EU ပိတ်ဆို့မှုနဲ့ အလုပ်လက်မဲ့ပြဿနာ


2018.10.18

ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူဖို့ စီစဉ်နေတာဟာ နည်းမှန်တဲ့ အရေးယူမှုမဟုတ်ကြောင်း နဲ့ သိန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်လာနိုင်တာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ စီးပွားရေးပညာရှင်တွေ၊ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောလိုက်ပါတယ်။

RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု စတင်လိုက်မယ်ဆိုရင် အလုပ်သမား ၅သိန်းကျော်ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေ ထိခိုက်နိုင်ပြီး အဲဒီအလုပ်သမားတွေရဲ့ မိသားစုတွေနဲ့ပါဆိုရင် လူဦးရေ ၂ သန်းလောက်ကို ဒုက္ခရောက်စေနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်တွေထဲမှာ ၇၀ ရာခိုင်နှုန်းကျော်က အထည်ချုပ်လုပ်ငန်း ကဖြစ်ပြီး ဒုတိယအများဆုံးက ငါးလုပ်ငန်းနဲ့ တတိယကတော့ ဆန်ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးအရ ပိတ်ဆို့မှုလုပ်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူတွေက ထိခိုက်နစ်နာမှုအရှိဆုံးဖြစ်နေတာပါ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ဝင်းက အီးယူက စီးပွားရေးပိတ်ဆို့ မှုတွေ စတင်လိုက်တာနဲ့ အထည်ချုပ်စက်ရုံတွေမှာ မှီခိုလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအပါအဝင် အခြေခံပြည် သူတွေ ကြုံတေ့ွရမယ့် အခက်အခဲကို အခုလို ပြောပါတယ်။

"အဲဒီလူအယောက် ငါးသိန်းကျော်နဲ့ မှီခိုတဲ့ မိသားစုနဲ့ တွက်မယ်ဆိုရင် ၂ သန်းကျော်တယ်။ ဒီလူနှစ်သန်းကျော် သုံးစွဲမှုမှာ အထူးသဖြင့် ဂျုံက အစပေါ့နော် အလုပ်လက်မဲ့ဖြစ်သွားမယ်ဆိုရင် ဒီဂျုံရောင်းတဲ့လူကလည်း ရောင်းအားကျသွားမယ်၊ ဂျုံနဲ့လုပ်တဲ့ အီကြာကွေး၊ စမူဆာလုပ်တယ်၊ လက်ဖက်ရည်ဆိုင်အသေးလေးကအစ ရောင်းအားကျမယ်၊ တွက်မယ်ဆိုရင် အများကြီးကို သွားထိတာပေါ့။ US ဆန်ရှင် လုပ်လိုက်တဲ့အချိန်မှာ စက်ရုံတွေ အများကြီးပိတ်ရတယ်၊ ရပ်ကွက်ထဲမှာရှိတဲ့လူတွေ အကုန်လုံး အရောင်း အ ကုန်တယ်၊ ဒီတစ်ခုကြောင့် ဘယ်လောက် အကုန်ဒုက္ခရောက်ကုန်လဲဆိုတာ"

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ၂၀၁၃ ခုနှစ်ကစပြီး အီးယူက လက်နက်ခဲယမ်းကလွဲပြီး ကျန်ကုန်စည်အားလုံးကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံတွေ ရာနဲ့ချီ တိုးလာပြီး အီးယူကလည်း အထည်မှာယူမှု ၇၀ % ကျော်ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

အထည်ချုပ်ကဏ္ဍမှာလည်း အာရှဈေးကွက်ကို ချိတ်ဆက်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တချို့ရှိပေမယ့် ဒါကလည်း အရေအတွက်အရ နည်းတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အထည်ချုပ်ကနေ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံဝန်းကျင် ရရှိခဲ့တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေကနေ သိရပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေနဲ့ပတ်သက်ြပြီး မြန်မာအစိုးရနဲ့ တပ်မတော်အကြီးအကဲတွေကို အနောက်နိုင်ငံတွေက ဝေဖန်ပြစ်တင် မှုတွေ လုပ်ခဲ့တာကနေ စီးပွားရေးပိတ်ဆို့ အရေးယူဖို့အထိ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

NLD ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး ကတော့ အီးယူရဲ့စဉ်းစားချက်ဟာ လွဲမှားနေကြောင်း ပြောပါတယ်။

"ခုတ်ရာတခြား၊ ရှရာတခြားပေါ့နော်၊ အီးယူအနေနဲ့ ဒါကိုလုပ်တာဟာ။ ဒီအရပ်သားအစိုးရအပေါ်မှာ အဖက်ဖက် က ပြစ်တင်နေတဲ့အချိန်မှာ ဒီလိုလုပ်တာဟာ စီးပွားရေးအပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုရှိမယ်လေ။ သူတို့ဒီလိုမလုပ်ဘဲ အပြုသဘောဆောင်တဲ့ တခြားနည်းနဲ့ချဉ်းကပ်တာက သင့်တော်မယ်လို့ ကျနော် ထင်တယ်။ အီးယူအနေနဲ့ တခြားနည်းပေါ့ ဥပမာ - လူ့အခွင့်အရေးဆိုရင် ကျနော်တို့ကို လူ့အခွင့်အရေးနည်းနဲ့ သင်ခန်းစာပေးပေါ့။ အဲလိုမလုပ်ဘဲ ထိပ်ကနေ ဒီလိုလုပ်တယ်ဆိုတာ နည်းမမှန်ဘူးလို့ ကျနော်က ထင်တယ်"

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မြန်မာနိုင်ငံကို အီးယူက စီးပွားရေးပိတ်ဆို့ အရေးယူလိုက်မယ်ဆိုရင် မြန်မာ့စီးပွားရေးမှာ ထိခိုက်မှုရှိလာမှာဖြစ်ကြောင်း၊ အဲဒီအကြပ်အတည်းကို အာရှဒေသတွင်းမိတ်ဆွေနိုင်ငံတွေ ပြည်တွင်းအင်အားစုတွေနဲ့ ရင်ဆိုင်သွားမယ်လို့ RFA နဲ့ ဆက်သွယ်မေးမြန်းချက်တစ်ခုမှာ ပြောထားပါတယ်။

ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆု့ိ အရေးယူလိုက်ရင် မြန်မာပြည်က သာမန်ပြည်သူတွေမှာ ထိခိုက်နစ်နာ မှုတွေရှိမှာဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို အီးယူအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုတယ်ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က မနေ့က ကန့်ကွက်ကြောင်း အီးယူကို စာပေးပို့လိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က အခုလို ပြောပါတယ်။

"ကိုဖီအာနန်ရဲ့ရီပို့ကို ကျနော်တို့ အစိုးရနဲ့ ကုလသမဂ္ဂက သဘောတူညီချက်ယူပြီး ပုံသဏ္ဍာန်ဖော်နေကြတယ်။ အိမ်တွေလည်း ဆောက်နေတယ်။ လူတွေပြန်လာမယ့်ကိစ္စလည်း လုပ်နေတယ်။ နိုင်ငံသားစိစစ်တဲ့ကိစ္စလည်း လုပ်နေတယ်။ အားမရတာကတော့ လူတိုင်းအားမရတာ ဒါကို ကျနော် မငြင်းဘူး။ အစိုးရကလုပ်တာ အားမရဘူး နှေးတယ်။ သို့သော် ဒီလုပ်ငန်းစဉ်တွေကို ပြီးအောင်လုပ်ဖို့ထက် တဝက်တောင် မရောက်သေးဘူးဗျာ။ ဒါကို နောက်ထပ်တစ်ခါလာပြီး စီးပွားရေးပိတ်ဆို့မယ်ဆိုတာကို ကျနော်က သဘောမတူဘူး။ ဒါကြောင့်မို့ ကန့်ကွက် တယ်။ သူတို့က ယုံကြည်ချက်က စီးပွားရေးပိတ်ဆို့လို့ ပြောင်းလဲသွားမယ်လို့ ယုံကြည်ရင် ပိတ်ဆို့မှုအတွက် နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စတွေကို သူတို့တာဝန်ခံဖို့ လိုတယ်။ ပိတ်ဆို့ပါလို့ တိုက်တွန်းတဲ့လူတွေက ကျနော် နားလည်သလောက်က ဥရောပမှာရှိနေတဲ့ လော်ဘီလုပ်တဲ့ လူတွေရဲ့အသံလို့ နားလည်တယ်။ အဲဒီနောက်ဆက်တွဲမှာ ကျနော်တို့နိုင်ငံ နာလန်မထူမယ့်ကိစ္စကို ကျနော် ပြောတာ။ လူတွေအမြင်မှာ အထည်ချုပ် လုပ်ငန်းကြီး ဒုက္ခပါပဲကွာလို့ ပြောနေတာ။ အဲဒီအထည်ချုပ်လုပ်ငန်းကို မှီခိုနေတဲ့လူတွေ။ ကွက်ကွက်ကွင်း ကွင်းမြင်အောင် လှိုင်သာယာပေါ့ဗျာ။ လှိုင်သာယာက စက်ရုံတွေပိတ်သွားမယ်ဆိုရင် အဲဒီမှာလုပ်နေတဲ့ အလုပ်သမားတွေ သူတို့ကို မှီခိုပြီးရောင်းနေတဲ့ ဈေးသည်တွေ ဘာဖြစ်သွားမလဲ၊ ဒီဈေးကွက် ဘာဖြစ်မလဲဆိုတာ အကျိုးဆက်ကို ကျနော်တို့ကတော့ မြင်နေတယ်။ ဒါကို အီးယူက ပြောနေတဲ့လူတွေ မြင်လား၊ သူတို့ သေချာသုံး သပ်စေချင်တယ်။ ဒါကြောင့် ကျနော်က ကန့်ကွက်တာပါ"

အီးယူအကြီးအကဲဟာ ရခိုင်အရေးမှာ မြန်မာအစိုးရက စုံစမ်းစစ်ဆေးဖို့ လုပ်နိုင်စွမ်း မရှိသလို လုပ်ဖို့လည်း ဆန္ဒမရှိဘူးဆိုပြီး မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ရုပ်သိမ်းဖို့ စဉ်းစားနေတယ်လို့ ဒီလဆန်းက ပြောခဲ့တာပါ။ အဲဒီလို ပြောကြားပြီးနောက်မှာတော့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်သူတွေ ထိခိုက်နစ်နာမယ့် ပိတ်ဆို့မှုတွေ မလုပ်ဖို့ အီးယူကို မေတ္တာရပ်ခံထားတယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးကျနေချိန်မှာ အီးယူအနေနဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ မလုပ်သင့်ကြောင်းနဲ့ အဲဒီလိုလုပ်မယ်ဆိုရင် သာမန်ပြည်သူတွေအပေါ်မှာသာ ဆိုးကျိုးသက်ရောက်မှာဖြစ်ကြောင်း လေ့လာသူတွေက ပြောကြပါတယ်။

"စီးပွားရေးပိတ်ဆို့ခံရလောက်အောင် ဘာတွေက ဘယ်လောက်ရှုပ်ထွေးနေလို့လဲဆိုတာက ပြဿနာဖြစ်နေ တယ်။ အခုအခြေအနေက စီးပွားရေးပိတ်ဆို့ခံရလောက်အောင်အထိ ဆိုးဆိုးရွားရွား ဘာမှမရှိဘူး။ အဲဒီတော့ တကယ့်ဖြစ်စဉ်ဖြစ်ရပ်အမှန်က ဘာလဲဆိုတာ ကွဲကွဲပြားပြား မသိဘဲ သူတို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှု မလုပ်သင့်ဘူးလို့မြင်တယ်"

စီးပွားရေးပညာရှင် ဦးလှမောင် ပြောသွားတာပါ။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ လေ့လာသူတွေက မြန်မာအစိုးရဟာ ရခိုင်အရေးကို ကိုင်တွယ်ဖြေရှင်းနေပြီး ဒီအပေါ်မှာ အီးယူက ကုန်သွယ်ရေးပိတ်ဆို့ပြီး အရေးယူဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အသွင်ကူးပြောင်းဆဲ မြန်မာအစိုးရကို အားမပေးရာရောက်တဲ့အပြင် ကောင်းမွန်တဲ့ အဖြေထွက်မှာ မဟုတ်ကြောင်း လည်း ပြောကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။