ရန်ကုန်မှာ စက်သုံးဆီပြတ်နေ

RFA Burmese
2023.12.06
ရန်ကုန်မှာ စက်သုံးဆီပြတ်နေ ရန်ကုန်မြို့ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် ယာဉ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA
ရန်ကုန်မြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်နေတာကြောင့် မနေ့ကစလို့ အရောင်းဆိုင်အချို့ ပိတ်ထားရပြီး ဒီနေ့မှာတော့ အချို့ဆီဆိုင်တွေမှာ တန်းစီ ဝယ်ယူနေ ကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါ တယ်။
 
စက်သုံးဆီ စျေးနှုန်းတွေလည်း တက်လာနေပြီး ရန်ကုန်မြို့မှာ လူအသုံးများတဲ့ နိုင်တီတူး ဓာတ်ဆီ တစ်လီတာကို နိုဝင်ဘာလ ၃၀ ရက်နေ့က ၂၁၇၀ ကျပ်သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ၂၅၁၀ ကျပ်အထိ ရှိနေပါတယ်။ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အခြားဒေသတွေမှာတော့ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းကျော်အထိ စျေးပေါက်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စက်သုံးဆီ စျေးနှုန်းတွေ ခုန်တက်ပြီး စျေးကွက်ထဲ ဆီပြတ်လပ်တာတွေ ရှိလာနေတာ”

လက်ရှိ ရန်ကုန်မြို့မှာ စက်ဆုံးဆီ ရှာရခက်လာတဲ့အတွက် မြို့ပြင်မှာရှိတဲ့ ဆီဆိုင်တွေအထိ သွားရောက်ဝယ်ယူ နေရတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးဖြစ်တဲ့ ကိုစိုးချစ်က RFA ကိုပြောပါတယ်။
 
“ဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းကြတာ၊ တစ်ဆိုင်ကို နှစ်သောင်း၊ သုံးသောင်းဖိုးပဲ ပေးတယ်၊ တချို့ဆိုင်တွေကျ ဒီဇယ်ပဲရတယ်၊ တချို့ ဆိုင်ကျ ဆိုင်အရောက်မှာ ဓာတ်ဆီရော၊ ဒီဇယ်ရော ဘာမှမရှိလို့ ပြန်လှည့်လာပြီး လှည့်ပတ်ရှာပေါ့။ ဟိုဆိုင် ရနိုးနိုး၊ ဒီဆိုင် ရနိုးနိုးနဲ့ လိုက်ရှာရတာပေါ့၊ ကလေးတွေ ကျောင်းကြို၊ ကျောင်းပို့ မလုပ်နိုင်တော့ဘူး၊ ကျောင်းကြို၊ ကျောင်းပို့ လုပ်ရတာ တော်တော် ခက်ခဲနေတာပါ၊ ဆီကို မရ ရအောင် မနည်း ရှာရတယ်၊ မြို့တွင်း မရရင် မြို့ပြင်အထိ ထွက်ရှာရတယ်”
 
စစ်ကောင်စီက ဓာတ်ဆီ တင်သွင်းသူတွေအတွက် အမေရိကန် ဒေါ်လာ ရောင်းချပေးမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ ရပ်လိုက်တာကြောင့် စက်သုံးဆီ စျေးနှုန်းတွေ ခုန်တက်ပြီး စျေးကွက်ထဲ ဆီပြတ်လပ်တာတွေ ရှိလာနေတာလို့  လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။
 
“ဆီစျေး အခုလို ခုန်တက်သွားရတာက စကစကြောင့်ပေါ့နော်၊ စက်သုံးဆီ လေးဆယ် ရာခိုင်နှုန်းကို ၂၁၀၀ နဲ့ ရောင်းမပေးနိုင် တော့လို့ စျေးတက်သွားတာပါ၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရန်ကုန်မှာတောင် ဓာတ်ဆီ ၉၂  သုံးထောင် အထက်ကို ရောက်သွားနိုင်တယ်။ နယ်တွေမှာ စစ်ဖြစ်လို့ အပိတ်ခံထားရလို့ ဆီစျေး တစ်သောင်း၊ နှစ်သောင်း ဖြစ်တာတွေက ဒီထက် ဆိုးလာနိုင်သလို ရန်ကုန်မှာလည်း ဒီထက် ပိုဆိုး လာနိုင်တယ်၊ စကစပြောသလို ပင်လယ်ဝမှာ ဆီသင်္ဘောတွေ ရောက်နေတယ်ဆိုတာ ငွေရှင်းပေးမှ ဆီချပေးမှာလေ၊ ငွေရှင်းမပေးရင် ဆီချမပေးဘူး၊ အခု လုပ်ငန်းရှင်တွေ စိုးရိမ်နေ ရပြီ၊ စက်ရုံတွေ၊ စက်မှုဇုန်တွေမှာလည်း ဆီမရတော့ဘူး။ လွယ်လွယ်နဲ့လည်း ဆီကို ဝယ်မရတော့ဘူး၊ ဆီကော်မတီဖွဲ့တာ တစ်လရှိပြီ ဘာမှ မထူးခြားသေးဘူး”
 
စစ်ကောင်စီက ဓာတ်ဆီ တင်သွင်းမှုတွေအတွက် ခွဲတမ်းနဲ့ အမေရိကန်ဒေါ်လာ ရောင်းချ ပေးတာကို ရပ်ထားခဲ့ပေမယ့် ဒီဇယ် တင်သွင်းသူတွေအတွက်တော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ နဲ့ ရောင်းချပေးနေတယ်လို့ သူက ပြောပါတယ်။
အခုလို စက်သုံးဆီ စျေးကွက် မတည်မငြိမ် ဖြစ်နေတာဟာ စက်သုံးဆီ ကုမ္ပဏီတွေအနေနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးပမ်းနေရတဲ့အတွက်ကြောင့်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
 
“ပြင်ပ ဒေါ်လာ ပေါက်စျေးနဲ့ တွက်တဲ့အခါကျတော့ စက်သုံးဆီစျေးက နည်းနည်း တက်သွားတာပေါ့။ အရင် နိုင်ငံတော်က ခုပေးထားတာ။ သက်သာတဲ့ ဒေါ်လာစျေးနဲ့ ရောင်းပေးတယ်။ အခုကျတော့ ပြင်ပဒေါ်လာ ပေါက်စျေးနဲ့ ဝယ်ရတဲ့အခါကျတော့ စျေးတက်သွားမျိုးပေါ့။ ဓာတ်ဆီကို လေးဆယ်ရာခိုင်နှုန်းနဲ့ ဗဟိုဘဏ်ကနေ ၂၁၀၀ နှုန်းနဲ့ ရောင်းပေးခဲ့တယ်။ ကျန်တဲ့ ခြောက်ဆယ် ရာခိုင်နှုန်းက အပြင်ပေါက်စျေးနဲ့ ဝယ်ခဲ့ရတာကနေ အခုကျ အကုန်လုံးကို အပြင် ပေါက်စျေးနဲ့ပဲ ဝယ်လိုက်ရသလို ဖြစ်သွားတာပေါ့။ ဒီဇယ်ကတော့ အခုထိ သက်သာတဲ့ စျေးနှုန်းနဲ့ ရောင်းပေးနေတုန်းပါ။ ဒေါ်လာကို အပြင်မှာပေး မဝယ်ခိုင်းတာကနေ အခုအပြင်မှာ ပေးဝယ်ခိုင်းလိုက်တဲ့သဘောပေါ့”
 
စက်သုံးဆီဆိုင် ၄၇ ဆိုင်ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာတော့ စက်သုံးဆီ မပြတ်လပ်ရအောင် တရုတ်နိုင်ငံက တိုက်ရိုက်မှာယူ တင်သွင်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆည်မြို့က စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
 
“အစိုးရ သတ်မှတ်စျေးကတော့ တရုတ်ပြည်က တင်သွင်းတဲ့စျေးထက် သုံးရာလောက် သက်သာတယ်။ ဒါပေမဲ့ တရုတ်ဆီကို ယူလိုက်တယ်။ သုံးရာလောက်ကို မမြင်တော့ဘူး။ ဘာပြုလို့လဲဆိုတော့ ရန်ကုန်ကနေ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ထိ သယ်လာမယ်။ အရင်တိုက်ပွဲတွေ မဖြစ်ခင်တုန်းကလည်း လမ်းမှာ မြောက်ပိုင်းဆိုတော့ သိတဲ့အတိုင်းပဲ။ တချို့နေရာတွေ ပေးရကမ်းရတာတွေ ရှိနေတယ်။ ကုန်ကျစရိတ်တွေ တွက်လိုက်ရင် ပေးရတာတွေ ရှိတဲ့အခါကျတော့ ဒီသုံးရာ များတာကို မမှုတော့ဘူး၊ တရုတ်ဆီကို သဘောကျတယ်၊ လိုလိုလားလား လက်ခံလိုက်တယ်။ တရုတ်ဆီဟာ ဆိုင်ရှေ့က ဆီကန်ထဲအထိ လီတာနဲ့ ချပေးတာ။ မြန်မာပြည်က ဆီကို မယူချင်တော့ဘူး”
 
မူဆယ်နဲ့ နမ့်ခမ်းကိုပဲ ပြီးခဲ့တဲ့ မေလလောက်က စတင်ပြီး စက်သုံးဆီတွေ ရောင်းချနိုင်ဖို့ တရုတ်ကုမ္ပဏီတွေက တာဝန်ယူ ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တခြားမြို့တွေမှာတော့ စစ်ရေး ပဋိပက္ခတွေကြောင့် ဆီတင်သွင်းမှာတွေ ရပ်တန့်နေတယ်လို့လည်း ဆိုပါတယ်။
 
ရန်ကုန်မြို့ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် ယာဉ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် ယာဉ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဆီဆိုင်တွေမှာ ဆီပြတ်လပ်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးသက်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိပြဿနာတွေ ရှုပ်ထွေးနေတဲ့အချိန်မို့ ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
 
နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်း သုံးနှစ်နီးပါးအကြာ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်လို့ တန်းစီဝယ်ယူနေကြရပေမယ့် စစ်ကောင်စီဘက်ကတော့ ဆီသင်္ဘောတွေ အဆက်မပြတ် ရောက်ရှိနေကြောင်း မကြာခဏ ထုတ်ပြန် ပြောဆိုထားပါတယ်။
 
စက်သုံးဆီနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စျေးနှုန်း အဆမတန် အမြတ်ယူ ရောင်းချခဲ့တဲ့ ကုမ္ပဏီ ရှစ်ခုကို အရေးယူခဲ့ကြောင်း နိုဝင်ဘာလ ၂၉ နေ့က ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။