နိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုတွေ အာဇာနည်နေ့ အခမ်းအနား ကျင်းပ

အာဇာနည်ခေါင်းဆောင် ကိုးဦး ကျဆုံးခဲ့ရတဲ့ အထိမ်းအမှတ် ဇူလိုင်လ ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၇၅) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ပြီး ရန်ကုန်မြို့မှာ လမ်းတွေပိတ်ဆို့ကာ လုံခြုံရေးအများအပြားနဲ့ ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ရေး အင်အားစုတွေကလည်း အာဇာနည်နေ့မှာ ချီတက်ဆန္ဒပြတာတွေ၊ အာဏာ ရှင်ဆန့်ကျင်ရေး စာသားတွေ ချိတ်ဆွဲတာတွေ စတဲ့လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကယား၊ တနင်္သာရီ အပါအအဝင် တစ်နိုင်ငံလုံးနီးပါးမှာ ပြုလုပ်ခဲ့ ကြပါတယ်။
"စစ်ကောင်စီ လက်ရှိလုပ်နေတဲ့ ကိစ္စတွေဟာ အာဇာနည်ခေါင်းဆောင်တွေ ရည်မျှော်ထားတဲ့ သူတို့ရဲ့ မျှော်ရည်ချက်တွေနဲ့ တစ်ခုမှ ကိုက်ညီနေတာ မရှိဘူးဗျ"
စစ်ကောင်စီ ကျင်းပတဲ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်က (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ကိုးဦးထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘဝင်းတို့ရဲ့ မိသားစုတွေ လွမ်းသူ့ပန်းခွေ တက်ချတာ မရှိခဲ့သလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မတက်ခဲ့ပါဘူး။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အာဇာနည်ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်နဲ့ ဆန့်ကျင်နေ ပြီးဖြစ်လို့ အာဇာနည်တွေရဲ့ မိသားစုဝင်တွေ မတက်ရောက်နိုင်တာဟာ အထူးတလည် မဟုတ်ဘူးလို့ တကသ ကျောင်းသားဟောင်းများ အင်အားစုဝင် ကိုနန်းလင်းက RFA ကို ပြောပါတယ်။
“သူတို့ ရည်မျှော်တာက နံပါတ်တစ်က လွတ်လပ်ရေးရယူရမယ်။ တိုင်းပြည်ဟာ ဖက် ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်ဆိုတဲ့ဟာ။ ပြီးသွားရင် ကျနော်တို့ တိုင်းပြည်မှာ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားရမယ်ဆိုတဲ့ဟာ။ ကျနော်တို့ အာဇာနည်ခေါင်းဆောင် တွေရဲ့ ရည်မျှော်ချက်တွေပဲဗျ။ ဒါပေမဲ့ စစ်ကောင်စီ လက်ရှိလုပ်နေတဲ့ ကိစ္စတွေဟာ အာဇာနည်ခေါင်းဆောင်တွေ ရည်မျှော်ထားတဲ့ သူတို့ရဲ့ မျှော်ရည်ချက်တွေနဲ့ တစ်ခုမှ ကိုက်ညီနေတာ မရှိဘူးဗျ။ ဗိုလ်ချုပ်သမီးကို ဖမ်းတဲ့ကိစ္စတို့၊ အာဇာနည်ခေါင်းဆောင် တွေရဲ့ မိသားစုဝင်တွေ မတက်တဲ့ကိစ္စတို့ ဆိုတာကတော့ ပြောမနေနဲ့ပေါ့ဗျာ”
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အာဇာနည်နေ့ အခမ်းအနားကိုတော့ အကျဉ်းချုံးပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဒီနေ့ အနောက်ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်း၊ ဓမ္မစေတီလမ်း၊ ဦးဝိစာရ အဝိုင်းအနီး၊ အနော်ရထာလမ်း (ပန်းဆိုးတန်းလမ်း ကနေ ဗိုလ်မြတ်ထွန်းလမ်းအထိ)၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းလမ်းကနေ ဗိုလ်မြတ်ထွန်းလမ်းအထိ)၊ ဗိုလ်အောင်ကျော် လမ်း စတဲ့ လမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ခဲ့ပါတယ်။
နေရာတိုင်းနီးပါး စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ အဲဒီနေရာတွေကို ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပြပါတယ်။
"လူကူး တံတားတွေပေါ်မှာ ချထားတယ်။ လမ်းတွေမှာ ကားတွေအများကြီးနဲ့ ပတ်တယ်။ နောက်ပြီး မြို့တော်ခန်းမ ရှေ့တို့၊ လမ်းဆုံတွေမှာ၊ ခုနပိတ်တဲ့နေရာတွေမှာ တော် တော်ချထားတယ်ပေါ့။ နှစ်ခုလုံး (စစ်သားရော၊ ရဲရော) အပြင် အရပ်ဝတ်တွေပါ ပါတယ် ပေါ့ ဒီနေ့ကလေ။ စစ်သားနဲ့ ရဲကတော့ ဒီနေ့ တော်တော်များတယ်။ စစ်တာကတော့ တားထားတဲ့နေရာကို ဖြတ်မယ်ဆိုရင် စစ်တယ်"
လုံခြုံရေးတင်းကျပ်ခဲ့တဲ့ ရန်ကုန်မြို့မှာပဲ သပိတ်အင်အားစုတွေကလည်း အာဇာနည်နေ့ အတွက် ချီတက်ဆန္ဒပြတာ၊ အာဏာရှင်ဆန့်ကျင်ရေး စာသားတွေ ချိတ်ဆွဲတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ အပါအဝင် မြို့နယ်အများအပြားမှာရှိတဲ့ လမ်းမတွေပေါ်က ပြည်သူ တွေကလည်း အာဇာနည်နေ့ အထိမ်းအမှတ် ၁၀ နာရီ ၃၇ မိနစ်မှာ ကားဟွန်းတီးသံတွေနဲ့ ပြိုင်တူတီးပြီး ပါဝင်ခဲ့ကြပါတယ်။
အာဇာနည်ဟာ ကိုးဦးမကဘူးလို့ ရန်ကုန်မြို့က ဆန္ဒပြလူငယ် ကိုမြတ်မင်းခန့်က RFA ကို ပြောပါတယ်။
“အရင်တုန်းက အာဇာနည်ဟာ ကိုးဦးပေါ့နော်။ အခုလက်ရှိမှာတော့ ကိုးဦး မဟုတ်တော့ ဘူး။ မြို့ပြတိုက်ပွဲမှာတို့၊ ဆန္ဒပြပွဲမှာတို့၊ လက်ရှိ လွတ်မြောက်နယ်မြေကို ရောက်ရှိနေ တဲ့ အာဇာနည် သူရဲကောင်းတွေ၊ နောက်ပြီး တိုက်ပွဲအတွင်းမှာ ကြွေလွင့်သွားတဲ့ သူရဲ ကောင်းတွေနဲ့ဆိုရင်တော့ အခုလက်ရှိမှာ အာဇာနည်ဟာ ကိုးဦး မကဘဲ ရှိနေပါတယ်လို့ ကျနော်တို့ သတ်မှတ်ထားပါတယ်”
စစ်ကောင်စီဟာ ရန်ကုန်မြို့လိုပဲ သပိတ်အင်အားစုတွေ အားကောင်းနေတဲ့ မန္တလေးမြို့မှာ လည်း လုံခြုံရေးတွေ တိုးချပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ဒီနေ့မှာ ပရိတ်ရွတ်တာပဲ ပြုလုပ်ခဲ့ပြီး မနေ့ကတည်းက အာဇာ နည်နေ့အကြို လမ်းပေါ်ချီတက်လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ မန္တလေးက သံဃသမဂ္ဂ ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။
“အာဇာနည်နေ့မတိုင်ခင် မနေ့က ၁၈ ရက်နေ့မှာပေါ့လေ။ အာဇာနည်နေ့ အကြိုအဖြစ် သပိတ်စစ်ကြောင်းတော့ ထွက်နိုင်ခဲ့တယ်။ ဒီနေ့ကတော့ တော်တော်လေး ကျပ်တဲ့ အတွက်ကြောင့် လှုပ်မရ၊ ပြုမရတဲ့ အနေအထားမှာ အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ မလုပ်နိုင်ခဲ့ဘူးပေါ့လေ။ ဒါပေမဲ့ ဦးပဉ္ဇင်းတို့ကတော့ ညနေပိုင်း ပရိတ်ရွတ်၊ မေတ္တာပို့၊ ဆုတောင်း သပိတ်ကတော့ ပုံမှန်ရှိမယ်။ ညနေပိုင်း Photo Campaign အဲဒါလေးတွေ ကတော့ ဒီနေ့ လုပ်ဖြစ်ဦးမှာပါ”
အာဇာနည်နေ့ကို သပိတ်အင်အားစုတွေတင်မကဘဲ အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း ထောင်ဝတ်စုံပေါ်မှာ အာဇာနည်ဟာ ကိုးဦး မက စာသားအပါအဝင် လက်မှတ်တွေ ရေးထိုးပြီး ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲ မှာလည်း အာဇာနည် အားလုံးအတွက် ဒီနေ့မနက် အခမ်းအနားကျင်းပခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပြပါတယ်။
“ပထမဦးဆုံး၊ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများနဲ့အတူ နောက်ပြီး လက် ရှိ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်အားလုံးအတွက်ကို ရည်စူးပြီးတော့ အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ပေါ့နော်။ ကျင်းပပြုလုပ်ခဲ့တယ်။ ၁၀ နာရီကနေ ၁၁ နာရီအထိပေါ့လေ”
ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ အာဇာနည်ကိုးဦး အပါအဝင် လက်ရှိ အာဏာ သိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် လွမ်းသူ့ ပန်းခွေချတာနဲ့ အလေးပြုတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့မှာရှိတဲ့ သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးကလည်း အာဇာ နည်တွေအတွက်တင် မကဘဲ ဒီမိုကရေစီတိုက်ပွဲတိုင်းမှာ ကျဆုံးသူတွေအတွက်ပါ အလေး ပြုရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အခုကျရောက်လာတဲ့ အာဇာနည်နေ့မှာ ကျနော်တို့က မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားခဲ့တဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ကိုးဦး အပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို အလေးပြုရမှာပေါ့နော်။ သူတို့လည်း အလေးပြုထိုက်တဲ့ အာဇာနည်တွေပါပဲ။ ကိုယ်ကျိုး ကိုစွန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်၊ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် တိုက် ပွဲဝင်ခဲ့သူတွေဖြစ်လို့ ကျနော်တို့လည်း သူတို့ကို အလေးပြုထိုက်ပါတယ်”
လူထုသပိတ် အင်အားစုတွေ ပြုလုပ်တဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပြင် စစ်ကိုင်းတိုင်း ဘုတလင်၊ ချောင်းဦး၊ ကနီ၊ ခင်ဦး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ တမူး၊ ရွှေဘို၊ မကွေးတိုင်း ထီးလင်း၊ ပေါက်၊ ဂန့်ဂေါ၊ ကချင်ပြည်နယ် ဖားကန့်၊ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့ နယ်၊ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ လက်ပံတန်းမြို့နယ်နဲ့ ကယားပြည်နယ် ဖယ်ခုံမြို့နယ် အပါ အဝင် တစ်နိုင်ငံလုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။
ပဲခူးတိုင်း ပြည်မြို့မှာတော့ ဗိုလ်ချုပ်မြင်းစီးရုပ်တုမှာပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနား အတွက် လွမ်းသူ့ပန်းခွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကားကိုစစ်ဆေးပြီး ကားပေါ်မှာ ပါလာသူတွေကို ထိုး ကြိတ်ဖမ်းဆီးသွားပါတယ်။