ပညာရေးဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး နားလည်မှုလွဲ မှားနေတဲ့ အချက်တချို့
2015.02.22
အမျိုးသားပညာရေးဥပဒေ မူကြမ်းနဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားနေတဲ့ အချက်တချို့ကို မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့က ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရှင်းပြခဲ့ပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် အစိုးရ ၊လွှတ်တော်၊ NNER နဲ့ကျောင်းသားတွေရဲ့ လေးပွင့်ဆိုင် သဘောတူညီမှုကနေ ဥပဒေမူကြမ်းထွက်လာပြီး လွှတ်တော်မှာ တင်ပြထားပြီး ဖြစ်ပါတယ်။
အခုတလော ၄ပွင့်ဆိုင် သဘောတူညီချက်ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ NNER ကိုယ်စား လှယ်တွေက ပြောဆိုလိုက်ပါတယ်။
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းဟာ NNER ကိုယ်စားလှယ်တွေသာ ရေးဆွဲထားတယ်လို့ အစိုးရသတင်းစာတွေမှာဖော်ပြခဲ့မှုဟာ ၄ ပွင့်ဆိုင် သဘောတူညီချက်ကို ဆန့်ကျင်နေတယ်လို့ NNER ကိုယ်စား လှယ် ဒေါက်တာသိန်းလွင်က ပြောပါတယ်။
ဒေါက်တာသိန်းလွင်။ ။အဆင့်မြင့်ပညာဦးစီးဌါနမှာ ကျနော်တို့ NNER ကိုယ်စားလှယ်တွေရယ်၊ ကျောင်း သားကိုယ်စားလှယ်တွေရယ်၊ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေရယ်၊ ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင်တွေရယ် ပါဝင်ပြီးတော့ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို သတင်းစာမှာထည့်ပါတယ်၊ ဒီမူလဥပဒေနဲ့ ကျနော်တို့ လွှတ်တော်ကိုတင်လိုက်တဲ့ လေးပွင့်ဆိုင် အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းနဲ့ နှိုင်းယှဉ်တဲ့ဇယားပေါ်လာတယ်၊ အဲ့ဒီမှာတပ်တဲ့ခေါင်းစဉ်မှာပဲ လွဲချော်တာတွေ့တယ်၊ အဲ့ဒီမှာအပေါ်က လေးပွင့်ဆိုင် သဘောတူညီတယ်ဆိုတဲ့ စာပိုဒ်ကို ဖြုတ်လိုက်ပြီးတော့နောက် NNER ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီမှ ကျောင်းသားကိုယ်စားလှယ်များကိုယ်စား ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်း ဆန်းတို့ ရေးဆွဲလက်မှတ်ထိုးထားသည့် မူကြမ်းလို့ရေးထားတယ်၊ အဓိပ္ပါယ်လွဲအောင်လုပ်လိုက်တယ်။
ဒီရက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတက္ကသိုလ်တွေမှာ ပါမောက္ခချုပ်တွေ ဦးဆောင်ပြီး ကျောင်းသားသပိတ်ကို တန်ပြန်သပိတ် ဆောင်ရွက်နေမှုဟာလည်း လေးပွင့်ဆိုင် ကတိကဝတ်ကို ချိုးဖောက်ရာရောက်တယ်လို့ ကျောင်း သားတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ကို ကျောင်းသားသပိတ်တွေ ဝင်ရောက်ရင်အရေးယူမယ်လို့ အစိုးရရဲ့ ကြိုတင်ကြေညာချက် ဟာလည်း လေးပွင့်ဆိုင် သဘောတူညီမှုကို ချိုးဖောက်ရာရောက်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒာစစ်အောင်က ပြောပါတယ်။
ကိုနန္ဒာစစ်အောင်။ ။ရန်ကုန်မြို့သို့ ကျောင်းသားသပိတ်စစ်ကြောင်းများ ဝင်ရောက်လာလျှင် ဥပဒေ အရအရေးယူမည် ဆိုသည့်အချက်သည် ကြိုတင်သဘောတူညီချက် ၉ ချက်ပါ သပိတ်မှောက်ကျောင်းသားများနှင့် သပိတ်ကိုကူညီပံ့ပိုးသူများအား အရးယူခြင်းမပြုရန် သဘောတူညီချက်ကို စတင်ဖောက်ဖျက်ရာရောက်ကြောင်း သုံးသပ်ပါသည်။
လေးပွင့်ဆိုင် ကတိကဝတ်တွေကို ချိုးဖောက်ရာရောက်တဲ့ လုပ်ရပ်တွေရပ်တန့်ပေးဖို့ အကြောင်းကြားစာကို NNER နဲ့ ကျောင်းသားတွေက ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဥက္ကဌတွေအပြင် သံရုံးတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့သွားဖို့ ရှိပါတယ်။
လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိကဝတ်တွေကို ဖောက်ဖျတ်ရင် ဆန္ဒပြလှုပ်ရှားမှုတွေ ပြန်လည်ဆောင်ရွက် မှာ ဖြစ်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောပါတယ်။
ကိုဇေယျာလွင်။ ။ကျနော်တို့ ဒီလွှတ်တော်ရဲ့ အတည်ပြုချက်တွေဟာ ၄ ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းရေးက ထွက်လာတဲ့ရလာဒ်တွေကို သွေဖယ်ပြီးတော့ နောက်ထပ်အသစ်အသစ်တွေ ထွက်လာမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ သပိတ်တွေအားလုံး ပြန်လည်ပြီးတော့ စတင်ပြီးတော့ ပြန်လည်စမှာပါ၊ ကျနော်တို့က သပိတ်လှန်တာ မဟုတ်ပဲနဲ့ လွှတ်တော်ကို လေ့လာစောင့်ကြည့်နေတာပါ။
အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လာမယ့် ၂၈ ရက်နေ့မှာ တစ်စုံတစ်ရာ အကြောင်းထူးအောင် ကြိုးစားပေးဖို့နဲ့ အကြောင်းမထူးရင် လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ သပိတ်မှောက် ပင်မစစ်ကြောင်းဟာ ရန်ကုန်ကို ချီတက်လာမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်ရှင်။