မြန်မာ့အရေး အိန္ဒိယနဲ့ဆွေးနွေးဖို့ ပြင်သစ်ကို JFM အဖွဲ့ပန်ကြား

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.07.10
မြန်မာ့အရေး အိန္ဒိယနဲ့ဆွေးနွေးဖို့ ပြင်သစ်ကို JFM အဖွဲ့ပန်ကြား ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က ကျင်းပတဲ့ G7 နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပွဲကိုတက်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ပြင်သစ် သမ္မတ Emmanuel Macron တို့ကို တွေ့ရစဉ်။
AFP

မြန်မာ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ ခေါင်းဆောင် ပြင်သစ်နိုင်ငံကို အလည်အပတ် ရောက်ရှိလာရင် မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချနေတာ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောကြားဖို့ ပြင်သစ် သမ္မတ Emmanuel Macron ဆီ ဇူလိုင် ၁၀ ရက်နေ့ က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ Justice for Myanmar-JFM က မေတ္တာရပ်ခံလိုက်ပါတယ်။

JFM ဟာ မြန်မာစစ်တပ်နဲ့ ချိတ်ဆက်ပြီး စီးပွားရေး လုပ်ကိုင်သူတွေကို သုတေသနလုပ် ဖော်ထုတ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

အာရှမှာ တရုတ်သြဇာကြီးထွားလာတာကို ချိန်ခွင်လျှာမျှဖို့ အိန္ဒိယက ကြိုးစားနေတယ်လို့ လေ့လာသူတွေ သုံးသပ်ချိန်မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ မကြာခင်ကပဲ ဝါရှင်တန်ဒီစီကို သွားရောက်ပြီး အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုတခါ ပြင်သစ်နိုင်ငံကို သွားဖို့ ခြေလှမ်းပြင်ချိန်မှာ JFM က အချိန်ကိုက်တိုက်တွန်းလိုက်တာပါ။

ပြင်သစ်သမ္မတရဲ့ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ်ဟာ နှစ်နိုင်ငံရေးရာနဲ့ အိန္ဒိယခေါင်းဆောင်ရဲ့ ပြင်သစ်ခရီးစဉ်အရေး ဆွေးနွေးဖို့ နယူးဒေလီမြို့တော်ကို ကြာသပတေးနေ့မှာ တစ်ရက်ခရီးရောက်ရှိမယ်လို့ အိန္ဒိယ စီးပွားရေးရာ Mint သတင်းက ဖော်ပြပါတယ်။

နှစ်ရက်ကြာမယ့် ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း ပါရီမှာ သမ္မတ Macron နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု Quad အုပ်စု လေးနိုင်ငံမှာ ပြင်သစ်နိုင်ငံမပါဝင်ပေမဲ့ အင်ဒို-ပစိဖိတ် ဘုံအကျိုးစီးပွားနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးမှာ အိန္ဒိယနဲ့ သဘောထားချင်းညီတယ်လို့ Mint က ဖော်ပြပါတယ်။

Justice For Myanmar က ပြင်သစ်သမ္မတဆီပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ မြန်မာ စစ်တပ်ကကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ အဂတိလိုက်စားမှုကို အားပေးနေတဲ့ စီးပွားရေး ကွန်ရက်တွေ ပြိုဆင်းဖို့ ဆောင်ရွက်နေတဲ့ သုတေသန အဖွဲ့လို့ သူ့အဖွဲ့ကို သူ မိတ်ဆက်ထားပါတယ်။

ဒါကြောင့် အိန္ဒိယဝန်ကြီးချုပ် ပြင်သစ်ရောက်လာတဲ့အခါ အိန္ဒိယကနေ မြန်မာစစ်တပ်ကို လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် သုံးနိုင်တဲ့ ပစ္စည်းတွေနဲ့ နည်းပညာရပ်တွေ ရောင်းချနေတာ စိုးရိမ်တဲ့အကြောင်း ပြောကြားဖို့ ပြင်သစ်သမ္မတကို ပန်ကြားတာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံက စစ်ကောင်စီကို လက်နက်အများဆုံးတင်ပို့နေပြီး အိန္ဒိယက တတိယမြောက် အများဆုံးတင်ပို့နေပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်လည်း ဆက်လက်တင်ပို့နေပြီး အိန္ဒိယ အစိုးရပိုင် ကုမ္ပဏီတွေကလည်း တင်ပို့နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီကို ဒီလိုလက်နက်ဆက်လက်ရောင်းချနေတာက လူသတ်အားပေးတာပဲလို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုမိုက်က စွပ်စွဲတာပါ။

“ကမ္ဘာမှာ အဆိုးရွားဆုံးပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို သူတို့ လူသတ်အားပေးပေါ့ဗျာ၊ အဲဒီလိုမျိုး လုပ်နေတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်ရိုက် စွပ်စွဲချင်တယ်”

စစ်အာဏာ သိမ်းပြီးချိန်ကစလို့ အိန္ဒိယ အစိုးရပိုင် BEL- Bharat Electronics Limited က စစ်ကောင်စီကို တင်ပို့တဲ့ လက်နက်နဲ့ နည်းပညာတွေကို ပြင်သစ်သမ္မတဆီပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ Justice for Myanmar က ဖော်ပြထားပါတယ်။

ဒီထဲ ပင်လယ်ကမ်းရိုးတန်း ထောက်လှမ်းရေးစနစ်၊ အဝေးထိန်းလက်နက်ရုံ၊ ရေဒါတွေမှာသုံးတဲ့ ပစ္စည်းတွေ၊ ရေငုပ်သင်္ဘောမှာ သုံးနိုင်ဖွယ်ရှိတဲ့ ကိရိယာတွေ၊ MHS-355 နဲ့ 20W HF SSB Manpack Radio စတာတွေ အမျိုးအမည်စုံ ဖော်ပြထားပါတယ်။

အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချတာ ပိတ်ပင်ထားပေမဲ့ အိန္ဒိယက ဒီလို ဆက်လက်ရောင်းချနေတာနဲ့ ပတ်သက်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးပြောတာကတော့ ....

“အိန္ဒိယအနေနဲ့ သူခြေထောက်ပေါ်မှာ သူရပ်တည်နိုင်စွမ်းရှိပြီးတော့ ဘယ်သူနဲ့မဆို သူပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိတယ်။ အိန္ဒိယရဲ့မူဝါဒအရ သူ့လက်နက်ရောင်းချတဲ့ကိစ္စသည် သူ့နိုင်ငံရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်”

အိန္ဒိယဆုံးဖြတ်ချက်မှာ ပြင်သစ်နဲ့ စစ်ရေးဆက်ဆံရေးလည်း ပါဝင်တာတွေ့ရပါတယ်။

အိန္ဒိယ-ပြင်သစ် ကာကွယ်ရေးရာ ဆွေးနွေးဖို့နဲ့ နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေး အားကောင်းစေဖို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး အိန္ဒိယကို မနှစ်ကနိုဝင်ဘာက ပထမဆုံးအကြိမ်ရောက်လာတယ်လို့ Justice for Myanmar က ပြောပါတယ်။

ဒီလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးရဲ့ ရလဒ်အဖြစ် အိန္ဒိယအစိုးရက မြန်မာစစ်ကောင်စီကို လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းတွေနဲ့ နည်းပညာတွေတင်ပို့တာကို ပြင်သစ်က သွယ်ဝိုက်သောနည်းနဲ့ ထောက်ခံနေတာကို မိမိကိုယ်မိမိ သိနိုင်ဖွယ်ရှိလာပါလိမ့်မယ်လို့လည်း ပြင်သစ်သမ္မတထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ Justice for Myanmar က ထောက်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။