ရွာသားလေးဦး ရိက္ခာတွေ တပ်မတော် သိမ်းဆည်း


2019.12.31
kyaukkyi-622 ပဲခူးတိုင်း ကျောက်ကြီးမြို့ တည်နေရာကို တွေ့ရစဥ်
Photo: Google Map

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ဈေးဝယ်ပြီးပြန်လာတဲ့ စောမီးလူကျေးရွာက ရွာသား လေးဦးဆီက ဆန်အိတ် ၁၅၀ ကို မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၃၉ က သိမ်းဆည်းသွားခဲ့တာလို့ ကျောက်ကြီးဒေသခံ စောဝါးလေးက ပြောပါတယ်။ ကျေးရွာသားတွေရဲ့ ဆန်အိတ်တွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်လို့ ကျေးရွာအာဏာပိုင်က ကျောက်ကြီးမြို့က KNU ဆက်ဆံရေးရုံးကို တိုင်ကြားခဲ့တယ်လို့လည်း စောဝါးလေးက ပြောပါတယ်။

ရွာသားတွေက မယူရဲဘူး အဆိပ်ခတ်မှာကြောက်လို့

စစ်တပ်ကသိမ်းသွားတယ်၊ သိမ်းသွားပြီးတော့ စခန်းမှာပဲ ပစ်ထားတယ်။ ဗိုလ်မှူး မျိုးကိုကိုက သိမ်းတာ။ KNU ဆက်ဆံရေးရုံးကို တိုင်တယ်၊ KNU ကပြန်တောင်းပေးတယ်၊ သူတို့ကပြန်ပေးတယ်ပြောတယ်။ ဒါပေမဲ့ ရွာသားတွေက မယူရဲဘူး အဆိပ်ခတ်မှာကြောက်လို့”

စားနပ်ရိက္ခာတွေ သိမ်းဆည်းခံရတဲ့အတွက် မိသားစုတွေအတွက် ထောက်ပံ့ပေးဖို့ ကရင်ခေါင်းဆောင်တွေ ကိုလည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီဒေသက ကျေးရွာသားတွေဟာ သူတို့ရဲ့စိုက်ခင်းတွေ ကြွက်တွေဖျက်ဆီးခံရလို့ ကျောက်ကြီးမြို့ပေါ်တက်ပြီး တစ်နှစ်စာအတွက် ဆန်၊ ဆီ၊ ဆား ငါးပိ စတဲ့ စားနပ်ရိက္ခာတွေကို ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။ အရင်က အဲဒီလိုသိမ်းဆည်းတာတွေမရှိဘဲ အခု ဒီတစ်လအတွင်း မြန်မာ့တပ်မတော်က အဲဒီဒေသမှာ စစ်ဆေးရေးဂိတ်တွေ တိုးပြီးချလာသလို ရွာသွားတွေရဲ့ သွားလာမှုတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ဆန်အိတ်တွေကို ခမရ ၃၉ တပ်က ခုလို သိမ်းဆည်းသွားတာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းကြည့်တော့

ကျနော်လည်း မသိရသေးဘူး၊ အဲဒီဘက်မှာ စစ်ဆင်ရေးဝင်နေတဲ့တပ်တွေရှိတယ်၊ အကြောင်းရှိလို့ ဖြစ်မှာပါ။ ကျန်တဲ့ဟာတော့ မရှိနိုင်ဘူး။ KNU နဲ့ ကျနော်တို့ကြားမှာက ဒီအောက်ခြေအဆင့်တွေရော JMC-S အဆင့်တွေရော ညှိနှိုင်းမှုတွေရှိပါတယ်၊ အရင်တခါကလည်း ကျောက်ကြီးမှာ ညှိနှိုင်းခဲ့ပြီးပြီ၊ လမ်းကိစ္စတွေ ညှိနှိုင်းခဲ့တာရှိတယ် ဒါကြောင့်မို့ အောက်ခြေမှာဖြစ်တဲ့ပြဿနာတွေကို ညှိနှိုင်းလို့ရမှာပါ”

ရွာသားတွေရဲ့ ရိက္ခာတွေ ခုလိုသိမ်းဆည်းခံရတာတွေ၊ သူတို့ကို ကူညီထောက်ပံ့ပေးဖို့တွေ နဲ့ ပတ်သက်ပြီး ကျောက်ကြီး KNU ဆက်ဆံရေးရုံးနဲ့ KNU အဖွဲ့က တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီဒေသမှာ ကရင်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ကလည်း မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း ၃၅၀ နဲ့ ကရင်တပ်ဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ Free Burma Rangers အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။