အာဆီယံ မြန်မာကိုယ်စားလှယ် တွေ့ဆုံသင့်သူအားလုံး နဲ့ တွေ့ဆုံလို

ဦးသစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021.08.07

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof က မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်း တွေ့ဆုံသင့်သူအားလုံးနဲ့ အပြည့်အ၀ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရ‌ပြီးတဲ့နောက် စနေနေ့က ပြောလိုက်တာပါ။ မြန်မာနိုင်ငံကို သွားရောက်မယ့် နေ့ရက်ကိုတော့ မသိရသေးပါဘူး။

Erywan Yusof ဟာ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာကူညီရေး အစီအစဉ်တွေ၊ အကြမ်းဖက်မှု အဆုံး သတ်ရေး၊ စစ်အုပ်ချုပ်ရေးခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ခရီးစဉ်တုန်းကလို မဟုတ်ဘဲ အသေအချာ ပြင်ဆင်ပြီးမှ သွားရောက်ဖို့လိုကြောင်း၊ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖျန်ဖြေရေးတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ အရေးကြီး ကြောင်းလည်း Yusof က ပြောပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး အကောင်းဆုံး ပြင်ဆင်ထားကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အချက်ငါးချက်ပါ သဘောတူညီချက်အပေါ် ဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်မှု တွေ ရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေး ဖျန်ဖြေရေးတွေ ပါဝင်ကြောင်း၊ သင့်တော်မှန်ကန်တဲ့ ပြင်ဆင်မှုတွေ၊ အထောက်အကူတွေ အသင့်ရှိနေဖို့လိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံတွေ လူပုဂ္ဂိုလ်တွေနဲ့လည်း ဆက်လက် ဆွေးနွေးနေကြောင်း၊ လူသားချင်းစာနာကူညီရေး ကိစ္စတွေက သီးခြားဖြစ်ပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ ဆေးဝါးပစ္စည်း ပံ့ပိုးမှုတွေ အမြန်ဆုံး ရောက်ရှိနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ နောက်တစ်ပတ်လောက်မှာ ရောက်ရှိသွားနိုင်ကြောင်း၊ အထူးသဖြင့် ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF နဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်းတို့ အဆင်သင့်ဖြစ်တာနဲ့ လိုအပ်တဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေ စတင်နိုင်မှာ ဖြစ်ကြောင်း Erywan Yusof က ပြောပါတယ်။

ဒါ့ပြင် အကြမ်းဖက်မှုတွေကို ဘယ်လို ပပျောက်အောင် ဆောင်ရွက်နိုင်မလဲ၊ တစ်ဖက်နဲ့ တစ်ဖက် ဘယ်လို ဆွေးနွေး ညှိနှိုင်းနိုင်ကြမလဲ၊ အခက်အခဲတွေ၊ အတားအဆီးတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ ဆိုတာတွေကို မြန်မာနိုင်ငံသားတွေကိုယ်တိုင် ကိုင်တွယ် ဆွေးနွေး အဖြေရှာကြရမှာ ဖြစ်ကြောင်းလည်း Yusof က ပြောပါတယ်။

မြန်မာအရပ်ဖက်အဖွဲ့တွေကတော့ Erywan Yusof ကို အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ကန့်ကွက်ခဲ့ကြပြီး အာဆီယံအနေနဲ့ စစ်အစိုးရ ဆန့်ကျင်သူတွေ အပါအဝင် ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး တိုင်ပင်သင့်ကြောင်း ဝေဖန်ပြောဆိုကြပါတယ်။

Erywan Yusof ကို အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှု နှောင့်နှေးနေခဲ့တာနဲ့ ပတ်သက်ပြီး အားလုံးကို အာဆီယံလမ်းစဉ်အတိုင်းသာ ဆောင်ရွက်နေတာလို့ နားလည်ကြောင်း၊ သဘော တူခြင်း၊ မတူခြင်းတွေဟာလည်း အာဆီယံမူအတိုင်းသာဖြစ်ကြောင်း၊ ရွေးချယ်မှုဆိုင်ရာ မူဝါဒဟာလည်း ဒီအတိုင်း ပဲဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌက ဘယ်သူ့ကိုမဆို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် နိုင်ကြောင်း Yusof က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကိစ္စနဲ့ ပတ်သက်လို့တော့ သဘောတူညီချက် ငါးချက်ထဲမှာ သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ တွေဆုံဖို့ဆိုတာ ပါဝင်နေတာကြောင့် အချိန်တန်ရင် တွေ့ နိုင်မှာဖြစ်ကြောင်း Erywan Yusof က ပြောပါတယ်။

ဒီအတွင်း မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံအနေနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် သံတမန်ရေးအရ အားထုတ်ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံအများက တိုက်တွန်းနေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။