ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ
2022.07.18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်က တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကျဉ်းသားဘဝ ရောက်ရှိနေချိန်မှာ ၇၅ နှစ်မြောက် အာဇာနည်နေ့ ကျရောက်လာခဲ့ပါတယ်။
လူထုကို သတ်ဖြတ်ညဉ်းပန်းနေတဲ့ မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း ပြန်လည်ဖွဲ့စည်းဖို့ မိမိတို့ တော်လှန်ရေးမှာ အခုပါဝင်နေတာဖြစ်တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင် က ပြောပါတယ်။
“ဒီတပ်မတော်က တစ်ဖွဲ့တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဥ်းပန်းဖို့ မဟုတ်၊ လက်နက်အားကိုးတန်ခိုးပြုဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံပဲ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူးလို့ ဗိုလ်ချုပ်မိန့်ခွန်းထဲမှာ ပြောတာ တော်တော်များများ သိကြတယ်။ ဒါပေမယ့် ကျနော်တို့ ဗိုလ်ချုပ်တည်ထောင်ထားတဲ့ စစ်တပ်ဟာ အခုအချိန်မှာ တကယ့်ကို တခြားစီဖြစ်နေတယ်။ အခုအချိန်မှမဟုတ်ဘူး။ ခေတ်အဆက်ဆက်မှာ တခြားစီဖြစ်နေတယ်။ ဗိုလ်ချုပ်တည်ထောင်ထားတဲ့ စစ်တပ်ဟာ နိုင်ငံက ခိုင်းစေတဲ့ အခြေခံစစ်တပ် တစ်တပ်ဖြစ်ရမယ်။ ကျနော်တို့ အခုတော်လှန်ရေးမှာလည်း ဒီလိုပဲ မျှော်လင့်ထားတယ်။ အဲ့တော့ ကျနော်တို့ ဒီတော်လှန်ရေးသည်လည်း ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းထဲက စစ်တပ်တစ်တပ်လိုပဲ ပြန်ဖန်တီးဖို့ လိုပါတယ်။ကျနော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်စစ်တပ်သည် နိုင်ငံအတွက် တကယ့်ကို အကျိုးစီးပွားဖို့ပဲ ဦးတည်ထားတဲ့ အရာတစ်ခုပဲ ဖြစ်ရဖို့ မျှော်လင့်ထားတယ်။ ဒီနေ့ အာဇာနည်နေ့မှာလည်း နိုင်ငံအတွက် အသက်စွန့်လို့ ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ မျှော်မှန်းချက်တွေကိုလည်း တကယ်ကို မမေ့မပျောက်ဘဲ လုပ်ကို လုပ်ရမယ်လို့ ကျနော်ကတော့ ဒီနေ့ဒီအချိန်မှာ ခံယူထားတယ်။ ဗိုလ်ချုပ် မျှော်မှန်းထားတဲ့ စစ်တပ်တစ်တပ်ကိုလည်း ကျနော်တို့ မရရအောင်ပြန်ဖန်တီးရမယ်လို့ ကျနော့်အနေနဲ့ ခံယူထားပါတယ်။”
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောကလည်း အသက် ၂ဝ လောက်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်လာပြီး အသက် ၃၂ နှစ်မှာ ကွယ်လွန်ခဲ့ချိန်အထိ ၁၂ နှစ်တာကာလအတွင်း တိုင်းပြည်ကို အံ့မခန်း စည်းရုံးလုပ်ဆောင်သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အရည်အသွေးတွေကို သူ့ဖခင်က ဂုဏ်ယူပြောကြားလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
“နိုင်ငံတကာက တော်လှန်ရေးတွေ နိုင်ငံတကာက အမျိုးသားလွတ်မြောက်ရေးတွေအားလုံး ဥပမာ- အိုင်းရစ်တော်လှန်ရေးလိုဟာမျိုး ဆွန်ရက်ဆင်လိုဟာမျိုး အမေရိကန်ရဲ့ လွတ်လပ်ရေးခရီးစေ့စေ့စပ်စပ် ဖတ်ပြီးတော့မှ အဲ့ဒီက သင်ခန်းစာတွေ ထုတ်ပြီးတော့မှ သူက ဗမာပြည်ရဲ့လွတ်လပ်ရေးခရီးအတွက် လုပ်နိုင်တဲ့ဟာတွေ လုပ်သွားတာ။ ၁၃၀၀ ပြည့် အရေးတော်ပုံအပြီးမှာ ဗိုလ်အောင်ကျော်တို့ ကျပြီးသွားတဲ့အခါမှာ ဗမာပြည်က လွတ်လပ်ရေးတိုက်ပွဲ ဝင်ကြတဲ့သူတွေအားလုံးမှာ သူတို့သင်ခန်းစာကြီး နှစ်ခုရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ နယ်ချဲ့သမားဟာ လက်နက်နဲ့ တိုက်လာပြီဆိုရင် ငါတို့က လက်နက်နဲ့ ပြန်တိုက်ရမယ် ဒါကြောင့်မို့လို့ လက်နက်ကိုင် တပ်ဖွဲ့ရမယ်ဆိုတာ တစ်ခု၊ နောက်တခုက တစ်ပြည်လုံး ပြည်သူလူထုပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ် ပါတီတစ်ရပ်ထောင်ရမယ် ဆိုပြီးတော့ အဲ့ဒီ့နိဂုံးချုပ်ချက် ၂ ရပ်စလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းက လုပ်သွားတာ။ ပထမ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၃၉ မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို စထောင်တယ်၊ ၁၉၄၅ ကျတော့ ဖဆပလ အဖွဲ့ထောင်လိုက်ထာပဲ။ ဒါတွေ အားလုံးက တပ်ပေါင်းစု သူက လုပ်လိုက်ထာ။ ဒါမတိုင်ခင် လူလေး ၃ဝ နဲ့ ရဲဘော်သုံးကျိပ် ဦးဆောင်ပြီး သူက ဗမာ့တပ်မတော်ကို စဖွဲ့တယ်။ ၁၉၄၁ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထိုင်းမှာ ဘန်ကောက်မှာ BIA ကို စဖွဲ့တယ်။ ဒီBIA တပ်ဟာ ရန်ကုန်မြို့ကို ဝင်တဲ့ အခါမှာ လူဦးရေ နှစ်သောင်းဖြစ်တယ်”
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောမယ်ဆိုရင် ပင်လုံစာချုပ် ပါရမှာဖြစ်ပါတယ်။
“ ဒီပင်လုံစာချုပ်ဟာ သူရဲ့ အထွတ်အထိပ်။ အဲ့ဒီမှာ ကချင်တွေပါတယ်၊ ကရင်ပါတယ်၊ ရှမ်းပါတယ်။ အဲ့ဒီစာချုပ်ထဲမှာ စာပိုဒ်တစ်ခုပါတယ်။ ၁၀ နှစ် ကြာလို့ရှိရင် ပြည်ထောင်စုနဲ့ မနေချင်ရင် ခွဲထွက်ခွင့် ပြုရမယ့်ဆိုတဲ့ စာပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းတို့က ပင်လုံစာချုပ်ချုပ်ပြီးပြန်လာတော့ ဖေဖေတို့ အပါအဝင် တပ်မှူးတွေက ဝိုင်းပြီး မကျေမနပ် မေးတာပေါ့။ မေးတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုပြောတယ်တဲ့ မင်းတို့ အခု ဗမာပြည်မြေပုံကို ကြည့်၊ ငါတို့လွတ်လပ်ရေး ယူတဲ့အခါမှာ ရှမ်းပြည်မပါရင် ငါတို့ မြေပုံကြီး ဘာဖြစ်သွားမလဲ။ လွတ်လပ်ရေးကို ယူတဲ့ အခါမှာ အားလုံးပါဖို့ လိုတယ်။ နောက်တစ်ချက်ကလည်း ငါတို့ ငါးနှစ် စီမံကိန်း နှစ်ခါလောက် ၁၀ နှစ်ကောင်းကောင်းလုပ်ပြလိုက်ရင် သူတို့ ပြည်နယ်တွေ တိုးတက်လာတယ်ဆိုရင် သူတို့ ငါတို့နဲ့ ဘယ်ခွဲချင်တော့မလဲကွာလို့ ပြောတယ်တဲ့။ အဲ့ဒါဟာ ဗိုလ်ချုပ်ရဲ့ အိပ်မက်ဗျ။ ဖေဖေကတောက်လျှောက် သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြောတဲ့ အထဲမှာ တစ်ခုက ဗိုလ်ချုပ်ရဲ့အင်မတန်ရိုးသားသန့်ရှင်းတဲ့ဘဝကို တန်ဖိုးထားသလို နောက်တစ်ခုက သူပြောနေကျ စကားရှိတယ် အဲ့ဒါဘာလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိရင် ပြည်တွင်းစစ်ကြီးမဖြစ်ပေါ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဗိုလ်ချုပ်ကို ကျော်ပြီးတော့ ဘယ်သူကမှ ကဏ္ဍကောစ မတိုက်နိုင်ဘူး။ အလဲလဲ အကွဲကွဲ အပြဲပြဲဖြစ်နေတဲ့ နိုင်ငံရေးအင်အားစုတွေကြားမှာ ဗိုလ်ချုပ်က ကောင်းကောင်းစည်းရုံးနိုင်တဲ့သူဖြစ်တယ်။”

ဗိုလ်ချုပ်အောင်ဆန်းရဲ့ရည်မှန်းချက်ကတော့ မြန်မာပြည်ကို လွတ်လပ်ရေးရအောင်တိုက်မယ်။ ပြီးရင်စစ်တပ်က ထွက်ပြီး အရပ်သားတစ်ဦးအနေနဲ့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင် ထူထောင်မယ်ဆိုတာဖြစ်တယ်၊ ဒီကိစ္စတွေအောင်မြင်ရေးအတွက် တိုင်းရင်းသားအားလုံးညီညွတ်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်တယ်လို့လည်း ဒေါက်တာလှကျော်ဇော ကပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က နိုင်ငံရေးသမားတွေ ဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းကတော့ ရိုးရိုးသားသားပြောခဲ့တာပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရတဲ့ကိစ္စကလည်းပဲ အဲဒီ ကိစ္စတွေ ပါကောင်းပါနိုင်တယ်လို့ ကျနော်တို့ သံသယရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေလို ဦးစားပေးလွန်းတယ်၊ နောက်ပြီးတော့ ပြည်ထောင်စုကြီးကို ထူထောင်ဖို့ သူက ဦးစားပေးလွန်းတယ်ဆိုတဲ့ extremist ဖြစ်တဲ့ အစွန်းရောက် အုပ်စုတွေလည်းရှိတယ်လို့ ကျနော်ထင်တယ်။ သူ့ကို လုပ်ကြံတဲ့အထဲမှာ ဒီအုပ်စုတွေလည်းပါကောင်းပါနိုင်တယ်လို့ ကျနော်ထင်တယ်။ စိတ်မကောင်းဘူး အဲဒီနေ့ကို ရောက်တိုင်းရောက်တိုင်းလည်း ကျနော်တို့က တော်တော်လေး စိတ်မကောင်းဘူးဖြစ်တယ် တမ်းတတယ်ပေါ့နော်။ ဒီမြန်မာခေါင်းဆောင်တွေထဲမှာ ဒီလိုမျိုးစိတ်ဓာတ်တွေ ရှိဖို့လိုတယ် ၊ ကျနော်တို့က ကြေညာထားပြီးသားပါ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ဥစ္စာကို ကျနော်ပြောထားပြီးသားပါ။ အဲ့ဒီမူကိုလည်းပဲ ဗမာနိုင်ငံရေးသမားတွေရော ဗမာလည်းပဲ တိုင်းရင်းသားပေါ့ဗျာ ပြောမယ်ဆိုရင်၊ တိုင်းရင်းသားတွေအားလုံးကလိုက်နာမယ်ဆိုရင်တော့ ကျနော်တို့မြန်မာပြည်ကြီးရဲ့ ပြဿနာတွေက အပြီးတိုင် ဖြေရှင်းသွားမယ်လို့မပြောနိုင်ပေမယ့်လည်း လျော့သွားအောင်တော့ လုပ်နိုင်မယ်လို့ ကျနော်တော့ အဲ့လိုမျိုးမြင်မိတယ်ဗျာ။”
လက်ရှိနွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ဟာ ပြည်နယ်ပြည်မ တိုင်းရင်းသားအားလုံးအကြား တစ်ခါမှ မရှိဖူးတဲ့ စည်းလုံးညီညွတ်ရေးကို ရရှိနေတဲ့အချက် ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျှော်မှန်းချက်တွေ အကောင်အထည်ပေါ်လာတော့မှာလား... စောင့်ကြည့်ရမှာဖြစ်ပါတယ်။