ICJ ထိ ရောက်လာတဲ့ AA အရေး

သန့်ဇင်ဦး
2019.12.12

ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်လွတ်လပ်ရေးရဖို့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင်ရွက် နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ မနေ့ကလျှောက်လဲချက် ပေးတဲ့အထဲ ထည့်သွင်းပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံဘက်က စွပ်စွဲချက်တွေကို လျှောက်လဲချက်ပေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင့်တပ်တော် AA နဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

"ဥက္ကဌကြီးနဲ့ တရားသူကြီးများရှင့်၊ ရခိုင်ပြည်နယ်နဲ့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေဟာ ရာစုနှစ်များစွာကတည်းက တည်ရှိနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ ပိုမိုဆိုးရွား လာခဲ့တယ်။ လက်ရှိအချိန်မှာလည်း အင်အား ၅၀၀၀ ကျော်ရှိတဲ့ ရခိုင့်တပ်တော်နဲ့ တပ်မတော်တို့ အကြား မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေပါတယ်။ ဒါပေမဲ့ မနေ့တုန်းက ဂမ်ဘီယာဘက်က လျှောက်လဲကြသူတွေရဲ့  တင်သွင်းချက်တွေမှာ ဒါတွေကို တစ်ခုမှဖော်ပြကြတာမတွေ့ရပါဘူး။ ရခိုင့်တပ်တော် ဟာ အတိတ်သမိုင်းမှာထင်ရှားခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် ပြန်လည်ပေါ်ပေါက်လာရေးအတွက် ရခိုင်ပြည်နယ် လွတ်လပ်ရေး ဒါမှမဟုတ် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေကြပါတယ်။"


ဒီတိုက်ပွဲတွေကြောင့်ပဲ ရခိုင်ပြည်နယ်မှာ အရပ်သားထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာတွေ ဖြစ်ပေါ် စေပါတယ်။ လုံခြုံရေးအရကန့်သတ်မှုတွေ၊ ဥပမာ ညမထွက်ရအမိန်နဲ့ စစ်ဆေးရဂိတ်တွေ ချထားတာကြောင့် ဒေသတွင်းရှိတဲ့ ဘယ်အရပ်သားမဆို ဆိုးကျိုးတွေခံစားနေကြရပါတယ်။

မနေ့က သူ လျှောက်လဲချက်ပေးနေတဲ့အချိန်မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နားမှာရှိတဲ့ တပ်မတော်တပ်ရင်း တစ်ခုကို AA က အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်တိုက်ခိုက်နေတဲ့အပြင် အင်အား ၂၀၀ လောက်ရှိတဲ့ နောက်ထပ် AA တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေကလည်း ရခိုင်ပြည်နယ် အမ်းမြို့နားမှာရှိတဲ့ တပ်မတော်စစ်ကြောင်း တစ်ခုကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။

ဒါကြောင့် ICJ တရားရုံးအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်ချမ်းရေး၊ လုံခြုံရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားသွားစေမယ့် ဆုံးဖြတ်ချက်မျိုးကို  ရှောင်ရှားပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည့်က မေတ္တာရပ်ခံ ခဲ့ပါတယ်။



နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောခဲ့တဲ့အပေါ် ရခိုင့်တပ်တော် AA ကမငြင်းဆိုပါဘူး။

ရခိုင့်တပ်တော် AA  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရခိုင်နိုင်ငံတော်ကို ပြည်ထူထောင်လိုစိတ်ရှိတာဟာ တကယ်ရှိခဲ့တာကို မျှော်လင့်တာဖြစ်လို့ တရားနည်းလမ်းကျတယ်လို့ တုံ့ပြန်ပါတယ်။

"ရခိုင်နိုင်ငံတော်ကို ရခိုင်ပြည်သူတွေကနေပြီးတော့ မျှော်လင့်တယ် တောင့်တတယ်ဆိုတာကတော့ ဒါတကယ် ရှိခဲ့တာကို တကယ်တောင့်တတာပဲဖြစ်တယ်ဗျ၊ အဲတာကတော့ ဒါ ရခိုင်တွေအနေနဲ့ မျှော်လင့်တောင့်တခွင့် ရှိတာပေါ့နော်၊ ဘယ်နိုင်ငံတကာစံနှုန်းနဲ့ပဲကြည့်ကြည့်ပေါ့ဗျာ၊ ရခိုင်တွေအနေနဲ့ ရခိုင်နိုင်ငံတော်ကို မျှော်လင့် တယ်ဆိုတဲ့ဟာက ဒါတရားနည်းလမ်းကျတဲ့ကိစ္စဖြစ်တယ်လို့ ဒါကျွန်တော်ကတော့ အဲလိုယူဆတာပေါ့၊ ဖိနှိပ်ခံနေရတဲ့ လူမျိုးတစ်ခုအနေနဲ့ ဖိနှိပ်နေတဲ့အစိုးရကို တော်လှန်တိုက်ခိုက်တယ်ဆိုတဲ့ဟာကတော့ ဒါကမ္ဘာ့နိယာမတရားပဲဖြစ်တယ်ဗျ၊ မတော်လှန်စေချင်ရင် မဖိနှိပ်နဲ့ပေါ့ဗျာ၊ ဖိနှိပ်မှုရှိနေရင်တော့ တော်လှန်မှုက မုချရှိမှာပဲ။"

ရခိုင်နိုင်ငံတော်ကို ၁၇၈၄ ခုနှစ်မှာ ဗမာအရှင်ဘုရင် ဘိုးတော်မောင်ဝိုင်းက တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ခိုင်သုခကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ICJ မှာမထွက်ဆိုခင် ရက်ပိုင်းအလိုမှာ ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာန အင်တာဗျူးမှာ လာမယ့် ၂၀၂၀ ကစပြီးတော့ ရခိုင်မှာရှိတဲ့ လုပ်ငန်းတွေ ULA/ AA ကို အခွန်ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း “ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” ကို ဖွဲ့စည်းပြီးတော့ အစိုးရသဏ္ဍာန် စတင်လိုက်တာဖြစ်တယ်လို့ ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ရဲပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာနော် ရခိုင်ပြည်မှာနေရင်တော့ ရခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့ရဲ့ လက်အောက်မှာရှိကိုရှိရမှာဖြစ်တယ်ဗျ၊ အခုမကောက်ရင်လည်း နောင်တော့ ကောက်ခံ သွားမှာဖြစ်တယ်၊ အခွန်ကတော့ ဒါမပေးလို့မရဘူးဗျနော်၊ နည်းတာများတာနဲ့မဆိုင်ဘူး၊ လုပ်ငန်းကိုမထိုက်စေရ ဆိုတဲ့ဟာတော့ ရှိတာပေါ့ဗျာ၊ တဖက်မှာတော့ အခွန်ကိုတော့ မရရအောင် ထည့်ဝင်ရမှာပေါ့၊ အားလုံးပါလာအောင်လည်း ကျွန်တော်တို့လုပ်ဆောင်သွားမှာဖြစ်တယ်၊ ကျွန်တော်တို့ ULA/ AA ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ဝင်ရောက်နှောင့်ယှက်လာတယ်ဆိုရင်တော့ အဲဒီရဲစခန်းတွေကို ဒီအတိုင်းကြည့်ထားမှာတော့ မဟုတ်ဘူး။"

ပြီးခဲ့တဲ့ ဇွန်နဝါရီလတုန်းက ရခိုင့်တပ်တော်ကို အမြစ်ပြတ်ရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောကြားခဲ့တာရှိကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ဖူးပါတယ်။

ရခိုင့်နိုင်ငံတော်စီမံကိန်းအတိုင်း ဆက်သွားနေရင် အကောင်အထည်ပေါ်မယ့်အစား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ကပြည်သူတွေပဲ ဒုက္ခရောက်နိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"သမိုင်းနာကျင်မှုတွေကို ဒီနေ့ကာလမှာပြန်ဖော်ထုတ်ပြီးတော့ ဒါတွေကြိုးပမ်းတယ်ဆိုတာ နိုင်ငံရေးအရ သိပ်ပြီးတော့ အဓိပ္ပာယ်မရှိဘူး၊ အလားအလာလည်းမရှိပါဘူး၊ တကယ်ဖြစ်နိုင်တဲ့ အခြေအနေလည်းမရှိပါဘူး၊ တကယ်ဖြစ်လာမှာကတော့ ရခိုင်ကတပ်အနေနဲ့ အဲလိုလှုပ်ရှားမှုတွေ ပိုများလာလေလေ ရခိုင်ပြည်သူလူထုတွေ ဒုက္ခရောက်လေလေပါ့၊ ဒီလုပ်ငန်းကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့ ကံကြမ္မာက ဒီထက်ပိုပြီးတော့ဆိုးရွားတဲ့ အနေတွေအထားတွေကို ကြုံရလိမ့်မယ်၊ နောက်တစ်ခုက ရခိုင်ပြည်ရဲ့ဖွံ့ဖြိုးမှု တိုးတက်မှုကလည်း ပိုပြီး နောက်ကျလိမ့်မယ်လို့ ထင်ပါတယ်၊ စစ်ရေး အရလည်း ဒါဟာဖြစ်နိုင်တဲ့အကြောင်းအချက်မရှိပါဘူး"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ AA ရဲ့ တော်လှန်ရေး ကာလမှာ အစိုးရသဏ္ဍာန်စတင်လိုက်တဲ့ကိစ္စနဲ့  ရခိုင့်ပြည်သူအာဏာပိုင်အဖွဲ့လုပ်ဖို့ အသက်သွင်းလိုက်တဲ့ ကိစ္စတွေဟာအရင်ကတည်းကသူတို့ပြောထားတဲ့ကိစ္စတွေပဲဖြစ်လို့ ထူးထူးဆန်းဆန်းအကြောင်းအရာ မဟုတ်ဘူးလို့ RFA ကို မနေ့ကပြောပါတယ်။

"သူတို့ကလည်း သူတို့ရည်ရွယ်ချက်ကို အရင်ကအတိုင်းပြောပီးသားပါ၊ သူတို့လုပ်နေတာကိုက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို သူတို့နဲ့အစားထိုးဖို့လုပ်နေတယ်ဆိုပြီး သူတို့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြီး ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်လာခြင်းဟာလည်း ဒါထူးထူးဆန်းဆန်းအကြောင်းအရာတော့ မဟုတ်ဘူး၊ ထုတ်ပြောတာနဲ့ ထုတ်မပြောတာပဲရှိပါတယ်၊ အခုကတော့ ထုတ်ပြောလာတဲ့သဘောပေါ့လေ၊ နဂို ရည်မှန်းချက်ကတည်းကလည်း ရှိပြီးသားအဖွဲ့အစည်းဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်းနယ်စပ်ဖြစ်တဲ့  မြေပုံမြို့အပါအဝင် တောင်းပိုင်းထဲမှာပါဝင်တဲ့ မအီမြို့နဲ့ ကျောက်ဖြူမြို့နယ်တွေအထိပါ ကူးစက်လာနေပါတယ်။

လက်ရှိအချိန်မှာ တစ်နှစ်နီးပါးကြာမြင့်လာတဲ့ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ကိုးသောင်းကျော်အထိ မြင့်တက်လာပြီးတော့၊ အရပ်သားထိခိုက်သေဆုံးမှုဟာ တစ်ရာကျော်ထိရှိလာပါပြီ။

တိုက်ပွဲတွေဟာလည်း နေ့တိုင်းဆိုသလို ဖြစ်ပွားလျှက်ရှိနေပြီးတော့ တပ်မတော်ဘက်ကလည်း ကြည်း၊ ရေ၊ လေ သုံးမျိုးစလုံးကို အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။