ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲ


2014.12.16

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးနဲ့ နိုင်ငံရေးပါတီတွေ ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ် မှာ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဌက ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပါတီတွေက တင်သွင်းတဲ့အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အများပြားပါဝင်လာနိုင်ဖို့ ဘယ်လိုပြင် ဆင်ဖို့ လိုအပ်နေသလဲဆိုတာကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြ ထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်မှု နည်းပါးနေပြီး အမျိုးသမီး ပါဝင်နှုန်းများပြားအောင် ဆောင်ရွက်ဖို့အတွက် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေး ချယ်ရာမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားကြဖို့ ကော်မရှင်ဥက္ကဌက ဒီနေ့ တိုက်တွန်းပြော လိုက်တာ ဖြစ်ပါတယ်။

ဦးတင်အေး။              ။မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကတည်း က မြန်မာအမျိုးသမီးတွေဟာ မူလအခွင့်အရေးဖြစ်တဲ့ ဆန္ဒမဲပေးခွင့်နဲ့ ယှဉ်ပြိုင်အရွေးခံခွင့်တွေ ရရှိခဲ့ကြတာဖြစ် ပါတယ်၊ သို့သော်လည်း အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးများ ပါဝင်မှုရာနှုန်းဟာ အင်မတန်နည်းပါးနေတာ တွေ့ရပါတယ်၊ ဒီကဏ္ဍတွေမှာ အမျိုးသမီးပါဝင်လာမှု တိုးမြှင့်လာဖို့အတွက်ဆိုရင် နိုင်ငံရေးပါတီများအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာမှာ အမျိုးသမီးဦးရေးကို ယခုထက်ပိုမို တင်သွင်းသွားဖို့ဆိုတာဖြစ်ပါတယ်၊ ဒါမှသာ ရွေးကောက်ခံရတဲ့အပိုင်းမှာလည်း အမျိုးသမီးပါဝင်မှု ဦးရေးတိုးတက်လာမှာဖြစ်ပါတယ်။

လက်ရှိပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ဝဝ ကျော်ရှိပြီး အမျိုးသမီး ကိုယ်စားလှယ်ဟာ ၃ဝ ခန့် သာရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမျိုးသမီး ကိုယ်စားလှယ်ပါဝင်မှုဟာ အနည်း ငယ်သာရှိနေတာဖြစ်ပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်နှုန်းများပြားလာဖို့အတွက် အမျိုးသမီးတွေကိုယ် တိုင်က နိုင်ငံရေးကဏ္ဍတွေမှာ ဝင်ရောက်လိုစိတ်ရှိဖို့က အဓိကဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။

ဒေါ်ခင်ဝိုင်းကြည်။                 ။အမျိုးသမီးထုထဲမှာပေါ့နော် အခုလိုနိုင်ငံရေးကို စိတ်ဝင်စားမယ်၊ လူမှုဝန်ထမ်း လုပ်ငန်းတွေကို စိတ်ဝင်စားမယ်၊ ပရဟိတထက် အတ္တဟိတကို ပိုပြီးတော့စိတ်ဝင်စားမယ်၊ လောလောဆယ် လက်ရှိ နိုင်ငံရေးအခြေအနေကို စိတ်ဝင်စားပြီးတော့ ကိုယ်တိုင်လည်းပါဝင်ပြီး ဆောင်ရွက်ချင်တဲ့လူတွေရှိရင် ပါတီဝင်တယ်ဆိုတော့မှ ပါတီဝင်ဖြစ်တော့မှ လွှတ်တော်ထဲကို ဝင်လာရမှာလေ၊ အရွေးခံရမှာလေ၊ အဲ့ဒီတော့ ပါတီဝင်မဖြစ်ပဲနဲ့ ကိုယ့်အိမ်ထဲမှာနေရင်းနဲ့ တခြားအဖွဲ့အစည်း တစ်ခုတည်းမှာနေရင်းနဲ့ လွှတ်တော်ထဲကိုရောက်ဖို့ ဝင်အရွေးခံရဖို့ကလည်း မလွယ်ဘူးလေ။

လွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပါဝင်လာဖို့ဆိုတာဟာ ပါတီတွေက အမျိုးသမီး ကိုယ်စား လှယ်စာရင်း ပိုမိုပေးသွင်းရုံနဲ့ မလုံလောက်ပဲ ကော်မရှင်ဘက်ကလည်း အမျိုးသမီးတွေ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်၊ မဲဆွယ်စည်းရုံးရာမှာလိုအပ်တဲ့ အကူအညီပေးတာတွေ ပေးဖို့လည်း လိုအပ်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်းရှိပါတယ်။ ဒါမှ အမျိုးသမီးတွေကို အားပေးရာရောက်မယ်လို့လည်း ပြောကြပါတယ်။

အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်ရေးကို လျစ်လျူရှူထားရာကနေ အခုလိုကော်မရှင် ဥက္ကဌ အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပါဝင်လာဖို့တိုက်တွန်း ပြောဆိုတဲ့အပေါ်ကို ကြိုဆိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဒေါက်တာညိုညိုသင်း။           ။ကော်မရှင်ဥက္ကဌက အမျိုးသမီးတွေပါဝင်လာဖို့အတွက် ပါတီတွေအနေနဲ့ ကြိုးစား သင့်တယ်လို့ပြောတာကို အန်တီကတော့ ကြိုဆိုတယ်၊ အရင်တုန်းကဆိုရင် ဒီကိစ္စဟာ ပါတီတွေရဲ့ကိစ္စပဲဖြစ်တယ် ၊ ကော်မရှင်ရဲ့ကိစ္စ မဟုတ်ဘူးဆိုပြီးတော့ ကော်မရှင်တာဝန်ရှိ ပဂ္ဂိုလ်အချို့က မကြာခဏပြောဆိုတာတွေ ကြားရ တယ်လေ၊ အခုကျတော် ဥက္ကဌကြီး ကိုယ်တိုင်ကိုက အခုလိုမျိုးအမျိုးသမီးတွေ ပိုမိုတိုးတက် ပါဝင်လာနိုင်ဖို့အတွက် ကို ထုတ်ဖော်ပြောဆိုလာတယ်ဆိုတော့ အဲ့ဒါကအပြုသဘောဆောင်တဲ့ လုပ်ရပ်တစ်ခုပဲလေ၊ အဲ့ဒီတော့ အန်တီ တို့အနေနဲ့ ကြိုဆိုတယ်၊ တစ်ချိန်တည်းမှာ တကယ်လက်တွေ့ကျကျ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင်ဆိုရင် အမျိုးသမီးတွေအတွက် အခက်အခဲဖြစ်စေနိုင်တဲ့အရာတွေကို ကော်မရှင်ရော၊ နိုင်ငံရေးပါတီတွေကရောပေါ့နော် ဖယ်ရှားပေးဖို့လိုတာပေါ့။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂၃ ဦးရှိပြီး အမျိုးသမီးကိုယ်စားလှယ် ၆ ဦးသာရှိတာဖြစ် ပါတယ်။

မြန်မာနိုင်ငံက လွှတ်တော်အသီးသီးမှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်နှုန်းဟာ ၅.၇ ရာခိုင်းနှုန်းသာရှိတယ်လို့ လည်းသိရပါတယ်။

အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေ ပါဝင်ဖို့အတွက် ဆောင်ရွက်နေတာရှိပေမဲ့ ရာခိုင်နှုန်းအရ သတ်မှတ်ထားတာမျိုး မရှိဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေပါဝင်ဖို့အတွက် ကော်မရှင်က တိုက်တွန်းဖို့ မလို အပ်ကြောင်းနဲ့ အမျိုးသမီး အမျိုးသား ကိုယ်စားလှယ်ပါဝင် ယှဉ်ပြိုင်နှုန်းဟာ ပါတီတွေရဲ့ ကိုယ်ပိုင်သဘောထား သာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် ကပြောပါတယ်။

ဦးဝင်းထိန်။               ။ရွေးကောက်ပွဲကော်မရှင်က ဘယ်သူဘယ်လောက်ပါတယ်ဆိုတာ ပြောစရာအကြောင်း မရှိဘူး၊ ပါတီကကိုယ့်ဟာကိုယ် ယောက်ကျားဘယ်လောက်၊ မိန်းမဘယ်လောက် ထည့်တယ်ဆိုတာ သူ့ပါတီပေါ် လစီနဲ့ဆိုင်တယ်၊ အန်ကယ်လ်တို့ NLD ကအမျိုးသမီတွေကို ဦးစားပေးတာ အစောကြီးကတည်းက ပဝေသဏီ ကတည်းက ကြေညာထားတာ။

လက်ရှိမှာတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲထည့်နိုင်မယ့် မဲဆန္ဒရှင်စာရင်းတွေကို ကော်မရှင်က လိုက်လံကောက်ခံနေတာတွေရှိပြီး နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေကိုယ် တိုင် စုပေါင်းရေးဆွဲဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။