စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်လိုမူနဲ့ တက်မှာလဲ
2022.02.10

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုနေ့အခမ်းအနားနဲ့ တဆက်တည်းကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားပါတယ်။
ဖေဖေဝါရီလ ၁၂ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် စစ်ကောင်စီရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KNU ကရင်အမျိုးသား အစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦး၊ KIO ကချင် လွတ်မြောက်ရေးအဖွဲ့၊ KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့က တက်ရောက်မှာ မဟုတ်ဘူးလို့ ကြေညာထားပြီးပါပြီ။ ဒီအတောအတွင်းမှာပဲ တက်ရောက်မယ့် နိုင်ငံရေးပါတီအဖွဲ့အစည်း တချို့အနက် နေပြည်တော်ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ကတော့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်တော့ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ RFA ကိုပြောပါတယ်။
“ထာဝရငြိမ်းချမ်းရေးအတွက် အကြိုဆွေးနွေးပွဲကိုတော့ တခြားပါတီတွေပါနဲ့ ညှိရမှာပေါ့လေ။ တက်သင့် မတက်သင့်။ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်မယ်လို့တော့ ကျမတို့ ဆုံးဖြတ်ထားတာ ရှိပါတယ်။ အဲဒါကတော့ အစဉ်အလာအရ တက်တဲ့သဘောလို့ မှတ်ယူပါတယ်။ အဓိကကတော့ ဘယ်သူဘယ်ဝါ ကျင်းပတယ်လို့ စဉ်းစားတာထက် ကျမတို့ မြန်မာနိုင်ငံအတွက် သမိုင်းဝင်နေ့တနေ့ ဖြစ်တယ်လို့ အသိအမှတ်ပြုပါတယ်။ ကျမကတော့ အစဉ်အလာအရ တက်ခဲ့တယ်။ နိုင်ငံရေးကို စားပွဲဝိုင်းမှာ ဖြေရှင်းအဖြေရှာဖို့ အမြဲတမ်းတွမ်း အားပေးလာခဲ့သူ တဈေယာက် ဖြစ်တယ်။ စားပွဲဝိုင်းမှာ ဖြေရှင်းတဲ့ အနေအထားတခုကို ရောက်စေချင်ပါတယ်။ အဲဒါကတော့ စေတနာသန့်သန့်နဲ့ ကျမစဉ်းစားတာပါ။ ကျမတို့လဲ ဒီတိုင်းပြည်ကြီး ပြောင်းလဲဖို့ရာအတွက် အများကြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖြတ်သန်းခဲ့သူဖြစ်တယ်။ ကျမတို့အတွေ့အကြုံအရ ကျမတို့ တိုင်းပြည်ကို စကားပြောနိုင်တဲ့ အခွင့်အလမ်းတခုခု ပွင့်လာစေချင်ပါတယ်၊ ပုံပေါ်လာစေချင်ပါတယ်။ အဓိက ကတော့ စေတနာပါပဲ”
တိုင်းပြည်တိုးတက်ရေးအတွက် NCA ထက်ကောင်းမွန်တဲ့ နည်းလမ်းရှိရင်လည်း စဉ်းစားဖို့လိုတယ်လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
“၁၉၄၇ မှာ ကျမတို့ စာချုပ်တစ်ခု ပေါ်ခဲ့တယ်၊ နောက် ၂ဝ၁၅ မှာ ကျမတို့ စာချုပ်တခုကို အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အဲဒီစာချုပ်ကို ကျမတို့ အကောင်အထည်မဖော်နိုင်ဘူး ရပ်တန့်နေတယ်၊ NCA ပျက်ပြယ်သွားတာတင် မဟုတ်သေးဘူးဆိုရင် ဒီ NCA ကို ကျမတို့ ကိုင်ထားဖို့ လိုသေးတယ်၊ နောက်ပြီး ဒီ NCA ထက် ကောင်းမွန်တဲ့ လမ်းကြောင်းကို ကျမတို့ ပုံဖော်နိုင်မလား။ အဲလိုမျိုး ပုံဖော်နိုင်မယ်ဆိုရင် ဘယ်လို ပုံဖော်နိုင်မလဲဆိုတဲ့ အခြေခံစဉ်းစားချက်တွေ ကျမမှာ ရှိပါတယ်”
မွန်ညီညွတ်ရေးပါတီကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကိုရော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုပါ တက်ရောက်မှာ ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သလို ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ နိုင်တလညီ က အဲဒီအခမ်းအနားတွေကို တက်ရောက်ဖို့အတွက် နေပြည်တော်ကို သူတို့ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ နိုင်လှအောင် ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ သွားရောက်မှာ ဖြစ်တယ်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာရမယ်လို့ ပြောပါတယ်။
“ကျနော်တို့ပါတီရဲ့ ယာယီဥက္ကဋ္ဌ နိုင်လှအောင် တက်မယ်၊ ပြည်ထောင်စုနေ့အတွက် ဖိတ်ထားတယ်လေ၊ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲ အတွက် ဖိတ်ရင်လည်း တက်မယ်။ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအနေအထား အခက်အခဲတွေ အားလုံးက တွေ့ဆုံဆွေးနွေးပွဲကနေ တဆင့်သွားရမယ်လို့ ကျနော်တို့ပါတီက ခံယူထားတယ်၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို ကျနော်တို့ တက်တာပေါ့လေ။ မြန်မာပြည်ရဲ့ အခြေအနေကတော့ အကဲခတ်ရတာတော့ အခက်အခဲတော့ ရှိတာပေါ့။ အဓိက ပါဝင်ပတ်သတ်သူတွေရဲ့ သဘောထားပေါ်မှာ အများကြီး မူတည်တယ် ကျနော်တို့နိုင်ငံရဲ့ အခြေအနေက ဖြစ်နိုင်ခြေက စပြီးမှသာ တဖြေးဖြေးသွားရမယ်လို့ ကျနော် မြင်တယ်။”
ဝါရင့် ရခိုင်အမျိုးသားနိုင်ငံရေးလေ့လာသူ ဦးဖေသန်းကတော့ သူ့ရဲ့ဖြတ်သန်းမှု အတွေ့အကြုံအရ စစ်ကောင်စီက ကျင်းပမယ့်ဆွေးနွေးပွဲကို အယုံအကြည်မရှိပါဘူး။
“ဒီလို ဆွေးနွေးမှုပေါင်းများစွာ ခေတ်အဆက်ဆက်မှာ လုပ်ခဲ့ကြတယ်၊ အထူးသဖြင့် အကြပ်အတည်းတွေ့တိုင်း ဒီ စစ်တပ်လိုအဖွဲ့အစည်းမျိုး၊ ဒါမှမဟုတ် စစ်တပ် အစွယ်အပွားလို အဖွဲ့အစည်းမျိုးက ငြိမ်းချမ်းရေးဆိုတဲ့ စကားကို အသုံးချပြီးတော့ ဆွေးနွေးခဲ့ကြတာ များတယ်။ နောက်ပိုင်းမှာတော့ အဖြေက ဘာမှကို ရလာတာမရှိဘူး။ သူတို့ရဲ့ သံသယတွေ သူတို့ရဲ့ စိုးရိမ်မှုတွေ၊ ပြည်ထောင်စုမပြိုကွဲရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့က အမြဲတမ်းထည့်တွက် စဉ်းစားတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတို့ အဲဒါမျိုးကျတော့လည်း သူတို့က သိပ်မကြိုက်ချင်ဘူး။ တဖက်နဲ့တဖက် သံသယနဲ့ပဲ ပြီးဆုံးသွားတာပဲ များပါတယ်။ အခုလဲ ကျနော်ထင်ပါတယ်။ သူတို့သက်တမ်းကို ဆွဲဆန့်တဲ့ သဘောမျိုး အသုံးချရုံသက်သက်လို့ပဲ ကျနော်ထင်တယ်”
ဒီအတောအတွင်း CNF ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက စစ်ကောင်စီ ကျင်းပမယ့် ဆွေးနွေးပွဲကို ပြည်သူ့ဘက်က ရပ်တည်တဲ့ တိုင်းရင်းသားအဖွဲ့အားလုံး မတက်ရောက်သင့်ဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းထွက်ပေမယ့် အဲဒီ သတင်းကို RFA က အတည်ပြုလို့ မရသေးပါဘူး။