အာရှတိုက်က အန္တရာယ်အကြီးမားဆုံးနိုင်ငံစာရင်းမှာ မြန်မာပါဝင်
2023.04.30
၂ဝ၂၃ မှာ မြန်မာနိုင်ငံဟာ အာရှတိုက်က အန္တရာယ်အကြီးမားဆုံး ထိပ်ဆုံးကိုးနိုင်ငံမှာ ပါရှိတယ်လို့ Global Peace Index ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းက ဖော်ပြပါတယ်။
အာရှဟာ လှပတဲ့ ကမ္ဘာ့တိုက်ကြီးတစ်တိုက်ဖြစ်ပြီး ကြွယ်ဝတဲ့သမိုင်းနဲ့ ရှုမငြီးတဲ့ ရှုခင်းတွေရှိပါတယ်။ ဒီလို ဆန်းထွေ လှပသာမောဖွယ် အာရှနိုင်ငံတွေကို သွားရောက်လည်ပတ်ချင်သူတွေရှိပေမဲ့ တစ်ဖက်မှာလည်း လုံခြုံရေးအတွက် စိတ်မချရတဲ့ နိုင်ငံတွေက ရှိနေပြန်ပါတယ်။
ခရီးသွားလမ်းညွှန် Traveling Life Style အွန်လိုင်းသတင်းက Global Peace Index ကို ကိုးကားပြီး ခရီးသွားတွေအတွက် အန္တရာယ်များတဲ့ နိုင်ငံတွေကို အဲဒီလိုအသိပေးတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို အာရှက အန္တရာယ်ကြီးမားတဲ့ နိုင်ငံတွေမှာ ဖိနှိပ်တဲ့ အာဏာရှင်ရှိပြီး စစ်ပွဲ၊ ပြည်တွင်းစစ်၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ လူကုန်ကူးမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ပြန်ပေးဆွဲမှု၊ တရားလက်လွတ်ဖမ်းဆီးမှု စတာတွေက နိုင်ငံချင်းအလိုက် တစ်မှုမက ရှိနေပါတယ်။
အဲဒီအချက်တွေထဲ မြန်မာနိုင်ငံဟာ ပြည်ပနဲ့ဖြစ်ပွားတဲ့ စစ်မက်မရှိတာကလွဲလို့ ကျန်အချက်တွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ရှိနေပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ အာရှတိုက်က အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ငြိမ်းချမ်းညွှန်းကိန်းက သတ်မှတ်တာဖြစ်ပြီး ဒါကို ပြည်တွင်းက လုံခြုံရေးအရအမည်မဖော်လိုသူ တစ်ယောက်က မငြင်းပါဘူး။
“ ဗမာပြည်ကတော့ ပါမှာပဲ။ အဓိကတော့ ပြည်တွင်းစစ် ပြဿနာပေါ့နော်။ လက်ငင်းအခြေအနေတွေက သက်သေပြနေတာပဲ။ မီးရှို့ လူသတ်ခံနေရတယ်။ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ လူဦးရေ သန်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည် ဖြစ်ရတယ်။ ဒါဟာ ဗမာပြည်မှာ ဘယ်လောက် အန္တရာယ်များနေတယ်ဆိုတာ ပြယုဂ်သက်သေပါပဲ”
အာရှတိုက်ဟာ ကမ္ဘာ့အကြီးမားဆုံးနဲ့ လူဦးရေအထူထပ်ဆုံးတိုက်ကြီးဖြစ်ပြီး ဒေသကြီး ခြောက်ခု၊ နိုင်ငံ ၄၈ နိုင်ငံနဲ့ ကမ္ဘာမြေအကျယ်အဝန်းရဲ့ ၂၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနေထိုင်နေတဲ့ ကမ္ဘာ့တိုက်ကြီး ဖြစ်ပါတယ်။
အာရှတိုက်ကို လွှမ်းခြုံပြောရင် ရုရှားနိုင်ငံပါဝင်တဲ့ မြောက်အာရှ၊ ကူဝိတ်၊ ဆီးရီးယား၊ ယီမင်၊ အီရတ်၊ အစ္စရေးစတဲ့နိုင်ငံတွေပါဝင်တဲ့ အနောက်အာရှ၊ Uzbekistan, Kyrgyzstan စတဲ့ နိုင်ငံတွေပါဝင်တဲ့ အလယ်ပိုင်း ဗဟိုအာရှ၊ မော်လဒိုက်၊ အာဖဂန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်စတဲ့ နိုင်ငံတွေပါဝင်တဲ့ တောင်အာရှ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ စတာတွေပါဝင်တဲ့ အရှေ့တောင်အာရှ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်စတဲ့ အရှေ့အာရှတို့ ရှိပါတယ်။
အာရှနိုင်ငံတွေထဲ အာဖဂန်နစ္စတန်ဟာ ဘယ်သူ့အတွက်မှ မလုံခြုံတဲ့ အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် နံပါတ် တစ်မှာ ရှိပါတယ်။ အာဖဂန်ဟာ ရုရှားနဲ့ရော အမေရိကန်နဲ့ပါ စစ်ဖြစ်တာရော ပြည်တွင်းစစ်ကြောင့်ပါ လွန်ခဲ့တဲ့ နှစ် ၄ဝ နီးပါးလုံးလုံး စစ်ပွဲတွေမပြတ်ဘဲ အာရှတိုက်တင်မက တစ်ကမ္ဘာလုံးမှာပါ အန္တရာယ်အကြီးမားဆုံးတိုင်းပြည်လို့ Global Peace Index က သတ်မှတ်ပါတယ်။
အာဖဂန်ပြီးရင် ယီမင်နဲ့ ဆီးရီးယားတို့က ဒုတိယနဲ့တတိယ လိုက်ပါတယ်။ အဲဒီနောက် ရုရှား၊ အီရတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အီရန်တို့ အစဉ်အတိုင်းရှိပြီး မြန်မာနိုင်ငံဟာ အာရှက ကိုးနိုင်ငံမြောက် အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း မြန်မာတနိုင်ငံပဲ အန္တရာယ်များတဲ့နိုင်ငံ စာရင်းဝင်နေတာပါ။၏

တကယ်တော့ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံဖြစ်ပြီး လက်နက်ကိုင်ခုခံတဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေမအေးချမ်းပေမဲ့ ပြည်မမှာ အတော်အတန်အေးချမ်းခဲ့ပါတယ်။ ခုတော့ တိုင်းရင်းသားဒေသတွေသာမက ၂၀၂၁ စစ်အာဏာ သိမ်းတဲ့ ရလဒ်အဖြစ် ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကိုပါ စစ်ကောင်စီက နှိမ်နင်းနေပါတယ်။ အခု နေ့တိုင်းလိုလို စစ်ကောင်စီက စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်၊ လေကြောင်းက ဗုံးကြဲနေတဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းဆိုတာ အရင်က ယမ်းငွေ့သမ်းခဲ့တဲ့နေရာမဟုတ်ပါဘူး။
ဒါကြောင့် စစ်အာဏာသိမ်းပြီးမှ ပိုအန္တရာယ်များလာတယ်လို့ သတ်မှတ်ပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုသူကတော့ ....
“အာဏာမသိမ်းခင်က နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားတွေက ဒုက္ခသည်အဖြစ်နေရတာ နှစ်ပေါင်းအတော်ကြာပြီ။ ပြည်မမှာရှိတဲ့ ဗမာအများစုက အာဏာမသိမ်းခင်က ဒီဒုက္ခကို မခံရဘူး”
စစ်ကောင်စီဟာ အရပ်သားလည်းမရှောင်၊ သက်ကြီးရွယ်အိုကိုလည်း မရှောင်၊ ကလေးလည်းမရှောင်၊ ကိုယ်ဝန်ဆောင်လည်းမရှောင် ပစ်ခတ်တိုက်ခိုက်နေတာပါ။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ PDF တွေကို နှိမ်နင်းတဲ့အခါ အရပ်သားတွေကို ရှောင်လို့ မရဘူးလို့ ပြတ်ပြတ်သားသားပြောပါတယ်။
“အရပ်သားရှိတဲ့နေရာမှာ သွားပြီး တိုက်ပွဲစရင်တော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လေ့လာထားတဲ့ လေ့လာချက်အရ PDF တော်တော်များများက အထူးသဖြင့် စစ်ကိုင်းနဲ့ ချင်းတို့ဘက်မှာဆိုရင် အရပ်သားရှိတဲ့ဘက်မှာပဲ သူတို့က နယ်မြေခြေကုပ်ယူတာ။ သူတို့က လွတ်မြောက်နယ်မြေ ကြေညာချင်တာ၊ နောက် ဘယ်နယ်မြေကို ငါတို့ထိန်းချုပ်ထားပြီလို့ လုပ်ချင်တာ။ အဲဒါတွေကြောင့် သူတို့က အရပ်သားနေတဲ့ ဒေသကို အဓိက ခြေကုပ်ယူတယ်။ ဘေးနားက စစ်ကြောင်းတွေ ဖြတ်သွားဖြတ်လာ လုပ်တဲ့အခါ သူတို့က စစ်ကြောင်းကို သွားပစ်တယ်၊ ပစ်တော့ စစ်မြေပြင်သဘောတရားအရ ကိုယ့်ကိုလာပစ်ရင်တော့ ပြန်ပစ်ရမှာပဲ။ အရပ်သားနေရာကနေ နေရာယူတာ ပစ်တာလုပ်တဲ့အခါ မလွှဲမရှောင်သာ ပြန်ပစ်တဲ့အခါ အရပ်သားထိခိုက်သေဆုံးမှုက များလာမှာပဲ။ ဒါက ရှောင်လွှဲလို့မရဘူး”
ဒါကြောင့်လည်း PDF တွေ ခုခံကာကွယ် တော်လှန်အားကောင်းတဲ့ နေရာတွေမှာ အပြစ်မဲ့အရပ်သားတွေအဖို့ အန္တရာယ်ရှိလှပါတယ်။ အာရှက တတိယမြောက် အန္တရာယ်အများဆုံးနိုင်ငံဖြစ်တဲ့ ဆီးရီးယားမှာ လည်း မြန်မာနိုင်ငံမှာလိုပဲ ပြည်တွင်းစစ်ရှိပြီး အာဏာရှင်က ဖိနှိပ်၊ အကြမ်းဖက်မှုလည်း ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နယ်မြေတွေ ရှိပြီး ခိုးမှု၊ ဓားပြမှု၊ လုယက်မှုတွေ ထူပြော၊ မြေမြှုပ်မိုင်းတွေက ရှိ၊ လမ်းပန်းဆက်သွယ်ရေးကလည်း စိတ်မချရတဲ့အတွက် အာရှက အန္တရာယ်အကြီးမားတစ်နိုင်ငံဖြစ်ရတယ်လို့ Traveling Life Style ခရီးသွား အွန်လိုင်းသတင်းက အသိပေးတဲ့အပြင် ရာသီဥတုကိုပါ အချက်တစ်ချက်အဖြစ် ထည့်သွင်းဖော်ပြပါတယ်။