မုံရွာမြို့နယ်မှာ PDF နဲ့ ဒေသခံ ရှစ်ဦး ပစ်သတ်ခံရ

2022.11.07
မုံရွာမြို့နယ်မှာ PDF နဲ့ ဒေသခံ ရှစ်ဦး ပစ်သတ်ခံရ စစ်ကိုင်းတိုင်းအတွင်းက ပျူစောထီးအဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - အညာသားလေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ထန်းလေးပင်ကျေးရွာနားမှာ စစ်ကောင်စီ တပ်နဲ့ PDF တပ်ဖွဲ့တွေ နိုဝင်ဘာလ ၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် PDF လေးဦးနဲ့ အရပ်သား လေးဦး စုစုပေါင်း ရှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကိုထောက်ခံရေးသားတဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာတော့ သေဆုံးသူ ရှစ်ဦးဟာ PDF တွေဖြစ်တယ်လို့ ဒီနေ့မနက်က ရေးသားဖော်ပြကြပါတယ်။ ဒါပေမဲ့ သေဆုံးသူ ရှစ်ဦးထဲက လေးဦးဟာ အရပ်သားတွေသာ ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ က RFA ကို ပြောပါတယ်။

"အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျဆုံးခဲ့တာကတော့ ပြည်သူက လေးယောက်ပေါ့နော်။ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူငယ် လေးယောက်ရယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကုန်လုံးက ဘောင်းဘီအရှည်တွေနဲ့ ပုံထဲမှာ တွေ့ရတယ်ပေါ့နော်။ ပြည်သူဆိုတာကတော့ ပုဆိုးဝတ်ထားပြီးတော့ သူတို့မှာ လက်နက်လည်း မပါဘူးဗျာ။ အကျီတစ်ထည်နဲ့ ပုဆိုးတစ်ထည်ပဲ ပါတဲ့လူကို သူတို့က PDF လို့ စွပ်စွဲပြီးတော့ အဲဒါက လုံးဝ PDF မဟုတ်ပါဘူးဗျာ။ ကျနော်တို့ စစ်ဘေးရှောင် ပြည်သူတွေထဲကနေပြီးတော့မှ ပြေးရင်းလွှားရင်းနဲ့ပေါ့နော်။ ကျည်မှန်သွားတဲ့ ပြည်သူတွေလို့ သိရပါတယ်ဗျ"

အရပ်သား လေးဦးဟာ ပြေးလွှားရင်း စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတာလို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ထန်းလေးပင်ကျေးရွာ တစ်ဝိုက်မှာ စစ်ကောင်စီတပ် စစ်ကြောင်း ရှိနေသေးတာကြောင့် သေဆုံးသွားတဲ့ အရပ်သား လေးဦးဟာ ဘယ်ရွာက ဖြစ်တယ်ဆိုတာကို လတ်တလော မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးမှုတွေကို အတည်ပြုဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်ကြောင်းမှာ ပျူစောထီးလို့ခေါ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် အင်အား ၁၅၀ ခန့်ပါဝင်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ကစလို့ မုံရွာမြို့နယ် တောင်ဘက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က အရပ်သားတွေ ပစ်သတ်ခံရတဲ့ဖြစ်ရပ်ကြောင့် ဒေသခံတွေအကြားမှာ စိုးရိမ် ထိတ်လန့်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ရှောင်တဲ့လူတွေက မိသားစုတွေက အဲလိုလည်း ကျန်ခဲ့တဲ့လူတွေကလည်း ရှိတာလေ။ ဒီသတင်းတွေကလည်း လေးယောက် ကျတယ်ပေါ့။ တကယ်လည်း ကျတာဟုတ်တယ်။ တချို့ကလည်း တငိုငို၊ တရီရီနဲ့ ဒီရှောင်နေတဲ့နေရာမှာတောင်မှ မငြိမ်မသက်တဲ့ပုံစံမျိုးနဲ့ အခုပဲ ထပြန်ရတော့မှာလိုလို အခု ဒီကနေ ဘယ်ကိုပြေးရမလဲ ပေါ့လေ။ အဲဒီလို ပုံစံမျိုးလေးတွေလည်း ရှိနေတယ်ဗျာ"

burned-monywa-tsp.jpg
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ကျေးရွာရှိ ​နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံနေရသည်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး)

မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကြောင်းဟာ မုံရွာမြို့နယ် တောင်ဘက်ပိုင်းမှာရှိတဲ့ ထန်းလေးပင်ကျေးရွာအပါအဝင် နဂါးတွင်း၊ နတ်စင်စု၊ ဂျိုးစု၊ သဲတိုက်၊ ချမ်းသာကျွန်း၊ ထိန်ပင်စု၊ နတ်ကြီးကျွန်း၊ ရန်နိုင်ကျွန်း၊ ဆူးလေကုန်း ရွာတွေဘက်ကို ဦးတည်ဝင်ရောက် နေတာကြောင့် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ဒီနေ့အထိ ဒေသခံ ၃၀၀၀ ကျော်ခန့် ကြောက်လန့် ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာလည်း လက်ခံ မဖြေကြားပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲဖြစ်လို့ အနိုင်ရပြီဆိုရင် PDF တွေ လုပ်တာလို့ နာမည်ကောင်းယူပြီး သေဆုံးခဲ့ရင်တော့ ပြည်သူတွေ ဖြစ်သွားကြောင်း ပြောဆိုလေ့ရှိတယ်လို့ ယခင်က တုံ့ပြန် ပြောဆိုထားပါတယ်။

"PDF ကို နှိမ်နင်းတဲ့ပုံစံမျိုးနဲ့ ပြည်သူတွေကို ရောယောင်ပြီးတော့ သတ်တယ်။ မီးရှို့တယ်။ ရွာတွေဝင်တယ်။ မိန်းကလေးတွေ တချို့ဆိုရင်လည်း Rape Case တွေ ဖြစ်တယ်"

မုံရွာလူထုသပိတ်ကော်မတီဝင် ကိုကာကတော့ အရပ်သားတွေသတ်ဖြတ်ခံရတဲ့ကိစ္စအပေါ် ပြည်သူတွေဘက်က လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

"PDF ကို နှိမ်နင်းတဲ့ပုံစံမျိုးနဲ့ ပြည်သူတွေကို ရောယောင်ပြီးတော့ သတ်တယ်။ မီးရှို့တယ်။ ရွာတွေဝင်တယ်။ မိန်းကလေးတွေ တချို့ဆိုရင်လည်း Rape Case တွေ ဖြစ်တယ်။ ရိုးသားတဲ့ ရွာသူရွာသားတွေ ရှာဖွေထားတဲ့ ပစ္စည်းတွေကိုလည်း ယူတယ် ပေါ့နော်။ ပြည်သူလူထုအနေနဲ့ အခုဖြစ်နေတဲ့ တော်လှန်ရေးကြီးမှာပေါ့၊ နောင် ခေတ်လူငယ်တွေမှာ ဒါမျိုးတွေ မကြုံရအောင်အတွက် အမြစ်ပြတ်တိုက်ပွဲမှာ တတ်နိုင်တဲ့နေရာကနေ ပါဝင်ပေးဖို့ကိုပဲ တောင်းဆိုချင်ပါတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် သေဆုံးရသူပေါင်း ၂၄၁၃ ဦးအထိ ရှိလာနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။