက်ဆီးသတ်ဖြတ်မှုတွေကို ဆက်လက် ကျူးလွန်နေပြီး အခုအချိန်အထိ နိုင်ငံတစ်ဝန်းမှာ မီးရှို့ခံရတဲ့ အိုးအိမ် ခုနစ်သောင်းကျော်ရှိပါပြီ။ လေကြောင်းတိုက်ခိုက်မှုများစွာထဲက တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာဗုံးကြဲမှုမှာ အရပ်သား ၁၆၈ ဦး သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာ လူ့အခွင့်အရေးစည်းကမ်းတွေ၊ ဥပဒေတွေကို လုံးဝလိုက်နာခြင်းမရှိပါဘူး” စသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ခွင့်ကို စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း စားသောက်ကုန်ဈေးနှုန်း ၁၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသား တစ်သောင်းကိုးထောင်ကျော်ကို လွှတ်ပေးဖို့တောင်းဆိုကြောင်း၊ လုံခြုံရေးကောင်စီအနေနဲ့လည်း လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ဆက်လက်ချိုးဖေါက်ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက အရေးယူနိုင်ရေးအတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း သူကပြောခဲ့ပါတယ်။
နိဂုံးချုပ်ပိုင်းမှာတော့ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေကိုရင်ဆိုင်ခဲ့ရပေမဲ့ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတရပ်လုံးကို လေးစားဂုဏ်ပြုရင်း သူတို့နဲ့အတူ မိမိခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိပါတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောကြားလိုက်ပါတယ်။