ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေးနဲ့ ဆေးအတုတွေရဲ့ အန္တရာယ် ဆရာဝန်တွေ သတိပေး

ခင်မောင်စိုး
2020.12.04

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ကမ္ဘာတဝန်း စတင်ထိုးနှံဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမယ့် ဒီကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနိုင်ဖို့အတွက် လပေါင်းများစွာ ကြာမြင့်နိုင်သလို ကာကွယ်ဆေးအတုတွေရဲ့ အန္တရာယ်လည်းကြီးမားလှတယ်လို့ ဆေးပညာရှင်တွေက သတိပေးနေပါတယ်။

အမေရိကန်ဆေးကုမ္ပဏီ Pfizer ဖိုင်ဇာ နဲ့ ဂျာမန်ဆေးကုမ္ပဏီ BioNTech ဘိုင်ယွန်တက်တို့ ပူးတွဲထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက စတင် အသိအမှတ်ပြုသုံးစွဲဖို့ ကြေညာခဲ့ပြီးနောက် ပထမ အသုတ်ကာကွယ်ဆေးတွေရောက်ရှိသွားပြီလို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဒေါက်တာတင့်ဆွေဟာ ဒီဗိုင်းရပ်စ်ကူးစက်မှုကို အနီးကပ်လေ့လာနေသူဖြစ်ပါတယ်။

“အနုတ် ၇ဝ ဒီဂရီရှိတဲ့ အထူးရေခဲသေတ္တာတွေနဲ့ ထည့်တဲ့ လေယာဉ်ပျံကြီး ဗြိတိန်နိုင်ငံကို ရောက်ပါတယ်။ ရောက်ပြီး မကြာခင် ဆေးထိုးမယ့်နေရာတွေကို ဖြန့်မယ်လို့ သတင်းထွက်ပါတယ်။ ထူးခြားတာက ဒီဆေးတွေ ဗြိတိန်နိုင်ငံမှာ ဘယ်နေရာမှာ ထားတယ်ဆိုတဲ့ အချက်အလက်ကိုတောင် ဗြိတိန်အစိုးရက ထုတ်မပြောပါဘူး”

ရန်ကုန်မြို့ရှိ လူထုအခြေပြုကျန်းမာရေးပညာရှင် ဒေါက်တာစစ်နိုင် က မြန်မာပြည်သူ အများစုအနေနဲ့ ဒီကာကွယ်ဆေးကို ချက်ခြင်း အမြန်ရရှိဦးမှာ မဟုတ်ဘူးဆိုတာ သတိပြုစေချင်တယ်လို့ ပြောပါတယ်။

“ ပြဿနာက ထိုးချင်တဲ့ အုပ်စု။ ဆေးဝါးအကြောင်းကို သေချာနားမလည်တာ စိတ်မရှည်တာ။ တချို့ကလည်း အစိုးရကို အပြစ်တင်တယ် မြန်မြန်ရအောင် မလုပ်နိုင်ဘူးလား။ သူတို့မလုပ်နိုင်ရင်လည်း ငါတို့ကို ပုဂ္ဂလိကကဏ္ဍကို တင်သွင်းခွင့်ပေးလိုက်ပါလားဆိုတဲ့ အဖွဲ့တွေ အုပ်စုတွေတောင် ရှိလာပြီ အခုက။ အစိုးရကတော့ ဟုတ်ပါတယ် နှေးတတ်တယ်။ အစိုးရယန္တရားဆိုတာ ကြီးတော့ နှေးတယ်။ အကုန်လုံးကို ချက်ချင်းဆုံးဖြတ်လို့ မရဘူး။ ပြဿနာက ကမ္ဘာပေါ်မှာ ကာကွယ်ဆေးက ခုလောလောဆယ် မလောက်သေးဘူး။ အရေအတွက်အားဖြင့် သန်း ထောင်ပေါင်းများစွာ ထုတ်လုပ်ရမှာဖြစ်တဲ့အတွက် တခါမှ အဲလောက်များတဲ့ ပမာဏ ဘယ်ဆေးကုမ္ပဏီမှ မထုတ်ခဲ့ဖူးဘူး။ ကာကွယ်ဆေး အောင်မြင်တဲ့ ကုမ္ပဏီတွေ ပေါင်းပြီးထုတ်ရင်တောင်မှ တကမ္ဘာလုံး လူစေ့ဖို့ လောက်ငှဖို့ တော်တော်လိုဦးမှာ အချိန်ကာလအားဖြင့် ။ ဆေးရလာပြီ အရေအတွက်မီပြီဆိုရင်တောင်မှ အပူချိန်အရမ်းအေးအောင် လုပ်ပြီးမှ အလွန့်အလွန်အေးအောင် ဝင်ရိုးစွန်းဒေသလောက်မှာရှိတဲ့ အပူချိန်မျိုးဖြစ်အောင် ချထားပြီးမှ ထိုးရမယ့်ဆေးဆိုရင် ကျနော်တို့နဲ့ အဆင်မပြေဘူး။ အဲဒီတော့ အိမ်သုံးရေခဲသေတ္တာမှာ ရှိတဲ့ အအေးဓာတ်လောက်နဲ့ ခံနိုင်တဲ့ ကာကွယ်ဆေးတွေ အဲလောက်နဲ့ထားရင် မပျက်စီးတဲ့ ကာကွယ်ဆေးတွေ များများပေါ်လာဖို့ လိုတယ်။ အဲဒါမျိုးရနိုင်မှ ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဆင်ပြေမယ်။ နောက် ရောက်လာပြီဆိုရင်တောင်မှ နယ်အနှံ့လူအနှံ့ ထိုးနိုင်ဖို့ဆိုတာ တော်တော်စီစဉ်ရဦးမှာ။ UK မှာတောင်မှ ရတဲ့ဆေးကို အကြာကြီး စီစဉ်ပြီး ထိုးရမှာ။ အရမ်းအေးတဲ့နေရာက ခွဲထုတ်ဖို့က တော်တော်ခက်ခဲတယ်။ ဗူးကြီးတခုမှာ တထောင်လောက် ပါတယ်ဆိုရင်တောင် အကုန်ထိုးနိုင်မှဖြစ်မယ် ဖောက်ပြီးတာနဲ့။ လူနည်းတဲ့နေရာမှာ ထိုးလို့မရဘူး လူများများရှိတဲ့နေရာမှာ တခါထဲထိုးမှ ရမယ်။”

ဒေါက်တာတင့်ဆွေက ဆေးဝါးမှန်သမျှ အားဆေးကအစ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဒီကာကွယ်ဆေးမှာလည်း တုံ့ပြန်မှုရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အသက်ရှင်မှုနဲ့ နှိုင်းစာရင် အဲဒီ ဘေးထွက်ဆိုးကျိုးဆိုတာ မပြောပလောက်ပါဘူးလို့ ဝေဖန်အကြံပေးပါတယ်။

“ ဒီကြားထဲမှာ ထူးခြားတာက အမေရိကန်ပြည်သူလူထုကလည်း လူအမျိုးမျိုးဗျ။ ကာကွယ်ဆေးအပေါ် မယုံကြည်လို့ မထိုးချင်တဲ့ ရာခိုင်နှုန်းက သိပ်မသေးဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးကို သမ္မတဟောင်းတွေကပါ သူတို့ကိုယ်တိုင်သွားထိုးမယ်လို့ အာမခံရတဲ့ အခြေအနေပါ။ ကျနော် ဆရာဝန်တဦးရဲ့ အမြင်ကတော့ FDA က တရားဝင်ခွင့်ပြုလိုက်တာနဲ့ ဒီဆေးဟာ စိတ်ချရတဲ့ ရာခိုင်နှုန်းက လက်သင့်ခံနိုင်တဲ့ အခြေအနေရောက်တယ်လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ တလလောက်က အမေရိကန် FDA က ၅ဝ ရာခိုင်နှုန်း စိတ်ချရရင်ကို သူက ခွင့်ပြုချက်ပေးမယ်လို့ ပြောတယ်။ ဆေးတကယ်တမ်းထွက်လာတော့ ဆေးကုမ္ပဏီတွေက ၉ဝ ရာခိုင်နှုန်း ပတ်ဝန်းကျင် စိတ်ချရတယ်လို့ ထွက်လာတယ်။ အဲဒီတော့ ကျနော့်အမြင်အရ ဆေးပညာရှင်တဦးရဲ့ အမြင်အရ ဒီဆေးဟာ စိတ်ချရတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။”

ဒေါက်တာစစ်နိုင်က လူတွေရဲ့ကြောက်ရွံ့မှုနဲ့ ကာကွယ်ဆေးအလျင်အမြန်ရလိုမှုကို အမြတ်ထုတ်မယ့် ဆေးအတုတွေ၊ အာနိသင် မရှိတဲ့ဆေးတွေကို သတိထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“အဲဒီတော့ ကြားထဲမှာ ဆေးတွေကို စိတ်မရှည်လို့ သွင်းလာတဲ့သူတွေ သွင်းဖို့အားပေးတဲ့သူတွေ ခိုးသွင်းတဲ့သူတွေရှိမယ်။ ခိုးသွင်းတဲ့သူတွေက ကြော်ငြာပြီးရောင်းမှာပေါ့ ရောင်းရင် မသိတဲ့သူတွေက ထိုးနိုင်တာပေါ့။ တကယ့် စစ်မှန်တဲ့ ကာကွယ်ဆေးဆိုတာ အစိုးရရဲ့ သေသေချာချာစိစစ်ရေး အာဏာပိုင်အဖွဲ့အစည်းတွေရှိမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြည့်ပေးတာရှိမယ်။ တကယ့်စိတ်ချယုံကြည်ရတဲ့ ကာကွယ်ဆေးပေါ်လာတဲ့အထိကတော့ စောင့်ကိုစောင့်ရမယ် စောင့်သင့်တယ်။ ကြားထဲမှာ စိတ်မရှည်လို့ ဈေးကြီးပေးဝယ်ပြီး စိတ်မချရတဲ့ ဆေးတွေထိုးလိုက်မိရင် အလွန်အန္တရာယ်ကြီးပါတယ်။ ဒီဆေးမှာပါတဲ့ အာနိသင်ကို ဆိုးဆိုးဝါးဝါးခံရတာ ဖြစ်နိုင်သလို ကိုယ်ကထိုးပြီး ကာကွယ်မှုလည်း မရဘူးဆိုရင် တော်တော် အန္တရာယ်ရှိပါတယ်။”

ဒေါက်တာ စစ်နိုင်နဲ့ ဒေါက်တာ တင့်ဆွေတို့ ၂ ဦးလုံးက ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် မရသေးခင်မှာ ပြည်သူတွေအနေနဲ့ ကာကွယ်ရေးကိုပဲ အဓိကထားလိုက်နာဖို့ အလွန်အရေးကြီးတယ်လို့ သတိပေးတိုက်တွန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။