တိုင်းပြည်ငြိမ်းချမ်းမှာ ဖံ့ွဖြိုးတိုးတက်မှာ မလိုလားသူတွေ ရှိနေသလား
2018.10.21

မြန်မာပြည်ငြိမ်းချမ်းရေးကို နှောင့်နှေးကြန့်ကြာအောင်လုပ်နေသူတွေ ၊ ဝေဖန်တဲ့သူတွေရှိနေပြီး နိုင်ငံဖွံ့ ဖြိုးတိုးတက်သွားမှာကို စိုးရိမ်နေကြသူတွေရှိနေတယ်လို့ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီကနေ့ မိုးကုတ်မြို့ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေးရပြီးရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ လမ်းစ ဖြစ်လာမယ်ဆိုတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ လုပ်ဆောင်နေသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထား ပါတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးတက်ဖို့ကို မလိုလားသူတွေရှိနေတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးအောင်မြင်သွားမှာကို မလိုလားသူတွေရှိ နေတယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။
နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲတွေရှိနေတဲ့နိုင်ငံဖြစ်ပေမယ့် သယံဇာတကောင်း တဲ့နိုင်ငံ၊ လူသားအရင်းအမြစ်စွမ်းရည်ကောင်းသူတွေရှိနေတဲ့အတွက် ငြိမ်းချမ်းရေးရပြီးဆိုရင် လမ်းကြောင်းမှန်ပေါ်ရောက် သွားပြီးဆိုရင် နိုင်ငံဟာအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
"ငြိမ်းချမ်းရေးကိုနှောင့်နှေးအောင်လုပ်တဲ့ ဝေဖန်တဲ့သူတွေအများကြီးရှိတယ်၊ ဘာလို့လဲ ကျနော်တို့လောက် အခြေအနေကောင်းတဲ့ သယံဇာတ ကျွန်တော်တို့လောက်လူသားရင်းမြစ် အခြေအနေ ကျနော်တို့လောက် ဦးနှောက်စွမ်းရည်ရှိတဲ့ လူမျိုးတစ်မျိုးအနေနဲ့ ကျနော်တို့နိုင်ငံဟာ တစ်ကယ်တန်း ငြိမ်းချမ်းရေးရသွားပြီးရင် လမ်းကြောင်းမှန်ပေါ်ရောက်သွားရင် အရှိန်အဟုန်နဲ့တိုးတက်သွားမယ်၊ ဒါကို စိုးရိမ်တဲ့သူတွေရှိတယ်၊ ကြောင့်ကျတဲ့သူတွေရှိတယ် မဖွံ့ဖြိုးစေချင်တဲ့သူတွေရှိတယ်၊ ဒါကြောင့်မို့ ကျနော်တို့က အခုလို အခြေအနေ အရပ်ရပ်နဲ့ကြုံတွေ့နေရတာဖြစ်တယ်"
PNLO အဖွဲ့ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ပြောကြားချက်ကို ထောက်ခံတယ်လို့ အခုလို ပြောပါတယ်။
"ရှိတယ် မှန်ပါတယ်ခင်ဗျ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှောင့်ယှက်ဟန့်တားတာတွေ၊ တိုက်ရိုက်သော် လည်းကောင်း တစ်ချို့ကလည်း သွယ်ဝိုက်သော်လည်းကောင်းပေါ့လေ နှောင့်ယှက်တာတွေရှိပါတယ်၊ EAO ဖက်မှာလည်းမရှိဘူးလို့ မပြောနိုင်ဘူးဗျ၊ ဝန်ခံရမှာဖြစ်ပါတယ်၊ မငြိမ်းမချမ်းဖြစ်တဲ့အတွက် တည်ငြိမ်မှုမရှိဘူး၊ ဥပဒေဖောက်တဲ့သူတွေကို တိုက်ရိုက်တိုက်ခိုက်ရမယ်ဆိုတော့ တပ်က ငွေပိုတောင်းတဲ့ အခါကျတော့ ကုန်ကျစားရိတ်တွေ ပိုများလာတာပေါ့၊ တိုင်းပြည်ရဲ့ ပညာရေးကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေမှာ သုံးရမယ့်ငွေတွေက ပြည်တွင်းစစ်စားရိတ်ထဲမှာ ထောင်းသွားတဲ့အခါကျတော့ တိုင်းပြည်ကဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက အလှမ်းဝေးတာပေါ့ဗျာ"
ငြိမ်းချမ်းရေးဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအပိုင်းမှာ တိုက်ရိုက်သက်ဆိုင်သလား မသက်ဆိုင်သလားဆိုတာကို နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးမောင်မောင်စိုးက အခုလို ထောက်ပြပြောပါတယ်။
"ဒီငြိမ်းချမ်းရေးမရသေးဘူးစစ်ပွဲတွေဖြစ်နေတယ် စစ်စားရိတ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အသုံးစား ရိတ်တွေမြင့်နေတယ်ဆိုရင်တော့ တိုင်းပြည်ဖွံ့ဖြိုးရေးက စစ်စားရိတ်ထဲမှာကုန်သွားလို့ရှိရင် ထိခိုက်တယ် လို့ပြောရမှာပေါ့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ နယ်မြေမအေးချမ်းလို့ရှိရင်လည်းပဲ တိုင်းပြည်ဖွ့ံ့ဖြိုးရေးလုပ်ဖို့ အခက်အခဲရှိတာပေါ့၊ ဒါပေမဲ့ ပြည်မဒေသတွေမှာ တိုက်ပွဲနဲ့လည်းဝေးနေတဲ့နေရာမှာ တတ်နိုင်သမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်လို့ရတဲ့အပိုင်းလေးတွေလည်း လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်ဖို့လိုအပ်တာပေါ့ နှစ်ဖက်ကို ချိန်ညှိပြီး စဉ်းစားဆုံးဖြတ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့ ’’
UPDJC အတွင်းရေးမှုးအဖွဲ့ဝင် SNLD ပါတီရဲ့ အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်ကတော့ နိုင်ငံဖွံ့ဖြိုးတက်ဖို့က ငြိမ်းချမ်းရေးမရသေးတာက အကြောင်းအချက်တစ်ခုဖြစ်ပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကလည်း သက်ဆိုင်တဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ထောက်ပြပါတယ်။
"နိုင်ငံဖွံ့ဖြိုးတိုးတက်မှုက ငြိမ်းချမ်းရေး တစ်ခုတည်းတော့ မဟုတ်ဘူးဗျ အခြေအနေအရပ်ရပ် အကုန်လုံး ပါပါတယ်၊ ငြိမ်းချမ်းရေးကိုပြောမယ်ဆိုရင် ဒါလက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းကို ပြောလို့မရဘူး ဒါနိုင်ငံရေးဆိုင်ရာ အခက်အခဲအကျပ်အတည်းကို ဖြေရှင်းနိုင်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေးက ပြီးမှာကိုး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခက်အခဲ အကျပ် အတည်းဖြစ်နေလို့ ပြုရပြင်ရမယ့်ဟာတွေရှိနေလို့ ကျင်းပနေတယ်လို့ပဲ ကျနော်တို့ကမြင်တယ် ပြည်သူတစ်ရပ်လုံး လိုလားတဲ့ တိုင်းရင်းသား အားလုံးနဲ့အဆင်ပြေတဲ့ သဟဇာတဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင် မချင်း မလုပ်နိုင်မချင်းကတော့ ဟိုလူ့လက်ညိုးထိုး ဒီလူ့လက်ညိုးထိုး ဒါကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး’’
လက်ရှိ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခက်ခက်ခဲခဲလုပ်ဆောင်နေရသလို USDP ပါတီလက်ထက်မှာလည်း ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတာဖြစ်လို့ အကောင်းဆုံးလုပ်ဆောင်ဖို့လိုတယ်လို့ USDP ပါတီက ဦးသိန်းထွန်းဦးကလည်း အခုလို ဝေဖန်ပါတယ်။
"ကျနော်တို့ ငြိမ်းချမ်းရေးမရအောင် အနှောင့်အယှက်အဟန့်အတားတွေ ဖြစ်တယ်ဆိုတာကတော့ ကျနော်တို့ လက်ထက်တွေမှာလည်း အခက်အခဲပေါင်းမြောက်များစွာရှိပါတယ်၊ ငြိမ်းချမ်းရေးကို လက်မှတ်ထိုးဖို့ဟာအတွက် ကျနော်တို့ ကြိုးစားနေတဲ့အချိန်မှာ ဒီလက်မှတ်ထိုးဖို့ကို စဉ်းစားသင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိတဲ့ကြားထဲကနေ ယခုထက်ပိုမိုအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေကို ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျ၊ ခုလက်တလော သူတို့အနှောင့်အယှက်ဖြစ်နေတယ်ဆိုတဲ့ အနှောင့်အယှက်တွေကတော့ ဘယ်လိုအနှောင့် အယှက်တွေလည်း ဆိုတာတော့ ကျနော်တို့ နားမလည်ပါဘူးခင်ဗျာ"
တိုင်းပြည်ငြိမ်းချမ်းဖို့က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ ဖြစ်နေပေမယ့်လည်း တိုက်ပွဲတွေမရှိတဲ့ ကျန်တိုင်းဒေသကြီးတွေမှာတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စွမ်းရည်ရှိသင့်တယ် လို့လည်း ဝေဖန်ထောက်ပြကြပါတယ်ခင်ဗျာ။