ကျောက်တူးဖော်မှုကြောင့် ပျောက်ကွယ်ရတော့မည့် ဖားကန့်က ကုဋေရွာ
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တရားမဝင်ကျောက်တူး ဖော်မှုတွေ ပိုများလာတဲ့ အတွက် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ပြောင်းရွှေ့ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲမှာ ကုဋေကျေးရွာလည်း ပါဝင်ပါတယ်။ ကုဋေကျေးရွာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကတည်းက တည်ထောင်ထားတဲ့ရွာဖြစ်ပြီး အခုအချိန်မှာ ကျေးရွာဧရိယာထဲအထိ ကျောက်တူးဖော်လာတဲ့အတွက် တစ်ရွာလုံးပျက်စီးတော့မယ့် အခြေအနေကို ရောက်နေ တယ်လို့ နေအိမ်ပြောင်းရွှေ့ပေးထားရတဲ့ ဒေသခံ ကိုကျော်ဦးက RFA ကို ပြောပါတယ်။
“ကုဋေမှော်က အခုလောလောဆယ်က ရွာထိပ်ပိုင်း တစ်ရပ်ကွက်စာလောက်တော့ ပျက်နေပြီ ကြားနေရတယ်၊ အခုဝယ်ပြီးတဲ့ အိမ်တွေလည်း တော်တော်များများ ဝယ်ကြတယ်။ တချို့ကတော့ အိမ်မဖျက်သေးတဲ့သူတွေ ရှိတယ်။ တချို့က နေ အိမ်ဖျက်ဖို့ နေရာရှာနေတဲ့သူတွေရှိတယ်ပေါ့။ ပြန်တူးမယ်လို့တော့ ကြားတယ်။ ပြန်တူးမယ်ဆိုတာ တစ်ရွာလုံးနီးနီးပေါ့။ ကြားတာတော့ ဘုန်းကြီးကျောင်းရယ်၊ ဘုရားကျောင်းရယ်၊ စာသင်ကျောင်းရယ် ချန်ခဲ့မယ်လို့တော့ပြောတယ်။ ဟုတ် လားတော့ မသိဘူး၊ တူးမယ်ဆိုရင်တော့ အားလုံး ပါရင်ပါမယ်ပေါ့”
ကုဋေရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်နဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိပြီး အခုအချိန်မှာ ရွာထိပ် ပိုင်းက အိမ်ခြေ ၃၀၀ လောက် ပြောင်းရွှေ့ထားကြရတယ်လို့ သူက ပြောပါတယ်။ နောက် ထပ်ကျန်နေသေးတဲ့ နေအိမ်တွေကိုလည်း လာမယ့် ပွင့်လင်းရာသီမှာ ကုမ္ပဏီတွေက ကျောက်တူးတဲ့အလုပ်တွေပြန်စရင် ပြောင်းရွှေ့ပေးရဖို့ ရှိနေတယ်လို့လည်း သူက ပြော ပါတယ်။
ကျောက်တူးတဲ့လုပ်ငန်းရှင်တွေဟာ အာဏာပိုင်တွေနဲ့ပေါင်းပြီး ရွာက အိမ်နဲ့ ခြံမြေတွေကို ဝယ်ယူ လုပ်ကိုင်ကြတာဖြစ်သလို ရောင်းချဖို့ ငြင်းဆန်တဲ့သူတွေလည်း သူတို့အနီးမှာ စက်ယန္တရားသံတွေနဲ့ ကျောက်ခွဲမိုင်းသံတွေကြောင့် ဆက်လက်နေထိုင်ဖို့ ခက်ခဲစေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
နှစ်ပေါင်း ၃၀ ကျော်ကြာနေထိုင်ခဲ့တဲ့ရွာကို စွန့်ခွာပြီး အခြားတစ်နေရာမှာ နေထိုင်ရမယ် ဆိုတဲ့ ခံစားချက်က သူတို့ကိုဝမ်းနည်းစေတယ်လို့ ကုဋေကျေးရွာက ကိုနော်နော်က ပြောပါတယ်။
“ကုမ္ပဏီတွေ စဝင်လာတော့ ကျတော်တို့ ရွာလည်းပျက်စီးသွားပြီ။ ကျနော်တို့ ရွှေ့ပြောင်းရတော့မယ်ဆိုတဲ့ ခံစားချက်ကတော့ စိတ်တော့မပျော်ဘူးပေါ့၊ အရင်ကတော့ ရေမီးစုံနဲ့ ပျော်ပျော်ရွှင်ရွှင်နေရတယ်၊ အေးအေးဆေးဆေးနေရတယ်။ အခုကျတော့ သူတို့က ရွှေ့ပြောင်းရမယ်၊ မရွှေ့မနေရဆိုတဲ့အခြေအနေကျတော့ ကျနော်တို့တော့ အရင်ကလို ပတ်ဝန်းကျင်လည်း မရနိုင်တော့သလို အရင်ကလို နွေးထွေးမှုကလည်း မရနိုင်တော့ဘူး။ ဒီလိုမျိုး တန်ဖိုးထားပြီး အကြာကြီးနေခဲ့တဲ့နေရာ၊ သံယောဇဉ်တွေကို ကျနော်တို့ ပြန်လည်ပြီး ရရှိဖို့ မလွယ်တော့ဘူးဆိုတဲ့ ခံစားချက်၊ ဝမ်းနည်းချက်တွေ ရှိတယ်။ အဲဒါဆိုတော့ နောက်ထပ်ရွာတွေလည်း ထပ်ဖျက်ဆီးဖို့လည်း အများကြီး မြင်တွေ့နေရတယ်”
လတ်တလောပြောင်းရွှေ့ပေးထားရတဲ့ ဒေသခံတွေဟာ အခြား နီးစပ်တဲ့နေရာတွေမှာ သွားရောက် အခြေအနေချဖို့ ကြိုးစားနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကုဋေကျေးရွာဟာ အရင်က ကုဋေတန်တဲ့ အဖိုးတန်ကျောက်မျက်တွေ ထွက်ရှိခဲ့တာမို့ ကုဋေကျေးရွာလို့ အမည်မှည့်ထားတာပါ။ အခုလည်း ကျောက်ကောင်းတွေ ထွက်ရှိ နေဆဲဖြစ်တာကြောင့် လုပ်ငန်းရှင်တွေက မျက်စိကျပြီး ရတဲ့နည်းလမ်းတွေနဲ့ တူးဖော်ဖို့ ကြိုးစားနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုတူးဖော်ရာမှာလည်း ကုမ္ပဏီနာမည်နဲ့ တူးဖော်တာမဟုတ်ဘဲ စစ်ကောင်စီနဲ့ ကေအိုင်အေ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး တူးဖော်နေကြတာလို့လည်း ပြောကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ငြင်းဆိုပါတယ်။ ဒါတွေဟာ တရားမဝင်ခိုးတူးနေတာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး လိုက်ထိန်းချုပ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ပိုများလာတယ်ဆိုတာ သူ့ဟာသူ တရားမဝင်တိုးတာတွေ ပိုများတယ်၊ သယံဇာ တနဲ့ပတ်သက်ပြီး နိုင်ငံတော်က ချထားတဲ့မူအတိုင်းပဲ။ ခိုးတူးတော့ ဟိုမှာ မြေတွေ ပြိုကြတယ်၊ သေကြတယ်လေ။ အဲ သေတယ်ဆိုရင်လည်း ကျနော်တို့က ချက်ချင်း သွားပြီးတော့ ထောက်ပံ့တယ်။ အစိုးရက နယ်မြေရဲ့အနေအထားနဲ့ အတတ်နိုင်ဆုံး အဲမှာ အကုန်ကြိုးစားပြီးမှ လိုက်ထိန်းနေပါတယ်၊ တချို့လည်း ထိန်းလို့ရတာရှိတာပေါ့”
ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
"ကုမ္ပဏီတွေ စဝင်လာတော့ ကျတော်တို့ ရွာလည်း ပျက်စီးသွားပြီ"
ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးကတော့ ဖားကန့်မှာ တရားမဝင် ကျောက်တူးဖော် မှုတွေကြောင့် ပြောင်းရွှေ့ပေးရတဲ့ရွာတွေဟာ ကုဋေရွာ အပါအဝင် ၁၀ ရွာထက်မနည်းရှိတယ်လို့ ပြောပါတယ်။
“အဲဒါကတော့ ဖားကန့်တစ်ခွင်လုံးပါပဲ။ တစ်နေရာတည်းမှာပဲ မဟုတ်ဘူးလေနော်။ ဖားကန့်တစ်ခွင်လုံးပါပဲ၊ ဒီလုံးခင်းဆိုက်ရော၊ ဖားကန့်ဆိုတာက မှော်မုံ၊ ဖားပြင်၊ ဆဘော့၊ နမ့်မှော် အဲဘက်မှာတွေဖြစ်တယ်။ လုံးခင်းဘက်မှာကျတော့ မှော်ဆီဇာတို့၊ ကဋေရွာတို့၊ ဆွတ်အောင် ပြီးလို့ရှိရင် တော်မှော် ဒါတွေအကုန်လုံးပေါ့။ ရွာတွေ တချို့တလေဆိုရင်တော့ ရွှေ့တဲ့သူလည်း ရွှေ့ကြတယ်ပေါ့။ တချို့ကျတော့ မရွှေ့ ရခင်မှာပဲ ကိုယ့်ရဲ့ အိမ်တွေပြိုသွားတာတွေရှိတာပေါ့နော် ဒါမျိုးတွေလည်း ရှိပါ တယ်လို့”
NLD အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကို ထပ်မံသက်တမ်း တိုးပေးတာမရှိတော့တဲ့ အတွက် ၂၀၂၁ ဇူလိုင်လနောက်ပိုင်း ကုမ္ပဏီတွေအားလုံးဟာ တရားဝင်လုပ်ကိုင်ခွင့် မရှိတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။ ဒါပေမဲ့ ကျောက် တူးဖော်တဲ့ ကုမ္ပဏီတွေဟာ ရတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တူးဖော်နေကြဆဲပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။
အရင်က ဒေသခံတွေဟာ သူတို့ရဲ့ ကျေးရွာအတွက် ရဲရဲဝံ့ဝံ့ကာကွယ်နိုင်ခဲ့ကြပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အကြောက်တရားတွေလွှမ်းမိုးပြီး မကာကွယ်နိုင်ဖြစ်နေ ကြရတာလို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။
“တချို့ရွာတွေက အဲလိုပဲ သယံဇာတ တူးဖော်မှုကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ကျေးရွာ တွေရှိတယ်။ ရှိပေမယ့် အရင်ကလိုပေါ့နော် ပြန်ပြီး တုံ့ပြန်နိုင်တဲ့အခြေအနေမျိုးမရှိဘူး။ အရင်တုန်းကဆိုရင် ဒီရွာသူ၊ ရွာသားတွေက လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ကြတာ၊ လမ်းတွေမှာပိတ်ပြီးတော့ ကားတွေကို တားဆီးခဲ့တာ အရင်တုန်းက ရှိခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ရွာသူရွာသားတွေ လုပ်လည်း မလုပ်ရဲဘူးပေါ့နော်။ လုပ်နိုင်တဲ့ အနေအထားလည်း သူတို့မှာ မရှိဘူးပေါ့ဗျ၊ ဆိုတော့ ပိုပြီးတော့ ခြိမ်း ခြောက်ခံရတယ်ဗျ။ အဓိကက တော့ ပြည်သူတွေရဲ့ အခွင့်အရေးကလည်း အလိုလို အားနည်းသွားတာပေါ့။ အဲဒီအားနည်းသွားတာနဲ့ အမျှ ရွာတွေက ပိုပြီးတော့ ဒါ ခြိမ်းခြောက်ခံနေရတာ"
တိုင်းပြည်မငြိမ်းချမ်းသေးတဲ့အချိန်မှာ ကျောက်တူးဖော်မှုတွေကို ရပ်တန့်ထားနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းသင့်ပြီး တိုင်းပြည်ငြိမ်းချမ်းပြီး တိကျတဲ့ သယံဇာတဆိုင်ရာမူဝါဒတွေနဲ့ တရားဥပဒေ စိုးမိုးမှုတွေ ရှိလာချိန်မှ တူးဖော်မှု တွေကို စနစ်တကျလုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။
အခုလိုအချိန်မှာ သယံဇာတ တူးဖော်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လုပ်နေတာဟာ ဒေသအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများတယ်လို့လည်း သူက ထောက်ပြ ပါတယ်။
ဖားကန့်ဒေသမှာ ကျောက်တူးဖော်မှုတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားခဲ့ တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရားမဝင်ကျောက်တူးဖော်မှု တွေကို နေ့ရောညပါ လုပ်ဆောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။