စစ်ကောင်စီရဲ့ ငွေကြေးခဝါချမှုကြောင့် FATF အရေးယူတာဖြစ်ကြောင်း NUG ပြော

နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို ငွေရေး ကြေးရေးဆိုင်ရာ အမြင့်ဆုံး အန္တရာယ်ရှိတဲ့နိုင်ငံအဖြစ် အောက်တိုဘာ ၂၁ ရက်နေ့က အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပါတယ်။
(FATF) အဖွဲ့ဟာ အီရန်နဲ့ မြောက်ကိုးရီးယား တို့ကိုလည်း ၂၀၂၀ ခုနှစ်ကတည်းက အမည်ပျက်စာရင်းသွင်းထားတာကြောင့် အာဏာသိမ်းစစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ (FATF) ရဲ့ စောင့်ကြည့်အရေးယူခံရမယ့် တတိယမြောက် နိုင်ငံ ဖြစ်လာပါတယ်။
"မြန်မာနိုင်ငံမှာ ငွေမဲခဝါချမှု လျော့နည်းအောင်လုပ်ဖို့ ပျက်ကွက်နေတာကို ၂၀၁၈ ခုနှစ်ကတည်းက သတိထားမိပါတယ်။ လေးနှစ်ကျော်တဲ့အထိ အဲဒီကိစ္စတွေ ဆက်ရှိနေတာကြောင့် အမည်ပျက်စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်တာ" လို့ FATF ဥက္ကဋ္ဌ Raja Kumar က ပြောဆိုကြောင်း အောက်တိုဘာ ၂၂ ရက် Hindustan times သတင်းက ဖော်ပြပါတယ်။
ဒီအရေးယူမှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ထိခိုက်ပြီး ရေရှည်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းလာလိမ့်မယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ်မှာ ပြည်သူ့ရေးရာ မဟာတန်း တက်ရောက်နေတဲ့ ကိုကြည်စင်က မှတ်ချက်ပေးပါတယ်။
"စီးပွားရေးက အရင်လိုမျိုး ထုတ်ကုန်သွင်းကုန်တွေ ခက်ခဲလာရင် စီးပွားရေးက ကျလာဖို့ရှိတယ်။ စစ်ကောင်စီအနေနဲ့ ဝင်ငွေရတဲ့လမ်းကြောင်းတွေ နည်းလာမယ်။ နောက်ပြီးတော့ ဒီလိုမျိုး စံနှုန်းမလိုက်နာတဲ့ နိုင်ငံတွေပေါ့နော်၊ တရုတ်နိုင်ငံတို့၊ ရုရှားနိုင်ငံတို့၊ တရုတ်နိုင်ငံဆိုရင် ဒီအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါနေပေမယ့်လည်း တစ်ခါတစ်ရံမှာ ဒီအဖွဲ့က ကျင့်သုံးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အခါ တွေလည်း ရှိတယ်။ ဆိုတော့ အဲလိုနိုင်ငံတွေကို ပိုပြီးအားကိုးလာရဖို့ ရှိတယ်။ စီးပွားရေးအနေနဲ့ကျတော့လည်း ဒီနိုင်ငံတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပိုပြီးတော့ ဘောင်ကျဉ်းလာတာမျိုး ရှိမယ်ပေါ့။ စစ်ကောင်စီရဲ့ ပြည်ပကို ငွေကြေးလွှဲပြောင်းရယူမှု အပိုင်းတွေမှာ ပိုပြီးခက်ခဲလာဖို့ရှိတယ်ပေါ့"
အာဏာသိမ်းပြီးတဲ့နောက်မှာ အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF လို အဖွဲ့အစည်းတွေက စစ်ကောင်စီကို ငွေချေးတာမျိုး မလုပ်တဲ့အတွက် ဒီကိစ္စမျိုးတွေက စစ်ကောင်စီကို ထူးထူးခြားခြား ထိခိုက်မှာမဟုတ်ဘူးလို့ ကိုကြည်စင်က ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး စီးပွားရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာတော့ FATF ရဲ့ အမည်ပျက်စာရင်းကြောင့် ထိခိုက်တာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ပိုပြီးထိခိုက်နိုင်တာကတော့ တိုင်းပြည် စီးပွားရေး ကျဆင်းပြီး ကုန်ဈေးနှုန်းထပ်တက်လာရင် ဒီဒဏ်ကို ပြည်သူလူထုပဲ ခံစားရလိမ့်မယ်လို့ ကိုကြည်စင်က ဖြည့်စွက်ပြောဆိုပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း လုပ်ငန်းရှင်တွေကို ထိခိုက်လာရင် စီးပွားရေးအရ လွတ်အောင်ရှောင်ပြီး နောက်ဆုံးမှာ တော့ ပြည်သူကိုသာ ပိုထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
"အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ထိမှာပေါ့ဗျာ။ ကျနော်တို့ ထုတ်ကုန်သွင်းကုန်သမားတွေ ထိပြီဆိုရင် တကယ်ထိမယ့်သူကတော့ ပြည်သူပဲ။ စီးပွားရေးသမားတွေကတော့ ကြားထဲက သတ်မှတ်ချက်အရ လုပ်ကိုင်သွားမှာဆိုတော့ မထိဘူးလားဆိုတော့ ထိမယ်။ အချိန်အတိုင်းအတာတစ်ခု ပြီးသွားရင် စီးပွားရေးသမား တွေက အဲဒါကို ကျော်လွန်သွားမှာပဲ။ အဓိကကတော့ ဘယ်သူထိမလဲဆိုတော့ ကျွန်တော်တို့ တကယ့်ပြည်သူတွေပဲ သွားထိမှာ အဲဒီဟာက။ NUG လည်း မထိဘူး။ စစ်ကောင်စီလည်း မထိဘူး။ တကယ်ထိမှာက ပြည်သူပဲ။ ကုန်ဈေးနှုန်းတွေ တက်သွား မယ်။ ကျနော်တို့ ပိုခက်ခဲသွားမှာပေါ့ဗျာ"
ဒီအမည်ပျက်စာရင်းသွင်းမှုဟာ မြန်မာနိုင်ငံအပေါ် လက်တွေ့ ဘယ်လောက် ရိုက်ခတ် နိုင်တယ်ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့လည်း သူက ပြောပါတယ်။
အမည်ပျက်စာရင်းနဲ့ ပတ်သက်ပြီး FATF ရဲ့ ဆုံးဖြတ်ချက် ထွက်လာတဲ့ အောက်တိုဘာ ၂၁ ရက် ညမှာပဲ ပြည်တွင်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၈၀၀ ကျော်ကနေ ကျပ် ၄၀၀၀ ကျော်အထိ ဈေးခုန်တက်သွားပါတယ်။ ရွှေဆိုင်တချို့လည်း အရောင်းအဝယ်ရပ်ပြီး အခြေအနေစောင့်ကြည့်တာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ အခုလို အမည်ပျက်စာရင်း သွင်းလိုက်တဲ့ အပေါ် စိုးရိမ်ပူပန်မှုမဖြစ်ဖို့နဲ့ ဒီကိစ္စကိုအကြောင်းပြုပြီး ငွေကြေးဈေးကစားရင် အရေးယူ သွားမယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အမည်ပျက်စာရင်းအသွင်းခံရပြီး လွတ်မြောက်ခဲ့တဲ့ အတွေ့အကြုံရှိတာကြောင့် အခုလည်း အမည်ပျက်စာရင်းကနေ တစ်နှစ်အတွင်း ပြန်လွတ်မြောက်အောင် စီမံချက်ချဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
"အဓိကထိခိုက်မှာတော့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူ ပြည်သူလူထုပေါ့။ အဲဒါက အဓိက ထိခိုက်မှာပါ"
FATF ရဲ့ကြေညာချက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနိုင်ပြီး အဓိက စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ စားသုံးသူပြည်သူတွေအပေါ် ထိခိုက်နိုင်တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
"အဓိကထိခိုက်မှာတော့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူ ပြည်သူလူထုပေါ့။ အဲဒါက အဓိက ထိခိုက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခု သူတို့ လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာငွေရဲ့တန်ဖိုးဟာပိုပြီးတော့ မတည်မငြိမ် ဖြစ်သွားတယ်။ ကမ္ဘာမှာလည်း နာမည်ပိုပျက်သွားတာပေါ့နော်။ မြန်မာငွေဟာ ဒီထက်ပို တန်ဖိုးကျစရာရှိတယ်လို့ထင်တယ်။ အစိုးရအနေနဲ့ကတော့ နဂိုကတည်းကလည်းပဲ သူ့ကို အနောက်နိုင်ငံတွေက ဝိုင်းပယ်ထားတဲ့သဘောမျိုးလုပ်ထားတဲ့အခါကျတော့ သူ့အတွက်က ထူးထူးခြားခြား ထိခိုက်စရာမရှိလောက်ဘူးလို့ ဆရာတို့က မြင်တယ်။ NUG အနေနဲ့လည်း ထူးထူးခြားခြား ထိခိုက်စရာမရှိဘူးလို့ ဆရာတို့မြင်တယ်"
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ စစ်ကောင်စီရဲ့ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုနဲ့ နိုင်ငံ့ဘဏ္ဍာကို မမှန်မကန် သုံးစွဲမှု တွေကြောင့် (FATF) က အမည်ပျက်စာရင်း သွင်းလိုက်တာမို့ ဒါဟာ လုပ်သင့်တဲ့ကိစ္စလို့ RFA ကို ပြောပါတယ်။
"အဓိကကတော့ FATF က ထည့်လိုက်တဲ့ အကြောင်းအရင်းကတော့ စစ်ကောင်စီရဲ့ လုပ်နေတဲ့ ငွေကြေးခဝါချမှု၊ နောက်ပြီး အကြမ်းဖက်မှု၊ နောက်ပြီးတော့ ငွေရေး ကြေးရေးတွေ၊ နိုင်ငံရဲ့ဘဏ္ဍာရေးကို မဟုတ်မတရား၊ မမှန်မကန်နဲ့ လုပ်ကိုင်နေတဲ့ ဟာတွေ ဒါကြောင့် မြန်မာနိုင်ငံမှာ မငြိမ်မသက်တွေ ဖြစ်နေတယ်၊ ဆိုတော့ အဲဒါတွေ အဓိက အကြောင်းအရင်းကြောင့် အကြောင်းရင်းခံပြီးတော့ စစ်ကောင်စီကို ဒါကြောင့် မြန်မာနိုင်ငံကို FATF ကနေပြီးတော့ စိတ်မချရတော့ အမည်ပျက်စာရင်းသွင်းတာပေါ့"
FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းလိုက်တဲ့ကိစ္စဟာ စစ်ကောင်စီနဲ့ ပြည်သူ လူထုအပြင် လက်နက်ကိုင်တော်လှန်ရေးအတွက် နိုင်ငံတကာကနေ ရန်ပုံငွေရှာနေတဲ့ NUG အတွက်လည်း ထိခိုက်မှုရှိနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ တချို့က ပြောပါတယ်။
ဦးကျော်ဇော်ကတော့ NUG အစိုးရအနေနဲ့ လူထုထောက်ခံမှုနဲ့ မှန်မှန်ကန်ကန် လုပ်ဆောင် နေတာကြောင့် ရန်ပုံငွေရှာတာနဲ့ ပတ်သက်ပြီး တခြားလမ်းကြောင်းတွေ ဆက်ရှိနေမှာပဲလို့ ပြောပါတယ်။
ပြင်သစ်အခြေစိုက် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ကို ၁၉၈၉ ခုနှစ်က ပါရီမြို့မှာ ကျင်းပတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကမ္ဘပေါ်က ငွေမဲခဝါချမှုကို သတိထားစောင့်ကြည့်ခဲ့တာပါ။ ၂၀၀၁ ခုနှစ် အောက်တိုဘာကစလို့ FATF ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုကိုပါ စောင့်ကြည့်အရေးယူနေတာ ဖြစ်ပါတယ်။