ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် အထူးစိုးရိမ်ကြောင်း NLD ပြော
2023.09.13

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ် တဲ့ အစားအစာနဲ့ နေရာထိုင်ခင်း တွေ သင့်တင့်မျှတအောင်မလုပ်ပေးဘဲ အသက်အန္တရာယ် ရှိစေဖို့ ရည်ရွယ်ဖမ်းဆီးထားတဲ့အတွက် အထူးစိုးရိမ် ပူပန်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က စက်တင်ဘာ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ် ကိုပါ ထိခိုက်မှု ဖြစ်လာရင် စစ်ကောင်စီမှာ အပြည့်အ၀တာဝန်ရှိတယ်လို့လည်း NLD က ပြောပါတယ်။
စစ်ကောင်စီဆက်လက်ရပ်တည်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦး အဖြစ် ပြန်ပေးဆွဲ ထားသလို နိုင်ငံရေးအကျဉ်းသားတစ်ဦး ရပိုင်ခွင့် အခွင့်အရေးတွေကို တောင်မပေးဘဲ လျှို့ဝှက်ထားတဲ့နေရာတွေမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“တကယ် တစ်ခုခုသာဖြစ်သွားခဲ့ရင် စစ်ကောင်စီမှာ တာဝန်အပြည့်အ၀ ရှိတယ်ဆိုတာ ပြောကြားချင်ပါတယ်"
လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိသေးတဲ့အတွက် သူရဲ့ အသက်အန္တရာယ် အထိ စိုးရိမ်နေရတာလို့ NLD ပါတီရဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသေးတဲ့ အတွက် သူ့ရဲ့ အသက်အန္တရာယ်ထိကို ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ နိုင်ငံရေးဓားစာခံ တစ်ဦးအဖြစ်နဲ့ ဆိုလိုချင်တာပါ ကြားခံတစ်ဦးအဖြစ်ဆိုတာက။ စစ်ကောင်စီဟာ သူ့ရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပစ်ရပါမယ်။ ပြီးရင် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရပါမယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဩဂုတ်လကုန်ပိုင်းက သွားဖုံးရောင်ရောဂါနဲ့ ပြင်းထန်တဲ့ သွားကိုက်ဝေဒနာ ခံစားနေရပေမယ့် နေပြည်တော် အချုပ်ထောင် ဆရာဝန်ကသာ လာရောက်စစ်ဆေးပေးခဲ့ပြီး ပြင်ပ သွားဆရာဝန်နဲ့ ကုသခွင့်ရဖို့ ကြန့်ကြာနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သွားဖုံးရောင်တာနဲ့ သွားကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတာကြောင့် ပြင်ပက သွားဆရာဝန်နဲ့ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်းဆိုထားပေမယ့် စစ်ကောင်စီ ဘက်က ခွင့်ပြု၊ မပြုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“တကယ် တစ်ခုခုသာဖြစ်သွားခဲ့ရင် စစ်ကောင်စီမှာ တာဝန်အပြည့်အ၀ ရှိတယ်ဆိုတာ ပြောကြားချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေနဲ့ အမြန်ဆုံးပေးတွေ့ ရမယ်။ သူရဲ့ မိသားစုတွေနဲ့ ပေးတွေ့ရမယ်။ ပထမဦးဆုံးက သူ့ရဲ့ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ အကုန်ဖြည့်ဆည်းပေးရမယ်။ အဲဒါအတွက် တောင်းဆိုပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာကလည်း တောင်းဆိုနေတယ်။ နိုင်ငံတကာအနေနဲ့ကလည်း အခုချိန်ဆိုရင် ICRC လိုမျိုးကလည်း သွားရောက်ပြီးတော့ တွေ့ဆုံခွင့်ရပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးဖို့ လိုအပ်တယ်ဆိုတာလည်း ပြောကြားချင်ပါတယ်”
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချထားသလို မိသားစုနဲ့ ဆက်သွယ်ခွင့် မပေးတာ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မပေးတာ၊ ပြင်ပဆရာဝန်နဲ့ ဆေးကုသခွင့် မပေးတာတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီ လက်ထဲရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ ပိုပြီးတိုးတက် ကောင်းမွန်တဲ့ အနေအထားတစ်ရပ်ရောက်အောင်တော့ စစ်ကောင်စီကိုပဲ ကမ္ဘာကြီးက ပိုမိုဖိအားပေးဖို့ လိုနေပြီလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အသက်ဆက်လက်ရှင်သန်နေသမျှကာလပတ်လုံး သူတို့ ကတော့ ဒီလို လူ့အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်မှုတွေ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး။ နောက်ဆုံး အကြောင်းအချက်တစ်ခုကြောင့် သူတို့သတ်တာမဟုတ်ဘဲနဲ့ သေသွားရင်တောင် ကောင်းတယ်လို့ သူတို့က သဘောထားနေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီကိုပဲ ၀ိုင်းဝန်းပြီးတော့ ဖိအားပေးရမယ်။ ၀ိုင်းဝန်းပြီးတော့ ဝေဖန်ရှုတ်ချမှုတွေ လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ပိုမိုပြီးတော့ တိုးတက်ကောင်းမွန်လာတဲ့ အနေအထားတစ်ရပ်ရောက်အောင် ကမ္ဘာကြီးက ၀ိုင်းဝန်း ကြိုးပမ်းရမယ့် အနေအထားရှိပါတယ်”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ အခုလို စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွေ ထုတ်နေတာဟာ နစကကို နိုင်ငံရေးအရ အပြစ်လွှဲချချင်တဲ့အတွက် လုပ်နေတာလို့ ဆိုပါတယ်။
“သူ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရဘူး။ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှု ဖြစ်တယ်ဆိုတော့ အဲဒီကျန်းမာရေးစောင့်ရှောက်မှုကောင်းကောင်းမရဘူးဆိုတဲ့ သတင်းကို သူတို့ဘယ်ကရတာလဲ။ ဘယ်က သိတာလဲပေါ့ အဲဒီတစ်ချက်ကို မေးခွန်း အဖြေရပြီးပြီဆိုရင်တော့ နောက်ပိုင်းဟာ ဆက်ဆွေးနွေးလို့ လွယ်ပါတယ်။ အဓိက အဲဒီလိုမျိုးဖြစ်လာတဲ့ ထုတ်ပြန်ချက်တွေပေါ့နော်၊ စိုးရိမ်ချက်တွေရဲ့ နောက်ကွယ်က ဟာကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုဖြစ်ရင်တော့ ဖမ်းဆီးထိန်းသိမ်ထားတဲ့သူ တွေမှာ အပြစ်ရှိတယ် ဆိုတော့ အဓိက ကတော့ လောလောဆယ် နစကနဲ့ ပတ်သက်လို့ အပြစ်လွှဲချချင်တာပဲ။ ရည်ရွယ်ချက်က ဘယ်သွားနေလဲဆိုတော့ အဲဒီကိုသွားနေတယ်”
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာ ထိန်းသိမ်းထားတယ်၊ သူ့ရဲ့ ကျန်းမာရေး ဘယ်လိုရှိတယ် ဆိုတာတွေကို ထုတ်ဖော်ပြောဆိုလေ့မရှိသလို မိသားစုဝင် တွေ၊ သူ့ရဲ့ ရှေ့နေတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကတော့ သူ့ရဲ့ မိခင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ထား တဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ စက်တင်ဘာ ၄ ရက်နေ့က The Independent သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင် တချို့က မေးခွန်းထုတ်နေကြသလို စိုးရိမ်ပူပန်နေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအကြီးတန်းအရာရှိ Daniel Kritenbrink က ပြောဆိုတဲ့အကြောင်း စက်တင်ဘာလ ၇ ရက်က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး ခြွင်းချက် မရှိ လွတ်မြောက်ဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေက လက်ရှိအခြေအနေထက် ပိုမို အားကောင်းတဲ့ တွန်းအားနဲ့ ဝန်းရံတိုက် တွန်းပေးကြဖို့လည်း NLD ပါတီက ဒီနေ့ထုတ်ပြန် ချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရချိန် သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရဖို့ ရှိနေပါတယ်။