ရွှေတိဂုံဘုရားကို ကွယ်နေတဲ့ အထပ်မြင့် အဆောက်အဦးတွေကို အစိုးရစိစစ်မည်
2015.02.08
ရန်ကုန်မြို့မှာ အရင်က တပ်ပိုင်မြေတွေမှာ အထပ်မြင့်အဆောက်အဦးဆောက်လုပ်ဖို့ ပြင်ဆင်ခဲ့ကြတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီး ၅ ခုရဲ့ စီမံကိန်းတွေ ဟာ ရွှေတိဂုံဘုရား မြင်ကွင်းကို ကွယ်နေတဲ့အတွက် ပြန်လည်စိစစ်သွားဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့နဲ့ မြို့ခံတွေက အခုနောက်ပိုင်း ဆောက်လုပ်လာကြတဲ့ အထပ်မြင့်အဆောက်အဦးတွေရဲ့ အပြိုင် အဆိုင်မြင်ကွင်း ကောင်းတာကို ဈေးကွက်သဘောလုယူနေကြတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိလာနေပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ မြင်ကွင်းကို ကာကွယ်ထိန်းသိမ်းဖို့ အစိုးရက စည်ပင်ဥပဒေပြဌာန်း ထားတာရှိပြီး အထပ်မြင့်အဆောက်အဦးတွေကို ဘုရားပတ်လည် ကန့်သတ်ဧရိယာအတွင်းမှာ မဆောက်ဖို့ တားမြစ်ထားတာရှိပါတယ်။
အဲ့ဒီဥပဒေနဲ့ ညိစွန်းနေတယ်လို့ သံသယရှိစေတဲ့ စီမံကိန်းတွေကတော့ ဒဂုံမြို့နယ်အတွင်းက အရင်ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာတွေမှာဆောက်လုပ် မယ့် ကွန်ဒိုတွေ အပါအဝင် ရုံးခန်းနေရာ အဆောက်အဦးတွေပဲ ဖြစ်ပါတယ်။
အဲ့ဒီ ကုမ္ပဏီ ၅ ခုက တပ်ပိုင်မြေတွေမှာ BOT စနစ်နဲ့ ဆောက်လုပ်ကြမယ့် သုခရတနာ ၊ ရွှေတောင်ဟေးဒေး ၊ မီဂါလမ်းမတ် ၊ ရွှေတောင်ဖ့ွံဖြိုးမှု နဲ့အဗန်းချားမြန်မာ တိုးအန်အင်ဆန်း ကုမ္ပဏီတွေရဲ့ စီမံကိန်းတွေဖြစ်ပါတယ်။
အဲ့ဒီအဆောက်အဦးတွေကို ဘုရားမြင်ကွင်းအတွင်းရောက်ရှိနေမှုရှိမရှိနဲ့ ဘုရားအမြင့်ထက် ကျော်လွန်နေမှုရှိမရှိကို ခေတ္တရပ်ဆိုင်းပြီး ပြန်လည်စီစစ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နောက်ပိုင်းရန်ကုန်မှာ ကွန်ဒိုတွေ ရုံးခန်းတွေအတွက် အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်လာတာများလာနေသလို အဲသလို ဆောက်ရာမှာ ဈေးကွက် မှာ ဝယ်ယူချင်သူ ငှားရမ်းချင်သူ များအောင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို အထပ်မြင့်ကနေ မြင်ရတယ်ဆိုတဲ့ ကြော်ငြာ ပုံစံမျိုးတွေနဲ့ ဈေးကွက်မှာ အပြိုင် အဆိုင်ဆွဲဆောင်တာတွေလည်း ရှိနေပါတယ်။ အဲ့ဒီအတွက် မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းလိုသူတွေက စိုးရိမ်နေကြပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရွှေတိဂုံဘုရားမြင်ကွင်းကို ဈေးကွက်အဖြစ်ဦးတည်ပြီး အထပ်မြင့်တွေ ဆောက်လုပ်လာတာမဖြစ်သင့်ဘူးလို့ ရန်ကုန်မြို့ မြို့ပြ အမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ဒါရိုက်တာ ဒေါ်မို့မု့ိလွင်က ပြောပါတယ်။
ဒေါ်မို့မို့လွင်
အဲ့ဒီကုမ္ပဏီကြီးတွေက ဆောက်လုပ်မယ့် အဆောက်အဦးတွေဟာ အထပ် ၃၀ ကျော်အထိ ရှိမှာဖြစ်ပြီး အထပ်မြင့်ရေကူးကန်၊ ဈေးဝယ်စင်တာ၊ နားနေ ကွင်းတွေထည့်သွင်း တည်ဆောက် မှာဖြစ်တယ်လို့ မီဒီယာတွေမှာ ကြေငြာထားပါတယ်။ အထပ်၃၀ ကျော်ဟာ စည်ပင်က သတ်မှတ် ထားတဲ့ အမြင့်နဲ့ ဘုရား တဝိုက်ကန့်သတ်ဧရိယာထဲမှာပါတယ်လို့ ယူဆနေကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ဆောက်လုပ်ခွင့်လျှောက်ထားကတည်းက အသေအချာ စီစစ်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
ဦးဘုန်းမြင့်အောင်
ဒီလိုမျိုးအထပ်မြင့်အဆောက်အဦး ဆောက်လုပ်မှုတွေကို ထိန်းချုပ်ဖို့၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အခိုင်အခံ့အဆောက်အဦးတွေ ဆောက်လုပ် မှုတွေလျှော့ကျလာစေဖို့နဲ့ မြို့ပြဖွံဖြိုးရေးကို ထိန်းချုပ်ဖို့ မူဝါဒတွေကို ပညာရှင်တွေပါဝင်ရေးဆွဲနေတယ်လို့ သိရပါတယ်။
စီးပွားရေးသမားတွေဟာ အကျိုးအမြတ်တစ်ခုတည်းကိုပဲ မကြည့်သင့်ပဲ မြို့ပြနဲ့ ရှေးဟောင်း အမွေအနှစ်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးဖြစ်သူ ကိုမျိုးအောင်ကျော်က ပြောပါတယ်။
ကိုမျိုးအောင်ကျော်
ပြန်လည်စီစစ်မှုတွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေပါဝင်ဖို့လိုအပ်သလို ဒီလိုဆောက်လုပ်မှုမျိုး ထပ်မရှိအောင် ဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ်တားမြစ် ဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။
စည်ပင်ဥပဒေအရ တားမြစ်ထားတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးတဝိုက်နေရာတွေကတော့ စေတီတော်ရဲ့ မြောက်ဘက်မှာ ဓမ္မစေတီလမ်းနဲ့ ရှင်စောပု လမ်း၊ တောင်ဘက်မှာ မင်းရဲကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း- ရွှေတိဂုံဘုရားလမ်းဆုံ- ယောမင်းကြီးလမ်း၊ အရှေ့ဘက်မှာ အလံပြဘုရားလမ်း၊ တိရိစ္ဆာန် ဥယျာဉ်လမ်း၊ ကန်လမ်း၊ စက်ရုံလမ်း၊ နတ်မောက်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အနောက်ဘက်မှာ ကမ္ဘာအေးဘုရားလမ်းတွေဖက်မှာ အဆောက် အဦးတွေဆောက်မယ်ဆိုရင် အမြင့်ဆုံး ၆၂ ပေ အထိသာဆောက်လုပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်ရှင်။