အာဏာရှင်တိုက်ပွဲက အရေးကြီးတဲ့ ပြောက်ကျားစစ်
2021.05.06
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲဖြစ်ပွားလာတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေက စာသင်ခန်းထဲနေရမယ့် လူငယ်တွေ၊ အကြမ်းမဖက်တဲ့နည်းနဲ့ မတရားမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဝန်ထမ်းတွေ လက်နက်ကိုင်မယ့်လမ်းကို ရွေးချယ်ဖို့ တွန်းပို့လိုက်ပါတယ်။
စစ်ဖြစ်တယ်ဆိုရင် ဘယ်စစ်မှမကောင်းဘဲ မလွှဲမရှောင်သာလို့ဖြစ်ရင် လက်နက်မဲ့ပြည်သူတွေ၊ အပြစ်မဲ့ ပြည်သူတွေပဲ ဓားစာခံဖြစ်ရပေမဲ့ ကွယ်လွန်သူစာရေးဆရာမကြီး လူထုဒေါ်အမာနဲ့ နိုင်ငံရေး လေ့လာသူတွေ က စစ်အာဏာရှင်ဆိုတာ စစ်နဲ့ပဲဆင်းရရိုးထုံးစံရှိတယ်လို့ သုံးသပ်တဲ့အတိုင်း အရင်းအနှီးကြီးတဲ့လမ်းကို လူငယ်တွေ ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်နေတဲ့ Generation Z မျိုးဆက်ကိုဉာဏ်လင်းအောင်ရဲ့ ရည်မှန်း ချက်ကလည်း စစ်အာဏာရှင်ကျဆုံးရေးပဲ ဖြစ်ပါတယ်။
Global Firepower ဆိုတဲ့ ကမ္ဘာ့စစ်အင်အားညွှန်းကိန်းအရ ၂၀၂၁ မှာ မြန်မာစစ်တပ်ဟာ နိုင်ငံ ၁၄၀ အနက် အဆင့် ၃၈ မှာရှိပါတယ်။ ဒီလို အင်အားကြီးတဲ့ စစ်တပ်ကို လက်နက်တခါမှ မကိုင်ဖူးတဲ့ စစ်သင်တန်းဆင်းစ လူငယ်တွေက Conventional War သမားရိုးကျစစ်ပွဲမသုံးဘဲ Guerrilla War ပြောက်ကျားစစ်နဲ့ တိုက်ရမယ့် သဘောရှိပါတယ်။ မိမိဘက်က အကျအဆုံးအနည်းဆုံးနဲ့ ရန်သူ့အင်အားကြီးတပ်က ကြီးကြီးမားမားဆုံး ရှုံးအောင် တိုက်တဲ့နည်းက ပြောက်ကျားစစ်ပဲဖြစ်ပါတယ်။ အင်အားနည်းပေမဲ့ ပြောက်ကျားစစ်နဲ့ တိုက်ပွဲတွေ အောင်နိုင်ခဲ့ နိုင်ငံတွေလွတ်မြောက်ခဲ့တဲ့ သာဓကတွေလည်း ရှိတာပါ။
ဒါကို တရုတ်နိုင်ငံမှာနေထိုင်နေတဲ့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မငြင်းပါဘူး၊ တရုတ်နိုင်ငံ မှာ ကူမင်တန်တပ်တွေကို ပြောက်ကျားစစ်နဲ့ပဲ တိုက်တာလို့ ပြောပါတယ်။ မိမိထက်အင်အားကြီးမားသာ လွန်တဲ့ တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်တဲ့အခါ ပြောက်ကျားစစ်ကို အသုံးပြုကြပါတယ်။ အထူးသဖြင့် စစ်အင် အားကြီးမားတဲ့ နိုင်ငံကြီးနဲ့ စစ်အင်အားနိမ့်ပါးတဲ့နိုင်ငံတွေဖြစ်တဲ့ စစ်ပွဲတွေမှာ စစ်ရေးအင်အားနည်းတဲ့ နိုင်ငံကတပ်တွေ၊ စစ်အုပ်စုတွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ပါတယ်။
နယ်စပ်တနေရာမှာ Generation Z မျိုးဆက် ကိုဉာဏ်လင်းအောင်လို ပြည်တွင်းကရောက်လာတဲ့ လူငယ် တွေကို KNU ကရင်အမျိုးသား အစည်းအရုံးက စစ်သင်တန်းပို့ချနေတာ CNN သတင်းဌာနက ဖော်ပြပါတယ်။ ဒေါက်တာလှကျော်ဇော အမြင်ကတော့ တတ်နိုင်သမျှ သိုသိုသိတ်သိတ်နဲ့ မြို့ပြပြောက်ကျားတွေနဲ့ ပေါင်းစပ် လုပ်ရမယ်။ ကိုယ်ကအင်အားနည်းတော့ ပြောက်ကျားစစ်ပဲလုပ်ရမယ်လို့ ဆိုပါတယ်။
စစ်ပွဲ အမျိုးအစားအကြမ်းဖျင်း ၇ မျိုးရှိပြီး Conventional War သမားရိုးကျ စစ်ပွဲ၊ Unconventional War သမားရိုးကျ မဟုတ်တဲ့ စစ်ပွဲ၊ Guerrilla War ပြောက်ကျားစစ်၊ Counter-guerrilla War တန်ပြန်ပြောက်ကျား စစ်၊ Civil War ပြည်တွင်းစစ်၊ Rebellion and Revolution ပုန်ကန်ထကြွမှု / တော်လှန်ရေးစစ်ပွဲ၊ Low-intensity warfare မပြင်းထန်တဲ့ စစ်ဆူ/ စစ်ပူအခြေအနေ စတာတွေရှိပါတယ်။
ပြောက်ကျားစစ်ဆိုတာ ရှေးရိုးလိုက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပုံမှန်မဟုတ်ဘဲ လူနည်းနည်းနဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားတိုက်ခိုက်တဲ့နည်းလို့ Britannica စွယ်စုံကျမ်းက အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ တခါတရံ ပြိုင်ဘက် ပုန်ကန်ခြားနားတဲ့တပ်ဖွဲ့ကို အင်အားပိုကြီးတဲ့ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာတရပ်နဲ့ ဆက်စပ်လို့ဒါမှမဟုတ် သူ့မှီခိုလိုဖြစ်ဖြစ် တိုက်တာလို့လည်း ဖော်ပြပါတယ်။ ပြောက်ကျားစစ်ဆင်နွှဲတဲ့လူတွေကို သူပုန်တွေ။ သောင်းကျန်းသူတွေ ကြေးစားတွေလို့ ရာစုနှစ်တွေချီပြီး သမုတ်ပါတယ်။
ပြောက်ကျားစစ်ဒဏ် အလူးအလဲခံရလို့ စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့ တပ်မှူးတွေကလည်း ပြောက်ကျား တပ်သားတွေကို ကလေကချေတွေ၊ အကြမ်းဖက်သမားတွေ၊ အရိုင်းအစိုင်းတွေ တောပုန်းဓားပြတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ လူတွေ၊ ဝရမ်းပြေးတွေ၊ ဓားပြတွေလို့ အမျက်ဒေါသနဲ့ အမြဲသမုတ်ပါတယ်။
တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နဲ့ အုပ်ချုပ်ရေးစွမ်းရည်နဲ့ ပြည့်စုံတယ်ဆိုတဲ့ မြန်မာစစ်တပ်ကို ဒေါက်တာလှကျော်ဇောက ငြိမ်းချမ်းရေး ယူထားတာ ဆယ်စုနှစ်တွေချီနေတော့ တိုက်ခိုက်ရေးစွမ်းအင်ကျ နေတယ်၊ အရာရှိတွေဟာ တိုက်ရေးခိုက်ရေးထက် စီးပွားရေးဘက်သန်ပြီး လက်နက်ကောင်းတွေနဲ့ လက်နက်ပဲ အားကိုးတယ်လို့ ရှုမြင်ပါတယ်။ လက်နက်သာ အားကိုးတတ်ပြီး စီးပွားရေးလုပ်တဲ့တပ်က တပ်သားတွေ စိတ်ဓာတ်နဲ့ တပ်မှူးတွေက အကြမ်းဖက်သမားတွေလို့ သမုတ်တဲ့ ပြောက်ကျား တပ်သားတွေ စိတ်ဓာတ်ချင်းကမတူပါဘူး၊ ပြောက်ကျားတပ်သားတွေကို ဘယ်လိုပဲခေါ်ဝေါ်ဝေါ် သမုတ်သည်ဖြစ်စေ သမိုင်းတလျှောက် ပြောက်ကျားစစ်ဟာ ပုံစံအမျိုးမျိုးနဲ့ အရေးပါတယ်လို့ Britannica စွယ်စုံကျမ်းက ဖော်ပြပါတယ်။