ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူတွေ များလာ


2019.06.18
govt-army-622.jpg ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေစပြီး ပြင်းထန်လာနေခဲ့တာပါ။

ရက္ခိုင့်တပ်တော် AA ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့အထိ မိနစ် ၃၀ အထက် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲပေါင်း ၂၃၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ဒီတိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ တပ်မတော်က ဖမ်းဆီးတရားစွဲထားသူဦးရေဟာ ၆၁ ဦးအထိ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

သူတို့ကို ထောင်ဒဏ် ၁ဝ နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)နဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မ-၅၂ တွေနဲ့ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တရားရုံးမတင်ဘဲ သံသယနဲ့ဖမ်းဆီးစစ်ဆေးနေဆဲကတော့ လူဦးရေ ၃ဝ ကျော်ကျန်နေသေးတယ်လို့လည်း အဲဒီတပ်မတော်အရာရှိက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေက အများဆုံးဖြစ်ပြီး သူတို့ဟာ တရားနည်းလမ်းတကျမဟုတ်ဘဲ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။

မြောက်ဦးမြို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းလှိုင်က အခုလိုထောက်ပြပါတယ်။

“ပထမဆုံးအဖမ်းခံရတဲ့ ကျောင်းတောင်ဘက်က လူနာကိုလာပို့တဲ့လူ ကားပေါ်မှာ ပါလာတဲ့လူအားလုံးကို ခေါ်သွားတယ်။ လူနာကိုပါ ခေါ်သွားတယ်။ လူနာကို သေပြီးမှ ဆေးရုံကိုလာပို့တယ်။ တရားနည်းလမ်းကျသလား မကျလားဆိုတာ စဉ်းစားဖို့တောင်မလိုတော့တာ။ လူနာပို့တာကို ဖမ်းတယ်ဆိုတော့လေ။ နောက်တစ်ခါ အောက်သားကန်ရွာဖြစ်စဉ်မှာလည်း ဒီလိုပဲ။ ရွာထဲဝင်ပြီးတော့ တွေ့တဲ့လူတွေကို လျှောက်ဖမ်းသွားတော့ သောင်းကျန်းသူနဲ့ ဆက်သွယ်တဲ့ သတင်းကျော်ကြားမှုအနေအထား ဘာမှမပေါ်ဘူး၊ ရဲလည်းမပါဘူး ဖမ်းဆီးသွားတယ်ဆိုတော့ အဲဒါတရားနည်းလမ်းကျတဲ့ ဖမ်းဆီးခံရမှုမျိုး မဟုတ်ဘူးလို့ မြင်ပါတယ်”

တရားနည်းလမ်းတကျမဟုတ်ဘဲ ဖမ်းဆီးခံရမှုတွေရှိတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ရွာထဲမှာ မျက်နှာစိမ်းရှိလား၊ မသင်္ကာဖွယ်ရာလူရှိလား။ မသင်္ကာလူရှိရင်တော့ ဖမ်းပြီးတော့ ကျွန်တော်တို့ လုံခြုံရေးအရ ထိန်းသိမ်းတယ်၊ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ သူ့ရဲ့ပဏာမစစ်ကြောချက်တွေအရ မူမမှန်ဘူးဆိုရင်တော့ ကျွန်တော်တို့ကထိန်းသိမ်းတယ်။ ထိန်းသိမ်းပြီး ထပ်ပြီးတော့ စစ်ဆေးတယ်။ အဓိက ဒါမဟုတ်ဘူးဆိုရင်တော့ ပြန်လွှတ်ပေးတယ်။ ဟုတ်တယ်ဆိုရင် ကျွန်တော်တို့က တရားဥပဒေတွေအရ တရားနည်းလမ်းတကျ တရားစွဲတင်တာမျိုး ဆောင်ရွက်ရမှာပဲဖြစ်တယ်”

RFA က လေ့လာချက်အရ တိုက်ပွဲကာလတစ်လျှောက် ပျောက်ဆုံးသွားသူအရေအတွက်ဟာ ၁၀ ဦးထက်မနည်းရှိနေပြီး သူတို့ရဲ့နောက်ဆုံးအခြေအနေကို မိသားစုတွေက ဒီနေ့အထိသိခွင့်မရကြပါဘူး။

အဲဒီအထဲမှာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူတွေလည်း ပါဝင်တာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်း ရမ်းချောင်းဒေသမှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရန်အောင်ပြင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၆၁ နှစ်အရွယ် ဦးလှထွန်းချေကို တပ်မ-၂၂ စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဒါစိန်က RFA နဲ့ သီးသန့်တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်ဒါစိန်က သူ့ရဲ့အမျိုးသား ဦးလှထွန်းချေကို သွားရောက်တွေ့ဆုံရာမှာ တပ်မတော်သားတွေက ကြိုးနဲ့ တုပ်နှောင်ဖမ်းဆီးထားပြီး မကြာခင်မှာပြန်လွှတ်ပေးမယ်ဆိုပြီး ဒေါ်ဒါစိန်ကို အိမ်ပြန်ခိုင်းခဲ့ပေမယ့် ဦးလှထွန်းချေကတော့ အခု အချိန် ၄ လပြည့်တဲ့အထိ ဘာသတင်းမှ မရတော့ပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အခုလိုပြောပါတယ်။

“အစိုးရတပ်ကခေါ်သွားတာက အမှန်လို့ပြောရမှာပေါ့။ သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာမှာ သူ့မိန်းမကိုယ်တိုင်တွေ့တာကိုး။ ကျွန်တော်တို့က သူ သေဆုံးသွားပြီလို့ ယုံကြည်ထားကြပါတယ်။ အခုထိပြန်ရောက်မလာဘူးဆိုတော့ သေသွားပြီပေါ့။ သူကကျန်းမာရေးလည်း မကောင်းဘူးလေ။ တပ်ဘက်က အကြောင်းကြားတာလည်း တစ်ခုမှမရှိဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းခဲ့ရာမှာ ဒီစာရင်းဟာ သူ့ဆီမှာ မရှိဘူးလို့ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က မြောက်ဦးမြို့နယ်မှာ လက္ကာကျေးရွာမှာ လူ ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် စစ်ကြောရေးလုပ်စဉ် လူ ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂၄ ဦးထဲက ၂၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုထားပါတယ်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ သူတို့ဟာ AA အဖွဲ့ဝင်တွေဖြစ်ကြောင်း အတင်းအဓမ္မဝန်ခံထွက်ဆိုခိုင်းခဲ့တာတွေရှိခဲ့တယ်လို့ မေလ ၁၇ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ရမန်ယူစဉ် ဖမ်းဆီးခံထားရသူတွေ နဲ့ မိသားစုဝင်တွေက သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“လိုချင်တဲ့ပုံစံအတိုင်းပြောရကြောင်း၊ အဲဒီလိုမပြောရင် ရိုက်နှက်ကြောင်း၊ အမျိုးမျိုးနှိပ်စက်ကြောင်း၊ သံတုတ်တွေနဲ့ပါ ရိုက်နှက်ကြောင်း” ပြောဆိုခဲ့ကြတာပါ။

ဒီအချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီမှာ ပြောခဲ့တဲ့ဟာသည် သူက ခြိမ်းခြောက်လို့ ထွက်ဆိုပြောဆိုရတာပါလို့ပြောရင် တရားရုံးကပြန်လည်စစ်ဆေးမယ်။ တရားရုံးက ဒါတွေနဲ့ပတ်သက်ပြီး သက်သေတွေအနေနဲ့ လက်မခံဘူးဆိုပြီး သက်သေခံဥပဒေမှာပါတယ်။ ဒီဥပဒေရဲ့အားနည်းချက်ကို ဒါ အသုံးချတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အစိုးရတပ်ဘက်က ဒေသခံတွေကို လမ်းပြခေါ်ဆောင်တာတွေလည်း အတော်များများရှိနေပြီး ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးတဲ့သူတွေလည်း ရှိပါတယ်။

ဒီတိုက်ပွဲကာလအတွင်း ရက္ခိုင့်တပ်တော် AA ဘက်က ပလက်ဝမြို့နယ်အတွင်းမှာ ဖမ်းဆီးထားသူ ၁၂ ဦးရှိပါတယ်။

အဲဒီအထဲမှာ တပ်မတော်ထောက်လှမ်းရေးဟောင်း သုံးဦးပါဝင်ပြီး ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တပ်မတော်က ဖမ်းဆီးပြီးနောက် တပ်မတော်ရဲ့လက်ထဲမှာပဲ သေဆုံးခဲ့တဲ့ လူအရေအတွက်ဟာ ၁၁ ဦးထိရှိပါတယ်။

နှစ်ဘက်တိုက်ပွဲကာလတလျှောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ အရပ်သားသေဆုံးမှုကတော့ ၆၀ ခန့်ရှိနေပြီး ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ အရပ်သားကတော့ ၁ဝဝ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

( RFA သတင်းထောက် ကိုသန့်ဇင်ဦး စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။