ဒေါ်အောင်ဆန်းစုကြည်ပါမှ နိုင်ငံရေးပြေလည်နိုင်မယ်လို့ NLD ပြော
2023.06.22

စစ်တပ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည်ရေးလမ်းစ မရနိုင်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၉ ရက်နေ့ မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့မှာ ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေးပြဿနာတွေကို ဖြေရှင်းရာမှာ ခြွင်းချန်ထားလို့ မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက်လည်း ပြည်တွင်း၊ ပြည်ပ အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့မရသလို၊ တွေ့ဆုံ ဆွေးနွေးရေး ဆိုတဲ့နေရာမှာလည်း စစ်ကောင်စီတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေးအင်အားစု အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။
“သူ့ကို ချန်လှပ်ထားပြီးတော့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ကြိုးစားနေတာဟာ သိုက်စာမပါဘဲနဲ့ သိုက်တူးနေကြသလို ဖြစ်နေမှာပဲလို့ ကျွန်တော် မြင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာက စစ်ကောင်စီနဲ့ပဲ တွေ့ဖို့ပြောနေတာ မဟုတ်ပါဘူး။ အခုအခြေအနေက စစ်တပ်က တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီးတော့ အဓမ္မအာဏာ လုယူလိုက်လို့ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ NLD ကြားမှာပဲ ဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။ စစ်အာဏာကို တည်ဆောက် ချင်တဲ့သူတွေနဲ့ ပြည်သူလူထု ကြားမှာ ဖြစ်ပေါ်နေတဲ့ ကာလရှည်ကြာနေတဲ့ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ ဒါကြောင့် အခုနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ERO တွေ မြန်မာ့ ပြဿနာကို ပြေလည်စေချင်တဲ့ မြန်မာလူထုအကျိုးစီးပွားကို လိုလားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ကို ဆိုလိုတာဖြစ်တယ် ဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြထားချင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ နောက်ပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ လူထုထောက်ခံမှုနဲ့ အပြတ်အသတ်အနိုင်ရတဲ့ ပါတီရဲ့ ခေါင်းဆောင်ဖြစ်နေတာ၊ ၇၈ နှစ်မြောက် မွေးနေ့ကိုလည်း မြန်မာပြည်က အလွှာအသီးသီးမှာ ကျင်းပနေကြတာတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထု ချစ်ခင်မှုရှိနေဆဲ ဖြစ်ပြီး သူ့ရဲ့ ခေါင်းဆောင်မှုကို လိုလားတယ်ဆိုတာ ပြသနေတာဖြစ်တဲ့အတွက် ချန်လှပ်ထားလို့ မရဘူးလို့ ဦးကျော်ထွေးက ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကတော့ အဓိကနေရာကနေ ရှိနေဆဲပဲ။ သူ့ရဲ့ အခန်းကဏ္ဍက ကုန်ဆုံးမသွားသေးဘူး"
ဒါ့အပြင် NLD အစိုးရသက်တမ်းမှာ တိုင်းပြည်အကျိုးအတွက် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်တဲ့ အတွေ့အကြုံရှိတာ၊ ကမ္ဘာ့နိုင်ငံတွေကလည်း ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားတာ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NLD ပါတီဝင်ထုတစ်ရပ်လုံးက သူ့ရဲ့ ဦးဆောင်မှုအောက်မှာ တညီတညွတ်တည်း ရှိနေဆဲအချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အလွယ်တကူလွှတ်ပေးမှာမဟုတ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးကြိုးပမ်းမှုတွေကနေ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မယ်လို့လည်း ဦးကျော်ထွေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ နိုင်ငံရေးညှိနိုင်းဆွေးနွေးမှုတွေရှိလာနိုင်သလားဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဒါကြောင့် စစ်တပ် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေး အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းတဲ့အခါ နိုင်ငံရေးပြဿနာ တွေကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ပါမှဖြစ်မယ်ဆိုတာမေးခွန်းထုတ်စရာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ခေါင်းကတည်နေတာက ဒါကိုဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်မှ အိုကေမယ်ဆိုတော့ ပြောင်းပြန် ပြန်တွေး လိုက်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စတွေအကုန်လုံး သူ့မှာ တာဝန်ရှိသလို ဖြစ်နေတယ်။ သူတို့ဘက်က စဉ်းစားတာက ဒေါ်အောင်ဆန်းစုကြည် ပါမှဖြစ်မယ်ဆိုတော့ ဘယ်လိုအချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ပါမှဖြစ်မယ်လို့ သူတို့သုံးသပ်တာလဲ။ ဒါကတော့ မေးစရာ ရှိတယ်။ PDF ဖြစ်လာတဲ့ကိစ္စရပ် NUG ရဲ့ လှုပ်ရှားနေ တဲ့ဟာက ဒေါ်စုရဲ့ အာဘော်ပါမှ ငြိမ်းချမ်းမယ်လို့ သူတို့တွက်သလား အဲဒီအတွေးက နည်းနည်းတော့ အန္တရာယ်ကြီးတယ် လို့ သုံးသပ်တယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိရေး ကြိုးပမ်းအားထုတ်တဲ့အခါ နိုင်ငံရေးနည်းလမ်းကိုပဲ တစိုက်မတ်မတ် ကိုင်စွဲခဲ့တယ်လို့ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NLD ရဲ့ အခုထုတ်ပြန်ချက် ထွက်မလာခင်ရက်ပိုင်းက နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မေလ ၂၇ ရက်နဲ့ ဇွန်လ ၄ ရက်နေ့တွေမှာ နှစ်ကြိမ်တိုင် သွားတွေ့ခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်ကောင်စီ ဘက်ကတော့ အဲဒီလိုသွားတွေ့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့စဉ်းစားမှာမဟုတ်ဘဲ အကြမ်းဖက်မှုတွေကိုသာ ဆက်တိုက်ထပ်တိုးပြီးကျူးလွန်လာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“စစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ပို့ရေးဆိုတာထက် ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်၊ ဗုံးကြဲ၊ အိမ်တွေ မီးရှို့လုပ်နေတဲ့ဟာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကိုတော့ နိုင်ငံတကာဖိအားတွေဘာတွေ ဖြစ်လာရင် စဉ်းစားကောင်း စဉ်းစားပါလိမ့်မယ်။ ကျန်တဲ့အချိန်ကတော့ အကြမ်းဖက်စစ်တပ်ဟာ သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှုကို ကျူးလွန်နေတဲ့ အုပ်စုဖြစ်တဲ့အတွက် လောလောဆယ် အဲဒီကိစ္စတွေ စဉ်းစားမယ်မထင်ဘူးလို့ ကျွန်တော်တော့ ပြောပါရစေ”
လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေဟာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ကျော်လွန်တဲ့ အခြေအနေကို ရောက်ရှိနေပြီး NLD ရဲ့ အခု ထုတ်ပြန်ချက်ဟာလည်း လက်ရှိအခြေအနေနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူးလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
နိုင်ငံတကာကတော့ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေကို အမြန်ဆုံးလွှတ်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာပါ။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံး ပြီးပြတ်သွားရင် သူ့ကို နေအိမ်ပြန်ပို့ဖို့ စဉ်းစားမယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက ပြောဆိုထားပေမယ့် လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲရှေ့နေအဖွဲနဲ့တောင် တွေ့ဆုံခွင့်မရဘဲ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထား ရပါတယ်။
တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းကို မသွားရင်တော့ တိုင်းပြည်အခြေအနေဟာ ပိုဆိုးလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ကျွန်တော်သုံးသပ်တာကတော့ အဲဒီလမ်းကပဲ သွားရမှာပဲလေ။ အဲဒီလမ်းမသွားရင် တိုင်းပြည်က အခြေအနေက ပိုဆိုးမှာ။ ဒါတွေဖြစ်သွားဖို့ဆိုရင် ညှိနှိုင်းရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဓိကနေရာကနေ ရှိနေဆဲပဲ။ သူ့ရဲ့ အခန်းကဏ္ဍက ကုန်ဆုံးမသွားသေးဘူး။ ကျွန်တော်တို့မြင်တာက သူ မပါရင်တော့ သိပ်ပြီးတော့ ထိရောက်မှာ မဟုတ်ဘူး။ အလုပ်ဖြစ်မှာမဟုတ်ဘူးပေါ့”
NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ အတွင်း ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စစ်တပ်ကစွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ အာဏာသိမ်းခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီးနောက် လက်ရှိမှာ နေပြည်တော် အချုပ်ထောင်တွင်းက အဆောက်အအုံတစ်ခုမှာ တစ်ဦးတည်း သီးခြား ထိန်းသိမ်းခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၉ ရက်နေ့ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ နဲ့ အရပ်သား ပြည်သူ ၃၆၇၂ ဦး အထိရှိလာပါတယ်။
အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လည်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာ မှာ ဖော်ပြထားပါတယ်။