တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ အလုပ်သမားနှစ်ရာကျော် ဆက်လက်ဆန္ဒပြ
2024.11.15

[Update: 5: 45 PM, Nov 15, 2024]
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ချားရစ်ခ် (CHARIS COMPANY LIMITED ) ပန်းပုစက်ရုံမှာ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား ၁၄ ဦးကို အလုပ်ပြန်ခန့်ဖို့အပါအဝင် အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရှိရေးအတွက် စက်ရုံအလုပ်သမား နှစ်ရာကျော်က နိုဝင်ဘာလ ၁၅ ရက် ဒီနေ့မှာ ဆယ်ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြတောင်းဆိုနေကြပါတယ်။
အလုပ်သမားတွေက အချက် ၁၇ ချက်ကို တောင်းဆိုထားကြပြီး အဲဒီအထဲမှာ အမျိုးသမီးအလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ညွှန်ကြားရေးမှူးကို လုပ်ငန်းခွင်က ထုတ်ပယ်ပေးဖို့၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ စတာတွေ ပါဝင်ပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့က စက်ရုံကပေးရမဲ့ ဆုကြေးကို မပေးနိုင်တာကြောင့် အချိန်ပိုမဆင်းနိုင်ဘူးဆိုပြီး ပြန်ကြတဲ့ အလုပ်သမားတွေထဲက အမျိုးသမီး နှစ်ဦးကို တရုတ်နိုင်ငံသား စက်ရုံညွှန်ကြားရေးမှူးက ကိုယ်ထိလက်ရောက်ကျူးလွန်တာကနေ စပြီး ဆန္ဒပြပွဲ ဖြစ်လာတာပါ။
"ကျွန်မတို့ကတော့ အလုပ်သမားကလေးတွေကို ရုံးမှာရော၊ စက်ရုံမှာရော ညှိပေးတယ်၊ အဆင်မပြေတဲ့အတွက် ဥပဒေအတိုင်းပဲ မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးရုံးကိုတိုင်ဖို့ပဲ ပြောထားပါတယ်"
ဒီကိစ္စကို စက်ရုံအလုပ်သမားတွေက ဖြေရှင်းပေးဖို့ တောင်းဆိုကြပေမဲ့ မပြေလည်တဲ့အတွက် စက်ရုံဝန်ထမ်း ငါးရာကျော်ရှိတဲ့ထဲ အားလုံးနီးပါး နိုဝင်ဘာ ၆ ရက်နေ့မှာ စတင်ဆန္ဒပြကြပါတယ်။
စက်ရုံဘက်ကတော့ ဆန္ဒပြတဲ့ ဒုတိယရက်ဖြစ်တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာပဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့ အမျိုးသမီးအလုပ်သမားနှစ်ဦးပါအဝင် အလုပ်သမား ၁၄ ဦးကို အလုပ်ထုတ်ပယ်လိုက်တာပါ။
အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတစ်ဦးကတော့ အမျိုးသမီးအလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ ပြောပါတယ်။
“မြန်မာအမျိုးသမီးနှစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးတော့ သူ့အပြစ်ကိုဖုံးကွယ်ပြီးတော့ မိန်းကလေးနှစ်ယောက်ကို အပြစ်ပုံချတာပေါ့နော်၊ အပြစ်ပုံချတယ်၊ လက်မှတ်တွေထိုးခိုင်းတယ်။ နောက်ဆုံး အလုပ်ထုတ်တဲ့အဆင့်ပါ ရောက်သွားတယ်။ ကောင်မလေးနှစ်ယောက်ကို အပြစ်ပေးပြီး သူ့အပြစ်ကျ ဖုံးကွယ်ထားတယ်။ သူ့ကို ကျွန်တော်တို့ဘက်က ထိထိရောက်ရောက် ပြန်ပြီးတော့ အရေးယူချင်တယ်"
ဆန္ဒပြလေးရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ ဆန္ဒဆက်ပြနေရင် အလုပ်ထုတ်မယ်လို့ စက်ရုံက ပြောတဲ့အတွက် အလုပ်သမား သုံးရာနီးပါးက လုပ်ငန်းခွင်ပြန်ဝင်သွားကြပြီး ကျန်တဲ့ အလုပ်သမား နှစ်ရာကျော်က ဆန္ဒ ဆက်ပြနေကြတာပါ။
အလုပ်သမားတွေ တောင်းဆိုတာမပေးတဲ့အပြင် ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေကိုပါ တရားစွဲမယ်ဆိုပြီး စက်ရုံထဲမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ကြေညာစာကပ်ထားတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ချားရစ်ခ်စက်ရုံ (CHARIS COMPANY LIMITED ) တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီရဲ့ အလုပ်ရုံနဲ့ အလုပ်သမား အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်တို့ကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
လှိုင်သာယာက မြို့နယ်အဆင့် အလုပ်သမားဆက်ဆံရေးဦးစီးဌာနရုံးကတော့ ဒီကိစ္စကို ညှိနှိုင်းပေးပေမဲ့ မပြေလည်တဲ့အတွက်ကြောင့် မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးရုံးကို ဆက်တင်ပြဖို့ တိုက်တွန်ထားတယ်လို့ အလုပ်သမားဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျွန်မတို့ကတော့ အလုပ်သမားကလေးတွေကို ရုံး (အလုပ်သမားဆက်ဆံဦးစီးဌာနရုံး) မှာရော၊ စက်ရုံမှာ ရော ညှိပေးတယ်၊ အဆင်မပြေတဲ့အတွက် ဥပဒေအတိုင်းပဲ မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးရုံးကိုတိုင်ဖို့ပဲ ပြောထားပါတယ်"
အလုပ်သမားတွေဘက်ကတော့ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ကို အကူအညီတောင်းထားသလို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကိုလည်း တိုင်စာပို့ထားတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အရေးယူပေးဖို့ အလုပ်သမား ရာချီ ဆန္ဒပြတောင်းဆို
ရန်ကုန် စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာ
နစ်နာကြေးမပေးတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံကို ILO ထံတိုင်မည်
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားနေဆဲကာလမှာပဲ အလုပ်ရှင်ဘက်က အလုပ်ထုတ်လိုက်တာကြောင့် ဥပေဒေပါ အခွင့်အရေးတွေကို ဆုံးရှုံးနေရတယ်လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“နစ်နာကြေးနဲ့ လျော်ကြေးကရောဆိုတော့ အဲဒါ သူတို့(အလုပ်ရှင်)က တရားဥပဒေအတိုင်း ဆက်သွားမယ်တဲ့။ တောင်းဆိုမှုက ကျပ်ငွေ ငါးဆယ်တောင်မပေးနိုင်ဘူးလို့ ပြောတယ်တဲ့သူဌေးမက။ တောင်းဆိုမှုကာလမှာ အလုပ်ထုတ်ခံလိုက်ရတာလေ၊ တောင်းဆိုမှုကာလမှာ အလုပ်ထုတ်ခွင့်မရှိဘူးဆိုတာလည်း ဥပဒေထဲမှာပါတဲ့ အတိုင်း လူကြီးတွေက ပြောပြထားတယ်”
ဆန္ဒပြအလုပ်သမားတွေက သူတို့တောင်းဆိုထားတဲ့ အချက် ၁၇ ချက်ကိုရရှိအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ပြောကြပါတယ်။
အာဏာသိမ်းကာလမှာ မြန်မာနိုင်ငံ စီးပွားရေးထိုးကျလို့ ငွေကြေးဖောင်းပွပြီး စားဝတ်နေရေးကျပ်တည်းလာတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို စက်ရုံပိုင်ရှင်တွေ၊ အလုပ်သမား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းတွေက ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေအပြင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတာ၊ အကြမ်းဖက်ခံရတာတွေ လည်း ပိုများလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။