ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် စတင်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.10
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် စတင် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူနေသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို တွေ့ရစဉ်။
Photo: Samdech Hun Sen, Cambodian Prime Minister, via Facebook

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က၊ အလှည့်ကျအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့တိုက်တွန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့စီးပွားရေးအကြံပေး ဩစတေးလျပညာရှင် ဒေါက်တာ Sean Turnell ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့လအစောပိုင်း ဟွန်ဆန်ရဲ့နေပြည်တော်ခရီးစဉ်အတွင်း စစ်ကောင်စီကို ပန်ကြားချက်အရ ပြန်လွှတ်လိုက်တာ ဖြစ်ကြောင်းလည်း ထုတ်‌ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီပြောဆိုချက်မှားယွင်းကြောင်း ပေါ်ထွက်လာခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ ဒေါက်တာ Sean Turnell ကို ပြန်လွှတ်ဖို့ အစီအစဉ်မရှိကြောင်း တုံ့ပြန်ပြောဆိုလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟွန်ဆန်က ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့အနေနဲ့ နားလည်မှုလွဲတာ ဖြစ်နိုင်သလို စစ်ကောင်စီရဲ့ မုသားတွေကို အယုံလွယ်တာလည်းဖြစ်နိုင်ကြောင်း အာဆီယံဥက္ကဋ္ဌ အဖြစ်နဲ့လည်း မျက်နှာပျက်၊ အရှက်ရစရာ ဖြစ်သွားခဲ့ရကြောင်း၊ သို့ပေမဲ့ ဟွန်ဆန်အတွက်တော့ ဒါဟာ နောက်ဆုံးဖြစ်ရပ် မဟုတ်နိုင်သေးကြောင်း အေးရှားတိုင်းသတင်းက ဖော်ပြပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံမယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြောဆိုခဲ့တာပါ။ ဒါကြောင့် တခြားအာဆီယံခေါင်းဆောင်တွေ မလုပ်တဲ့အလုပ်ကို လုပ်တဲ့သူလို့လည်း အဝေဖန်ခံရပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အချက်ငါးချက်ပါ အာဆီယံ အာဆီယံသဘောတူညီချက်ကို မြန်မာစစ်ခေါင်းဆောင်တွေ လိုက်နာပြီး၊ အာဏာသိမ်းကာလအလွန် အကြပ်အတည်းတွေကို ဖြေရှင်းနိုင်တဲ့အထိ သူတို့ကို အာဆီယံဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ထားဖို့ သဘောတူထားပေမဲ့ ဟွန်ဆန်ကတော့ အာဆီယံဆွေးနွေးပွဲတွေကို မြန်မာစစ်တပ်အရာရှိတွေ တက်ရောက်စေချင်နေတာဖြစ်ပါတယ်။

ဒါ့ပြင် ဇန်နဝါရီလ ၇ ရက် နေပြည်တော်ခရီးစဉ်ကိုလည်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကိုသာ အသိပေး ခဲ့တဲ့အတွက် ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဟွန်ဆန်ကို စိတ်ဆိုးအမျက်ထွက်ခဲ့ကြပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်‌ကြီးဆိုရင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

တကယ်တော့ ဟွန်ဆန်ဟာ မြန်မာနိုင်ငံတွင်းက အဖြစ်အပျက်တွေကို ကျကျနန နားမလည်ဘူးလို့ အေးရှားတိုင်း သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး မပြောဆိုသလောက်ဖြစ်ခဲ့တဲ့အပြင် သူတပါးပြည်တွင်းရေး အဖြစ်လောက်သာ သဘောထားတဲ့လက္ခဏာ ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ နှစ်လယ်ညီလာခံကနေ ဖယ်ထုတ်တဲ့ကိစ္စကို ဟွန်ဆန်က သဘောတူခဲ့ပေမဲ့ နောက်လအတွင်း မြန်မာစစ်ကောင်စီကို ‌ဆွေးနွေးပွဲတွေ ပြန်လည်တက်ရောက်စေချင်ခဲ့ပါတယ်။

သူ့ရဲ့ အုပ်ချုပ်မှု နှစ်လေးဆယ်လောက်အတွင်း ဟွန်ဆန်ဟာ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် အကူအညီရခဲ့သူ မဟုတ်ခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်အတွင်း သူ့ရဲ့ နောက်ဆုံး အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း တောင်တရုတ်ပင်လယ်ပြင် ပြဿနာမှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေထက် တရုတ်ဘက်ကိုသာ ယိမ်းခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ ကဲ့ရဲ့သဂြိုဟ် အပြစ်ဆိုကြတာကိုလည်း အရေးမစိုက်ခဲ့ပါဘူး။

အခုဆိုရင် အာဆီယံဟာ ပြီးခဲ့တဲ့နှစ်ကထက် အကွဲအပြဲတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ဟွန်ဆန်အနေနဲ့ လည်း မြန်မာကိစ္စနဲ့ပတ်သက်ပြီး အခုအခါ နေပြည်တော်မှာ ဘယ်လိုဘယ်ပုံ ဦးဆောင်ဆွေးနွေးဖို့ မျှော်လင့်နိုင်မှာလဲမေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဟွန်ဆန်ဟာ အာဆီယံဥက္ကဋ္ဌအဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုကြီးကြီးနဲ့ ဝင်ရောက်ခဲ့တာပါ။ ဒါ့ပြင် သူ့ရဲ့သားအကြီးဆုံးကိုလည်း ဖခင်ရဲ့ဝန်‌ကြီးချုပ်အဖြစ် အရိုက်အရာကို ဆက်ခံဖို့ သူ့ရဲ့အာဏာရပါတီက သဘောတူထားပြီးဖြစ်ပါတယ်။

ကမ္ဘောဒီးယားဟာ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းမှာ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်နိုင်ငံတွေမှာ ပါဝင်ခဲ့ပြီး၂၀၂၂ ခုနှစ်အတွင်း စီးပွားရေး ပြန်လည်ဦးမော့မှုအခြေအနေကလည်း ကောင်းမွန်တဲ့အနေအထားမှာရှိနေပါတယ်။ ခမာနီတွေနဲ့ နှစ်သုံးဆယ်ကြာ ပြည်တွင်းစစ်ကလည်း ၁၉၉၉ ခုနှစ်မှာ အဆုံးသတ်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ဟွန်ဆန်ဟာ မြန်မာနိုင်ငံတွင်းက အဖြစ်အပျက်တွေကိုတော့ ကောင်းကောင်းနားလည်မှာ မဟုတ်ဘူးလို့ အေးရှားတိုင်းက ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။