နိုင်ငံတဝှမ်း လျှပ်စစ်မီးပေးနိုင်ရေးနဲ့ ကန့်ကွက်ခံနေရတဲ့ စီမံကိန်းတွေ
2019.12.15
နောင်လာမယ့် ၁၀ နှစ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးက နေရာလပ်မကျန် လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ အစိုးရက ရည်မှန်းချက်ထား ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ ရေကာတာနဲ့ ကျောက်မီးသွေး သုံးထုတ်လုပ်မှုတွေ များလာမှာကို စိုးရိမ်ကြတာတွေ ရှိနေပါတယ်။
လက်ရှိမှာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုဟာ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း ရရှိနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိတယ်ဆိုရာမှာ နေ့စဉ် ၂၄ နာရီ ဗို့အားပြည့် ရရှိတာမျိုး မဟုတ်သေးဘူးလို့ ထောက်ပြသူက ပြန်ပြည့်မြဲစွမ်းအင်အသင်း တည်ထောင်သူ ဦးအောင်မြင့်ပါ။
“ဒီခေတ်က ကိန်းဂဏန်းနဲ့ အချက်အလက်လောက်ကိုပြောပြီး ဖွံ့ဖြိုးရေးစကားပြောရမယ့် အချိန်မဟုတ်ဘူး။ တကယ့်လက်တွေ့ကို ကြည့်ရမယ်။ လျှပ်စစ်မီးရရှိရေးဆိုရာမှာ ၂၄ နာရီ ၇ ရက် အပြည့်ရတာကို ပြောတာပေါ့။ ဗို့အားအပြည့်လာမှ ကျနော်တို့က တကယ်မီးရရှိတယ်လို့ ပြောလို့ရမယ်။ ကျနော်တို့ သိနေတဲ့ မြို့တော်တော် များများ ရန်ကုန်နားမှာဆိုရင် မော်လမြိုင်ကျွန်းလို့ မြို့တွေရှိတယ်။ မီးရတာတော့ နှစ် ၃၀ လောက်ရှိပြီ။ အပြည့်အဝနဲ့ ကွာလတီအပြည့် လျှပ်စစ်ကတော့ မရသေး တာသေချာတယ်”
အစိုးရက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အား တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလကနေ ဒီနေ့အထိ လျှပ်စစ်ကဏ္ဍမှာ ငွေကျပ် ဘီလီယံ ၂၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ် မဂ္ဂါဝပ် ၉၀၀ ကျော် ထပ်တိုးထုတ်လုပ်နိုင်ခဲ့သလို ၂၀၂၀ နှစ်လယ်မှာ နောက်ထပ်မဂ္ဂါဝပ် ၁၀၀၀ ကျော် ထပ်မံ ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းတွေ အရသိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ကရင်ပြည်နယ် မြဝတီမြို့၊ ရခိုင်ပြည်နယ် မောင်တောမြို့တွေကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ပြီး လာမယ့် ၂၀၂၀ မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံဒေသကို လျှပ်စစ်ဓာတ်အားပေး ပို့နိုင်မှာဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။
ဒါ့အပြင် မော်လမြိုင်- ရေး-ထားဝယ် ဓာတ်အားလိုင်းကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် တနင်္သာရီတိုင်း ထားဝယ်ဒေသကို လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အလတ်စားနဲ့ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန်ဖြူးရေး လုပ်ငန်းတွေကို ပိုမိုအားပေးဖို့ လိုအပ်တယ်လို့လည်း သမ္မတက ပြောပါတယ်။
တဖက်မှာလည်း ပြည်နယ်တွေမှာ ရေကာတာတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှာကို ကန့်ကွက်တာတွေရှိနေပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေ ကျေးရွာအနီးမှာ လျှပ်စစ် မဂ္ဂါဝပ် ၆၂၂ ထွက်မယ့် စီမံကိန်း (၁) နဲ့ မြောက်ဦးမြို့နယ် စိုင်းဒင်ကျေးရွာမှာ လျှပ်စစ် ၁၀၅ မဂ္ဂါဝပ် ထွက်ရှိမယ့် စီမံကိန်း (၂) ကို တည်ဆောက်ဖို့ အစိုးရက လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေပြီး ဒါကို ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတချို့က ကန့်ကွက်မှုတွေရှိနေပါတယ်။
ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ ဒုတာဝန်ခံ Simon က ဒေသခံတွေအတွက် အကျိုးမရရှိနိုင်ဘဲ ဒုက္ခသည်တွေ ပိုတိုးလာနိုင်တဲ့အတွက် လက်ရှိ လေးမြို့မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းကို ကန့်ကွက်တာလို့ ပြောပါတယ်။
“ကျနော်တို့က ရေကာတာကို မကြိုက်တာတို့ မီးမလိုချင်တာတို့ မဟုတ်ပါဘူး။ အခုလက်ရှိမှာ အဲဒီနေရာက စစ်ဖြစ်နေတဲ့ ဒေသပေါ့နော်။ စစ်ပြေးဒုက္ခသည်ရှိတဲ့ နေရာလည်း ဖြစ်တယ်။ အခုဆက်ပြီးတော့မှ ရေကာတာ လုပ်ရင် ဒေသခံတွေ ပိုပြီးတော့မှ ဒုက္ခရောက်မယ်။ နိုင်ငံရေးအခြေအနေအရ အကျိုးအမြတ်က ဗဟိုအစိုးရက ပဲရမယ်။ ပြည်သူလူထုက ဘာမှအကျိုးခံစားခွင့်ရှိမှာ မဟုတ်ဘူးဆိုတော့ တနေ့နေ့တချိန်ကျရင်လုပ်ပါ။ အခုတော့ မလုပ်ဆောင်ဖို့ ပြောချင်ပါတယ်”
ပလက်ဝမြို့နယ်မှာဆိုရင် ကျေးရွာတွေမှာ မီးရရှိမှုမရှိသေးဘဲ မြို့ပေါ်မှာလည်း ညဘက်သာ အချိန်ပိုင်းနဲ့ မီးရရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကျောက်မဲ၊ သီပေါနဲ့ နောင်ချို မြို့နယ်တွေမှာရှိတဲ့ နမ္မတူမြစ်လို့ ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကိုလည်း ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စိုက်ပျိုးမြေတွေ ဆုံးရှုံးမှာဖြစ်လို့ သဘောမတူကြောင်း ဒေသခံတွေက ဆန္ဒထုတ်ဖော်မှုတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး ပြောနေကြပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် ရှမ်းပြည်နယ်အတွင်းက မြစ်တွေ၊ ချောင်းငယ်တွေ အားလုံးလိုလိုမှာ အစိုးရက ရေကာတာဆောက်ဖို့ စီစဉ်နေတာ မဖြစ်သင့်ဘူးလို့ မြစ်ငယ်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်မယ့်အရေး ဦးဆောင်ကန့်ကွက်နေသူ သီပေါဒေသခံ စိုင်းထမ်းအိုက်က ပြောပါတယ်။
“ရှိသမျှ မြစ်တွေ၊ ရှိသမျှ ချောင်းတွေ ကျနော်တို့ ရှမ်းပြည်နယ်ထဲမှာ ဆောက်ဖို့စီစဉ်နေတယ်။ ဒါက လျှပ်စစ်မီးလင်းရေးထပ် မကဘူး။ အစိုးရဘက်က စည်းရုံးရေးစကားလုံးလို့ပဲ ကျနော်တို့ တွေ့ရတယ်။ တကယ့်တကယ် မီးလင်းဖို့လောက်ဖို့အတွက်ပဲဆိုရင် အဲ့ဒီလောက်ထိ လုပ်ဖို့မလိုပါဘူး။ တခြားနည်း လမ်းတွေနဲ့လည်း လျှပ်စစ်မီးရအောင် လုပ်လို့ရပါတယ်”
မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ရှိတဲ့ ရေကာတာစီမံကိန်း သုံးခုရှိပါတယ်။ တစ်ခုက ကျောက်မဲနဲ့ သီပေါမြို့ နယ်ကြားက စီမံကိန်းဖြစ်ပြီး အဲဒီစီမံကိန်းက လျှပ်စစ်မဂ္ဂဝါပ် ၁၀၀ ထွက်ရှိနိုင်မယ်လို့ လျာထားပါတယ်။
ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာစီမံကိန်းက လျှပ်စစ်မဂ္ဂါဝပ် ၂၈၀ နဲ့ နောင်ချိုမြို့နယ်အတွင်း တည်ဆောက်မယ့် ရေကာတာစီမံကိန်းက မဂ္ဂဝါပ် ၇၃၀ ထွက်မယ်လို့ လျာထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းသုံးစွဲဖို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ မဂ္ဂါဝပ် ၅၀၀၀ ခန့်ရှိပြီး အမှန်တကယ် သုံးစွဲရရှိမှုဟာ ၃၀၀၀ ခန့်သာရှိကြောင်း ကျန် ၂၀၀၀ ခန့်က လေလွင့်ဆုံးရှုံးနေတယ်လို့ မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင်အသင်းက ဦးအောင်မြင့်က ပြောပါတယ်။
လျှပ်စစ်ဓာတ်အားကို ရေအားကနေ အဓိက ထုတ်လုပ်သုံးစွဲနေပြီး ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာနဲ့ ဓါတ်ငွေ့သုံး ထုတ်လုပ်တာတွေလည်း ရှိပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ရမှာ စွန့်ပစ်ပစ္စည်းတွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့၊ ဆိုလာ ပါဝါစနစ်နဲ့ ထုတ်လုပ်ဖို့နဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကနေ ထုတ်လုပ်ဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။