ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့တာ စစ်ကောင်စီအကျိုးအတွက်လို့ NUG ဝေဖန်

ရဲခေါင်မြင့်မောင် - ဝါရှင်တန်ဒီစီ
2023.07.12
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့တာ စစ်ကောင်စီအကျိုးအတွက်လို့ NUG ဝေဖန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
Lillian SUWANRUMPHA, Ye Aung THU / AFP

မြန်မာစစ်တပ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ဒီနေ့ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်နေကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

"သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို စစ်ကောင်စီ အလိုကျ လိုက်ထုတ်ပေးနေတဲ့ သဘောလို့ပဲ ကျွန်မတို့ မြင်တယ်"

ဒါဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ပက တာဝန်ရှိသူ သံအရာရှိ တစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာ ပြောဆိုဆွေးနွေးမှုတွေအကြောင်း အသေးစိတ်ကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် အကျဉ်းထောင်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တစ်နာရီကျော် ကြာမြင့်ခဲ့တဲ့အကြောင်း၊ တွေ့ဆုံမှု အသေးစိတ်ကို ဒီနေ့ ပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးမှာ အခြား အာဆီယံ ဝန်ကြီးတွေကို ရှင်းပြမှာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရုံး ပြောခွင့်ရပုဂ္ဂိုလ် ကန်ချာနာ ပတ်တာရာချုတ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွန်ဝီနိုင်းဟာ အာဆီယံထိပ်သီးညီလာခံတွေ တက်ခွင့်ပိတ်ပင်ခံထားရတဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြား အာဆီယံဝန်ကြီးတချို့ကို ဖိတ်ကြားပြီး အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် မြန်မာ့ပြဿနာကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက်ငါးရပ် အောင်မြင်ရေးကို တစ်ခုတည်းသော နည်းလမ်းအဖြစ် ရှုမြင်ထားတဲ့ တခြားအာဆီယံနိုင်ငံတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုဟာ စစ်ကောင်စီရဲ့ အကျိုးအတွက် အချိန်ကိုက် ဖန်တီးမှု တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“တွေ့တယ်၊ မတွေ့ဘူးဆိုတာတောင်မှ ကာယကံရှင် ကိုယ်တိုင်ပြောမှ ယုံရမယ့် အနေအထားမှာ၊ အခု ကာယကံရှင်ကို အချုပ်အနှောင်ထဲမှာထားပြီး၊ သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို စစ်ကောင်စီ အလိုကျ လိုက်ထုတ်ပေးနေတဲ့ သဘောလို့ပဲ ကျွန်မတို့ မြင်တယ်။ ဒါကလည်း အာဆီယံ အစည်းအဝေး မတိုင်ခင်မှာ အချိန်ကိုက်ပြီး၊ သေသေချာချာ well plan နဲ့ စစ်ကောင်စီအတွက် အကျိုးရှိအောင် ပြင်ဆင်တဲ့ ခရီးစဉ်နဲ့ သတင်းထုတ်ပြန်မှု၊ ပျံ့နှံ့မှုဖြစ်လာတယ်လို့ပဲ သုံးသပ်ပါတယ်”

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ပြောခွင့်ရသူ ကိုနေဘုန်းလတ်ကလည်း ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ကြားဝင်စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ တရားဝင် လုပ်ပိုင်ခွင့်ရထားတဲ့သူ မဟုတ်တဲ့အပြင် အလေးအနက်ထား ရှုမြင်လို့ မရနိုင်တဲ့အကြောင်း RFA ကို ပြောပါတယ်။

“အာဆီယံမှာဆိုရင် ASEAN special envoy တို့ ဘာတို့လည်းရှိတယ်။ ဒီ special envoy တို့ ဘာတို့နဲ့တောင်မှ တွေ့ဆုံခွင့် မရဘဲနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ စစ်ကောင်စီက ပေးတွေ့တယ်ဆိုတဲ့ ကိစ္စပေါ့။ အဲဒီကိစ္စကလည်း သူက ဘယ်လောက်အထိ mandate ရှိလဲပေါ့။ မကြာခင်လည်း ရာထူးက နုတ်ထွက်ရမယ့် ပုဂ္ဂိုလ်လည်းဖြစ်နေတယ်။ ဒါ အာဆီယံကိုလည်း ကိုယ်စားမပြုဘူး။ သူ့ကိုလည်း ဘယ်သူမှ အခုလို သွားတွေ့ဖို့၊ သတင်းစကား ယူဆောင်ဖို့ mandate ပေးထားတာ မရှိဘူး။ NUG အနေနဲ့ကလည်း ကျွန်တော်တို့ ခေါင်းဆောင်က မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတာကနေ လွတ်လာပြီး သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ အခုက အခြား သူရဲ့ Mandate မရှိတဲ့သူရဲ့ တစ်ဆင့်စကားတွေအပေါ်မှာ သိပ်ပြီးအလေးအနက်ထားပြီး စဉ်းစားဖို့ မလိုဘူးလို့ ယူဆပါတယ်”

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းအား ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Lillian SUWANRUMPHA / AFP)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းအား ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Lillian SUWANRUMPHA / AFP)

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်ကတော့ ဒီလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ သွားရောက်တွေ့ဆုံမှုကြောင့် ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ မယူဆဘဲ၊ နွေဦးတော်လှန်ရေးကသာလျှင် မြန်မာနိုင်ငံ ပြဿနာအတွက် အဖြေဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“Surprise ဖြစ်သွားအောင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကိုရော၊ ကျန်တဲ့ သူတွေကိုရော surprise ဖြစ်သွားအောင်၊ အာဆီယံ ဥက္ကဋ္ဌကိုပါ ကြောရိုက်လိုက်တာ။ အာဆီယံ ဥက္ကဋ္ဌကို မင်းဘာပြောချင်သေးလဲ။ ငါဒီလို စွမ်းတယ်ကွာ။ ဘယ်လို တွေ့ခဲ့ပြီ၊ မင်းတို့ ငြိမ်နေကြတော့လို့ အာဆီယံကို ပြောလိုက်တာ။ ဒါပေမဲ့ ဘယ်လိုတွေ့ခဲ့တယ်၊ ဘယ်လို ပြောတယ် ဆိုတာကျတော့ သူ မပြောဘူး။ ထုတ်ရိုက်ဖို့ သက်သက်ပဲ သွားတွေ့တာဖြစ်တယ်။ သူကတော့ လျှို့ဝှက်ချက်တွေလည်း နည်းနည်းပါးပါး သိချင်လည်း သိမှာပေါ့။ ဒါပေမဲ့ သူက ပြုတ်တော့မှာလေ။ သူ့အစိုးရက ပြုတ်တော့မှာ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပြပြီး အာဆီယံ အစည်းအဝေးကြီးကို ထိန်းနိုင်ဖို့ ထုတ်ရိုက်တယ်လို့ အဲဒီလိုပဲ ထင်မြင်ယူဆပါတယ်။ တကယ်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ပဲ ကိုယ့်ဘာသာ တိုက်ယူမှပဲ ပြီးမယ့်တိုက်ပွဲပဲလို့ ယူဆပါတယ်”

အခု အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာလည်း မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့၊ သဘောတူညီမှု မရနိုင်တဲ့အတွက်၊ အာဆီယံ နိုင်ငံတွေအကြား ညီညွတ်ဖို့လိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောကြားခဲ့ပါတယ်။

ဒီနေ့ ဆက်လက် ပြုလုပ်တဲ့ ညီလာခံ ဒုတိယနေ့မှာ၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ပိုဆိုးလာနေတဲ့ ပဋိပက္ခ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ပြီး ကန့်ကွက်ရှုတ်ချကြောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလို အရပ်သား ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှု အားလုံးကိုရပ်တန့်ပြီး တိုက်တွန်းကြောင်း ရက်တနို မာဆူဒီက ပြောသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။