ဝန်ထမ်းများ ရခိုင်ဒေသခရီးသွားခွင့်ကို အစိုးရ တင်းကျပ်
2020.01.03
ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေအနေနဲ့ ကုန်းလမ်းနဲ့ ရေလမ်းခရီးတွေ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
ရက္ခိုင့်တပ်တော် AA ကလည်း ခရီးသွားလာမယ်ဆိုရင် သူတို့ကို အသိပေးပြီးမှ သွားလာကြဖို့ ပြောဆို ထားပါတယ်။
ရခိုင်ဒေသအတွင်း ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ခရီးသွားလာမယ့် အစိုးရဝန်ထမ်းတွေကို သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကပြီး ခဲ့တဲ့လပိုင်းက ထုတ်ပြန်ညွှန်ကြားထားပါတယ်။
AA အဖွဲ့က အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးလာတာကြောင့် နေပြည်တော်က အခုလို ညွှန်ကြားထားတာဖြစ်ပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်အစိုးရဆီကို တင်ပြပြီးနောက် လုံခြုံရေးအဖွဲ့တွေကို သတင်းပို့ပြီးမှာ သွားရောက်ရမှာဖြစ်တယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က RFA ကို ပြောပါတယ်။
“ပြည်ထောင်စုကနေ ညွှန်ကြားချက်ရှိတယ်။ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်အစိုးရဆီ တင်ပြ ပြည်နယ်အစိုးရကနေမှ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ သတင်းပို့၊ ပြော၊ စီစဉ်ပေါ့၊ အဲဒီကနေ ဆက်သွားပေါ့။ အဓိကကတော့ ဝန်ထမ်းတွေ တချို့ဟာက သူဟာသူ မသိလိုက် မသိဘာသာ ထွက်သွားလို့ရှိရင် တစ်ခုခုဖြစ်မှာစိုးလို့လေ။ အဲဒီတော့ ဝန်ထမ်းတွေက ဒီက စီစဉ်တဲ့ဟာနဲ့ပဲသွား။ တပ်မတော် ဇက်သင်္ဘောတွေနဲ့ သွားတာတွေရှိတယ်။ ရဟတ်ယာဉ်နဲ့ပို့တာတွေရှိတယ်။ လမ်းကြောင်းပေါ်မှာ မူတည်ပြီးတော့ ပို့လို့ရသလို ပို့တာပေါ့နော်။”
အစိုးရဝန်ထမ်းတွေ လက်မှတ်လာဝယ်ရင် သက်ဆိုင်ရာဌာနခွင့်ပြုချက်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဆီ တင်ပြခွင့်ပြုချက် တောင်းခံပြီးမှာသာ လက်မှတ် ရောင်းချပေးတာဖြစ်တယ်လို့ ပြည်တွင်းရေကြောင်းဦးစီးဌာန ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ပြောပါတယ်။
“ဒီနယ်လုံဝန်ကြီးဌာနကနေ ပြီးတော့မှ ဝန်ထမ်းတွေ ခရီးသွားတဲ့အခါမှာ ခွင့်ပြုချက်ရယူပြီးမှ သွားရောက် ကြဖို့ဆိုပြီး အဲလို စာထွက်ထားတာရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကတည်းက ထုတ်ထားတာပါ။ ကျွန်တော်တို့က ဝန်ထမ်းမှန်းသိလို့ရှိရင် သက်ဆိုင်ရာခွင့်ပြုချက် နောက်ပြီးတော့မှ နယ်လုံဝန်ကြီးဆီမှာ တင်ပြ ခွင့်ပြုချက် တောင်းပြီးပြီလား အဲဒီလို မေးပြီးတော့မှ ကျွန်တော်တို့ လက်မှတ်ရောင်းတာပါ။”
ပြီးခဲ့တဲ့ ရက်ပိုင်းက အောင်တံခွန်ရေယာဉ်ပေါ် လိုက်ပါလာတဲ့ ကုန်လမ်းပို့ဆောင်ရေး(ကပရ) ယာဉ်မောင်း ဝန်ထမ်း ၁၆ ဦးကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ စစ်ဘက်နဲ့ တိုက်ရိုက်သက်ဆိုင်သူတွေ မဟုတ်တာ ကြောင့် ပြန်လည်လွှတ်ပေးခဲ့သလို ခရီးသွားမယ်ဆိုရင် ရက္ခိုင့်တပ်တော်ကို အသိပေးပြီးမှ သွားလာ ရမယ်လို့လည်း ပြောဆိုထားပါတယ်။
AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက
“အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေပေါ့ဗျာ ။ အဲဒီမှာ ခရီးသွားကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကို အကြောင်းကြားပြီးမှ သွားလာကြဖို့အတွက် ထုတ်ပြန်ထားတာရှိတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ရအောင်ပေါ့ဗျာ၊ တိုက်ပွဲဆိုတာ ဘယ်အချိန်ထဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ၊ စစ်ဖြစ်နေတာဆိုတော့ အဲဒါကြောင့်မို့လို့ တချို့နေရာတွေမှာ လိုအပ်လို့ရှိရင် ကျွန်တော်တို့က အကောင်းဆုံး အကာအကွယ်ပေးလို့ရအောင် အဲလိုမျိုးရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ထုတ်ပြန်ထားတာ ဖြစ်တယ်။” လို့ပြောပါတယ်
အခုလို နှစ်ဘက် တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ အမြဲ ကျီးလန့်စာစားဘဝနဲ့ သွားလာနေထိုင်ရတဲ့ အခြေအနေတွေရှိနေပြီး သွားရေးလာရေးအတွက် နှစ်ဘက်ကို သတင်းပို့ သွားနေရတယ်ဆိုတော့ ပြည်သူတွေ အခက်အခဲရှိတယ်လို့ ဘူးသီးတောင်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
“ဒါတွေကတော့ သူတို့ နှစ်ဘက်တိုက်ပွဲဖြစ်နေတဲ့ အချိန်အခါမှာ ကျွန်တော်တို့ ပြည်သူကတော့ အမြဲတမ်း ကျီးလန့်စာစားဘဝနဲ့ သွားလာနေထိုင်နေရတဲ့ အခြေအနေတွေရှိပါတယ်။ ညမထွက်ရ အမိန့်တွေ ထုတ်ထားတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ လွတ်လပ်မှုမရှိဘူး။ နောက်တစ်ခုက ကျွန်တော်တို့ သွားရေးလာရေးမှာလည်း နှစ်ဘက်ကို သတင်းပို့ပြီး သွားနေရတယ်ဆိုတော့ ကျွန်တော်တို့ အခက်အခဲရှိနေတာပေါ့ ပြည်သူလူထုတွေအနေနဲ့လေ”
ရခိုင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းနေရင် ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ဆက်ရင်နေဦးမှာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်လွှတ်မြောက်လာတာ မရှိသေးပါဘူး။
၂၀၁၉ နိုဝင်ဘာလ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ AA အဖွဲ့က ထိန်းသိမ်းထားသူ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း ၁၇ ဦးလို့ပါရှိပါတယ်။
အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်ဘက်မှာ တပ်မတော်ဘက်က ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးဟာ လက်နက်ချ အညံ့ခံလာလို့ ထိန်းသိမ်းထားကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူ ၄၀ လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
AA အဖွဲ့ကတော့ အရေအတွက် စုစုပေါင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
AA က ဖမ်းဆီးထားသူတွေနဲ့ တပ်မတော်က AA နဲ့ ပတ်သက်တယ်ဆိုပြီး ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထားတဲ့ အရပ်သားတွေကို သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ ပြောဆိုထားပေမယ့် အစိုးရနဲ့ တပ်မတော်ဘက်က လက်မခံနိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
ရခိုင်ဒေသမှာ တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်လာနေပြီး AA ဘက်ကလည်း တပ်နဲ့ ဆက်စပ်မှုရှိတယ်၊ အစိုးရသတင်းပေး ဖြစ်တယ် ဆိုတဲ့ သံသယနဲ့ လူအများအပြားကို ဖမ်းဆီးသလို တပ်မတော်ကလည်း AA အဖွဲ့နဲ့ သက်ဆိုင်တယ်လို့ ယူဆရသူတွေကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၁၁ လ အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုပေါင်း ၄၈ မှုရှိပြီး စွပ်စွဲခံထားရသူ အရေအတွက်ကတော့ ၅၀၀ လောက် ရှိတယ်လို့ စစ်တွေမြို့ အခြေစိုက် သဇင်-ဥပဒေ အထောက်အကူပြုအဖွဲ့က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။