တောင်သူအရေး လှုပ်ရှားသူတွေ လွတ်မြောက်ရေး တောင်းဆို

ဖြူဖြူခိုင်
2019.12.25
magway-land-protest-622 မကွေးလေယာဉ်ကွင်းတည်ဆောက်မှု စီမံကိန်းကနေ ပိုတဲ့မြေတွေကို ပြန်လည်ရယူလိုကြောင်း ၂၀၁၉၊ နိုဝင်ဘာ ၅ ရက်နေ့က မကွေးမြို့မှာ တောင်သူတွေ ဆန္ဒပြကြစဥ်
Photo: Pwint Hlwar

မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို လုံးဝဖျက်သိမ်းပေးဖို့၊ တရားစွဲဆို ဖမ်းဆီးထောင်ချ ခံထားရတဲ့ တောင်သူလယ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အပါအဝင် အချက် လေးချက်ကို ဆောင်ရွက်ပေးဖို့ တောင်သူလယ်သမား ညီလာခံကနေ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက မကွေးပရိယတ္တိစာသင်တိုက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီး အချက် လေးချက်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တောင်းဆိုချက်ထဲမှာ အဓမ္မသိမ်းဆည်းထားတဲ့ မြေတွေကို ပြန်လည်ပေးအပ်ဖို့၊ အမျိုးသားမြေဥပဒေ ရေးဆွဲရေးနဲ့ လုပ်ငန်းစဉ်တွေကို လတ်တလော အခြေအနေမှာ ရပ်ဆိုင်းထားဖို့ ဆိုတာတွေကိုလည်း ပြောဆိုထားတာပါ။

မြေလွတ်မြေလပ် မြေရိုင်း ဥပဒေကြောင့် တောင်သူလယ်သမားတွေဟာ တရားစွဲဆိုခံထားရတာတွေ၊ အမှုရင်ဆိုင် နေရတာတွေနဲ့ ထောင်ထဲဝင်နေရတာတွေ ပိုများလာတာကြောင့် ထုတ်ပြန်ချက်ပါ တောင်းဆိုချက်တွေ ရတဲ့အထိ ဆက်လက်တောင်းဆိုသွားမယ်လို့  တောင်သူလယ်သမားနေ့  ဖြစ်မြောက်ရေး ကော်မတီရဲ့ အဖွဲ့ဝင် ကိုစည်သူက ပြောပါတယ်။

“တောင်သူလယ်သမားတွေ ထောင်ထဲဝင်ရတဲ့နှုန်းက ပိုများလာတယ်။ မြေလွတ်မြေလပ် မြေရိုင်း ဥပဒေဆို ပိုသိသာတယ်။ ၂၀၁၂ ထွက်ပြီးကတည်းက လယ်သမားတွေ ထောင်တွေမှာ တန်းစီနေရတာ၊ တရားရုံးမှာ တန်းစီနေရတာမျိုးဖြစ်တယ်။ ၂၀၁၂ မြေလွတ်မြေလပ် မြေရိုင်း ဥပဒေကို ပြန်ပြင်ဆင်တဲ့ ၂၀၁၈ မြေလွတ် မြေလပ် မြေရိုင်း ပြီးသွားတော့ ကောင်းလာလားဆိုတော့လည်း ပိုပြီးတော့ပဲ များလာတယ်။“

မြေလွတ်မြေလပ် မြေရိုင်း ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။  အဲဒီဥပဒေမှာ ပါရှိတဲ့အချက်တွေဟာ တစ်ဖက်သတ်ရေးစွဲထားတဲ့ ဥပဒေဖြစ်ပြီး လယ်ယာမြေလုပ်ကိုင်သူတွေကို ကျူးကျော် နေထိုင် စိုက်ပျိုးသူတွေအဖြစ် သတ်မှတ်ရာရောက်တယ်လို့ လယ်ယာမြေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

ကရင်နီ ပြည်နယ်က LAIN နည်းပညာအထောက်အကူပြုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင် ပြောတာက-

“လက်ရှိအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီးတော့နဂိုမူလ ပြည်ထောင်စု သဘော သဘာဝအရ တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ ရိုးရာဓလေ့မြေယာ ပိုင်ဆိုင်မှုတွေအပေါ်မှာ အသိအမှတ် မပြုဘူးဆိုရင်တော့ မြေယာပြဿနာတွေဟာ အစိုးရလက်ထက်မှာလည်း မရှင်းနိုင်၊ နောက်အစိုးရ လက်ထက်ထိလည်း မရှင်းနိုင်တဲ့ ပြဿနာဖြစ်သလို တပ်သိမ်းမြေတွေကလည်း စွန့်လွှတ်သင့်တာတွေကို မစွန့်လွှတ်ဘူးဆိုရင်တော့ တိုင်းပြည်မှာရှိနေတဲ့ အများစုဖြစ်သော တောင်သူတွေရဲ့ဘ၀ တည်ငြိမ်မှုကလည်း ပျက်ပြားမှာဖြစ်သလို ပြည်နယ်တွေရဲ့တည်ငြိမ်မှုနဲ့ တောင်သူမိသားစုတွေရဲ့ ဘဝရှင်သန်ရေးအတွက် အခက်အခဲဖြစ်နေမယ့် အခြေအနေတွေ ဆက်ရှိမယ်လို့မြင်တယ်"

လယ်ယာမြေပြဿနာကြောင့် တောင်သူတွေ ဖမ်းဆီးတရားစွဲဆိုခံရတာတွေဟာ ပြည်နယ်နဲ့တိုင်း ဒေသ အသီးသီးမှာ ဖြစ်နေတာပါ။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။

လယ်ယာမြေ ပြဿနာတွေဟာ ကယားပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်း စတာတွေမှာ အများဆုံးဖြစ်နေတယ်လို့ လယ်ယာမြေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။

နိုင်ငံအနှံ့အပြားမှာ မြေယာ အငြင်းပွားမှုတွေဖြစ်နေပြီး မကွေးဒေသကတော့ မြေယာပြဿနာတွေကို အများဆုံးဖြေရှင်းနိုင်တဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာတော့ တောင်သူတွေ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ အမှုတွေ မရှိတော့ပေမယ့် ပြန်မရသေးတဲ့ သိမ်းဆည်းမြေ ဧက လေးသိန်းကျော်ခန့် ရှိနေသေးတယ်လို့ မကွေးတိုင်းမြေစစ် ကော်မတီ အဖွဲ့ဝင်  ဦးအောင်ကျော်ကျော်က ပြောပါတယ်။

သိမ်းဆည်းမြေ ပြန်လည်စီစစ်ရေး ကော်မတီ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂၀၁၈ ခုနှစ်ထိ နှစ်နှစ်အတွင်း မြေယာအမှု ၆ ထောင်ကျော်ထဲက အမှုပေါင်း ၆၀၀ ကျော်ကိုသာ ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်တာဝန်ခံ ဦးဇော်ရမ်းက ပြောပါတယ်။

“အစိုးရသက်တမ်း တစ်နှစ်ခွဲမှာ အမှုပေါင်း ၅၇၀၀ ကျော်မှာ  ၅၀၀ ကျော် ၉ ဒသမ ၄ ရာခိုင်နှုန်းပဲ  ရှင်းနိုင်တယ်။ ဒါကတော့ နိုင်ငံတော်ကနေ အတိအကျ မြေစစ်ကော်မတီကနေ ထုတ်ပြန်တဲ့ အတွက် အတိအကျ ပြောနိုင်တယ်။ နှစ်နှစ်ပြည့်တဲ့အချိန် ခြောက်ထောင်ကျော်မှာ မြေယာအမှု ၆၀၀ ကျော် ၁၀ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှင်းနိုင်တယ်။“

တောင်သူတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက

ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ မြေလွတ် မြေလပ် မြေရိုင်းကိစ္စမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတာပါ။ အရင်အစိုးရတွေလက်ထက်တည်းက မြေလွတ် မြေရိုင်းကိစ္စတွေမှာ ဗဟိုအဖွဲ့ကနေ ချထားပေးတာတွေရှိတယ်၊ တရားစွဲဆိုတဲ့ကိစ္စတွေ ဖြစ်လာတယ်ဆိုတာလည်း ချထားပေးတဲ့မြေတွေပေါ်မှာ ကျူးကျော်မှုတွေ ရှိလာတဲ့အလျောက် တစ်ဘက်နဲ့တစ်ဘက် အငြင်းပွားလို့ ဒီလိုတွေဖြစ်လာတာ ပါတာပေါ့နော်။ ဒီအချက်တွေကြောင့် မြေလွတ် မြေလပ် မြေရိုင်းဥပဒေကို ရုပ်သိမ်းမယ်ဆိုရင်လည်း လက်ရှိ ရယူထားတဲ့လူတွေနဲ့ ကျူးကျော်တဲ့လူတွေကြား ပျောက်သွားမှာတော့ မဟုတ်ပါဘူး

တောင်သူတွေဟာမြေယာပိုင်ဆိုင်ခွင့် ပုံစံ (၇) ရဖို့ခက်ခဲတာကြောင့် ပုံစံ (၇) မရှိဘဲ လယ်ယာမြေ လုပ်ကိုင်နေတာတွေ အများအပြားရှိနေပါတယ်။

အဲ့ဒီလို ဝင်ရောက်လုပ်ကိုင်တဲ့အခါ တချို့နေရာတွေမှာ ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုအပြင် အာမခံ မရအောင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ  (၆/၁)၊  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ  ၅၀၅ (ခ) တို့နဲ့ တရားစွဲဆို ခံရတာတွေ များလာတယ်လို့ တောင်သူအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။