ပုံစံ မပြတ်ပြောင်းနေတဲ့ တုပ်ကွေးဗိုင်းရပ်စ်
2019.06.20

H1N1 ဟာ ဗိုင်းရပ်စ်တွေ အသွင်ပြောင်းပြီး ရာသီတုပ်ကွေးအသွင် ဖြစ်လာတာမို့ နောင်မှာ ဘယ်လို ဗိုင်းရပ်စ်အသစ်တွေ ပေါ်လာမလဲဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် မပြတ်စောင့်ကြည့်ပြီး ကာကွယ်ဆေးသစ်ထုတ်ဖို့လိုတယ်လို့ ပညာရှင်က ပြောပါတယ်။
အနောက်တိုင်းမှာ ဆောင်းရာသီရောက်ရင် တုပ်ကွေးဖြစ်တတ်ပြီး အပူပိုင်းဒေသတွေမှာ မိုးရာသီမှာ တုပ်ကွေးဖြစ်တတ်တယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် သွေးလွန်တုပ်ကွေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ကြေညာတဲ့ H1N1 ရာသီတုပ်ကွေးဖြစ်ပွားလို့ လူအသေအပျောက်လည်း ရှိနေပါတယ်။
ရာသီလိုက်ဖြစ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်အမျိုးအစားကို A, B, C, D ရယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေးမျိုး သတ်မှတ်ထားပြီး A နဲ့ B ဗိုင်းရပ်စ်ဟာ တဆင့်ကတဆင့် ရာသီအလိုက် ကူးစက်ပြန့်ပွားတဲ့ရောဂါ ဖြစ်ပါတယ်။ ခုဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးဟာ လူသားကြားပျံ့နေတဲ့ တုပ်ကွေးဖြစ်ပြီး စာနဲ့ရေးသားတဲ့အခါ H1N1 ကို ကွင်းစကွင်းပိတ်နဲ့ A (H1N1 ) လို့ ရေးပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ရောဂါပြန့်ပွားတဲ့အတွက် A(H1N1 ) pmd 09 လို့လည်း ရေးပါတယ်။ pmd ဟာ pandemic အတိုကောက်ဖြစ်ပြီး ကူးစက်ရောဂါလို့ အဓိပ္ပာယ်ရပါတယ်။ မိုးရာသီမှာ မိုးမိလို့ ဒါမှမဟုတ် မိုးအေးလို့ အအေးမိတဲ့အခါ နှာစေးချောင်းဆိုးတာဟာ အအေးမိတာ သက်သက်ဖြစ်ပြီး တုပ်ကွေးက အဖျားပါတက်တယ်လို့ WHO ထိုးဆေးဌာန ကျွမ်းကျင်သူပညာရှင် ဒေါက်တာ Martin Friede က ပြောတာပါ။
ပထမကမ္ဘာစစ်ကြောင့် သေဆုံးရတာထက် လူပိုသေဆုံးခဲ့ရတဲ့ ၁၉၁၈ မှာ ဖြစ်ပွားခဲ့တဲ့ H1N1 ဝက်တုပ်ကွေးဟာ မနှစ်က အနှစ်တရာတိုင်သွားချိန်မှာ လုံးဝပပျောက်မသွားတဲ့အပြင် ဗိုင်းရပ်စ်ပုံစံတွေ ပြောင်းပြောင်းနေပါတယ်။ အရင်က ဝက်နဲ့ ထိတွေ့တဲ့အတွက် ဖြစ်ပွားတာမို့ ဝက်တုပ်ကွေးလို့ ခေါ်တွင်ခဲ့ပေမယ့် ခုဆိုရင် ဝက်နဲ့ တခါမှ မထိတွေ့ဖူးသူတွေလည်း လူကလူဆီ ကူးစက်တဲ့ ရာသီတုပ်ကွေး အသွင်ပြောင်းသွားပါတယ်။
H1N1 အနှစ်တရာပြည့်တဲ့ မနှစ်က ရာသီတုပ်ကွေးအကြောင်း facebook လူမှုကွန်ရက်ကတဆင့် အမေး-အဖြေတိုက်ရိုက်လွှင့်ချိန်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ ဒေါက်တာ Martin Friede က
တုပ်ကွေးဗိုင်းရပ်စ်က အမြဲမပြတ်ပြောင်းနေပါတယ်။ ငှက်ကနေ ဝက်ဆီ ရောက်သွားပါတယ်။ ဝက်ကနေလူကို ရောက်လာပြီး ဗိုင်းရပ်စ်ပုံစံက စဉ်ဆက်မပြတ်ပြောင်းနေပါတယ်။ တချိန်မှာ လူကနေ လူဆီရောက်လာတဲ့ ဗိုင်းရပ်စ်ပုံစံဖြစ်လာပါတယ်။ ဒါကြောင့် ဘယ်လို ဗိုင်းရပ်ပုံစံပြောင်းလာ မလဲဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ကမ္ဘာ့လူသားတွေအဖို့ အင်မတန်အန္တရာယ်ရှိပါတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီလ ၁၉ ရက်မှာ ရန်ကုန်တိုင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ H1N1 ရာသီတုပ်ကွေးကြောင့် အထိတ်တလန့်ဖြစ်စရာမလိုဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူ ပြောတဲ့အတိုင်းဆောင်ရန်၊ ရှောင်ရန်တွေနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးပြီး ကူးစက်မခံရအောင် ကြိုးစားနိုင်ပါတယ်။ လူကြားသူကြား နှာချေ ချောင်းဆိုးတဲ့အခါ ကာချေ၊ ကာဆိုးဖို့၊ တစ်ရှူးသုံးဖို့၊ လူမအီမသာဖြစ်လာရင် လူထူထပ်တဲ့နေရာရှောင်ဖို့၊ လက်မှန်မှန်ဆေးဖို့၊ နေမကောင်းတဲ့လူနား မနေဖို့၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် မကိုင်ဖို့ စတာတွေကို WHO ကလည်း နှိုးဆော်ထားပါတယ်။
တနှစ်တခါ တုပ်ကွေးကာကွယ်ဆေးထိုးပေမယ့် လူတွေကို ခရီးမသွားဖို့ မတားနိုင်တဲ့အတွက် H1N1 ရှိနေတဲ့ ခရီးသွားတယောက်ဆီကနေ တခြားလူတွေကို ကူးစက်နိုင်ပြန်ပါတယ်။ ဗိုင်းရပ်စ်ပုံစံတွေက အမြဲပြောင်းနေတာမို့ WHO ထိုးဆေးဌာန ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာ Martin Friede က ဗိုင်းရပ်စ်ပုံစံသစ်ပေါ်လာသလား။ အဲဒီ ဗိုင်းရပ်စ်ဟာ လူကလူကို ကူးသလားဆိုတာ မပြတ်စောင့်ကြည့်ဖို့လိုပြီး ဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ထိုးဆေး ထုတ်လုပ်ဖို့ အသင့်လုပ်ထားရပါတယ်လို့ ပြောပါတယ်။ ကာကွယ်ဆေးဆိုတာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေ၊ အသက်ကြီးသူတွေအတွက် ခုထိုးပေးနေတဲ့ ထိုးဆေးသက်သက် ထုတ်လုပ်ဖို့ မဟုတ်ပါဘူး၊ လူတိုင်းအတွက်ပါ။ ဘာလို့ဆို ကူးစက်ရောဂါဟာ လူသားတိုင်းအတွက် အန္တရာယ်ရှိတာမို့ပါလို့လည်း တဆက်တည်းပြောပါတယ်။
(RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် စုစည်းတင်ပြသည်)