ဝက်တုပ်ကွေးမဟုတ်တဲ့ H1N1 ရာသီတုပ်ကွေး


2019.06.19
h1n1-mask-622.jpg H1N1 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းတပ်ထားသူတွေကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရာသီတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး၊ ဗိုင်းရပ်စ်တုပ်ကွေး စတဲ့တုပ်ကွေးထဲက H1N1 ရာသီတုပ်ကွေးရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဒီဇွန်လထဲ လူ သုံးယာက်သေဆုံးရပြီး ကူးစက်ခံရတဲ့ လူ ခုနှစ်ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

H5N1  ဟာ ကြက်ငှက်တုပ်ကွေးဖြစ်ပြီး  H1N1 ရာသီတုပ်ကွေးဟာ ချောင်းဆိုး၊ အဖျားတက်၊ လည်ချောင်းနာ၊ နှာရည်ယို၊ ကိုယ်လက်ကိုက်ခဲ၊ ခေါင်းကိုက်၊ အေးစိမ့်စိမ့်ဖြစ်၊ မောပန်းနွမ်းနယ်တဲ့ ရောဂါလက္ခဏာတွေ အပြင် အဆုတ်ယောင်နဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားပါတယ်။

၂ဝ၁၇ တုန်းကလည်း H1N1 ကြောင့် မြန်မာနိုင်ငံမှာ လူအသေအပျောက်ရှိခဲ့ပေမယ့် အထိတ်တလန့်ဖြစ်စရာ မလိုဘူးလို့ ရန်ကုန်တိုင်း၊ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုူးချုပ် ဒေါက်တာထွန်းမြင့်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ နှာခေါင်းပါးစပ်ပိတ်ပြီး နှာချေ ချောင်းဆိုးကြဖို့၊ အိပ်ရေးဝဝအိပ်ဖို့၊ ရေများများသောက်ဖို့၊ လူသူထူထပ်တဲ့နေရာရှောင်ဖို့ အကြံပေးပါတယ်။

ကမ္ဘာမှာ ၁၉၁၈ ကနေ ၁၉၂ဝ ထိ   H1N1 တုပ်ကွေးရောဂါကပ်ဆိုက်ခဲ့ချိန်က တကမ္ဘာလုံးက လူ သန်း ၅ဝဝ က ၈ဝဝ ထိ ကူးစက်ပြီး လူ သန်း ၅ဝ က ၁ဝဝ ထိ သေဆုံးခဲ့ရပါတယ်။  H1N1 ဟာ ဝက်ကတဆင့်ကူးစက်တဲ့အတွက် ဝက်တုပ်ကွေးလို့ သတ်မှတ်ပေမယ့် ရန်ကုန်မှာ ခု ဖြစ်ပွားတာက ရာသီတုပ်ကွေးပဲ ဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဝက်တုပ်ကွေးလို့ ခေါ်တာကလည်း အရင်ကဖြစ်ရပ်တွေမှာ ဝက်နဲ့တိုက်ရိုက်ထိတွေ့တဲ့အတွက် ရောဂါရတာ ဖြစ်ပြီး အဲဒီပုံစံမျိုးက လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ပြောင်းလဲသွားတယ်လို့ ပြောပါတယ်။ ပြောရရင် ဗိုင်းရပ်စ် ပုံစံပြောင်းသွားပြီး  ဝက်နားလည်းမနေ၊ ဝက်နဲ့ တိုက်ရိုက် မထိတွေ့ဖူးတဲ့ လူတွေကြား ပျံ့နှံ့တဲ့ တုပ်ကွေးလို့ဆိုပါတယ်။

၂ဝဝ၉ မှာ တကမ္ဘာလုံးပျံ့လာပြီး Flu shot ဆိုတဲ့ တုပ်ကွေးကာကွယ်ဆေး တနှစ်တခါ ထိုးပြီး ဒီရောဂါကို ကမ္ဘာမှာ ကာကွယ်ကြပါတယ်။ အသက် ၅ နှစ်အောက် ကလေးတွေ၊ ၆၅ နှစ်အထက်လူကြီးတွေ၊  ကိုယ်ဝန်ဆောင်တွေ အဆုတ် ၊နှလုံး၊အသည်း၊ သွေး၊ အာရုံကြော၊ ကြွက်သား နဲ့ ဆီးချိုလို ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းဝေဒနာရှိသူတွေ၊ နာတာရှည်ဝေဒနာရှင်တွေ ဖြစ်ဖို့ လွယ်ကူတယ်လို့ပြောပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို နိုင်တဲ့ Tamiflu လို Rapivab လို ဆေးဝါးတွေက ကုသဖို့ အထောက်အကူဖြစ်ပေမယ့် ပဋိဇီဝဆေးတွေနဲ့တော့ ကုသလို့ မရဘူးလို့ ပြောပါတယ်။

(RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။