ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့်ရရှိရေး စောင့်ဆိုင်းနေရဆဲ
2023.09.05

ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုရက်ပိုင်းမှာ သွားဖုံးရောင်ရောဂါနဲ့ ပြင်းထန်တဲ့ သွားကိုက်ဝေဒနာ ခံစားနေရပေမယ့် နေပြည်တော် အချုပ်ထောင် ဆရာဝန်ကသာ လာရောက်စစ်ဆေးပေးခဲ့ပြီး ပြင်ပ သွားဆရာဝန် နဲ့ ကုသခွင့်ရဖို့ ကြန့်ကြာနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သွားဖုံးရောင်တာနဲ့ သွားကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတာကြောင့် ပြင်ပက သွားဆရာဝန်နဲ့ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆို ထားပေမယ့် စက်တင်ဘာ ၅ ရက် ဒီနေ့အထိ ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။
ထောင်အာဏာပိုင်တွေက ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအထိ အဆင့်ဆင့် တင်ပြထား ပြီး အခုချိန်ထိ အကြောင်းပြန်မလာသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦး RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်ကြောင်း ပြီးခဲ့တဲ့လက သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုနောက်ပိုင်း မှာတော့ ထောင်ထဲမှာပဲ ရှိနေတယ်လို့ သူက ဆိုပါတယ်။
"စစ်အုပ်စုလက်ထဲမှာရှိနေလို့ ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာဟာ အမျိုးမျိုး ဖြစ်ချင်ရာ ဖြစ်သွားနိုင်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့အနေအဖွဲ့ကလည်း သူ့အတွက် ထောင်ဝင်စာပစ္စည်းတွေကို တနင်္လာနေ့တိုင်း တစ်ပတ်တစ်ကြိမ် နေပြည်တော်အချုပ်ထောင်ကိုသာ ပို့ပေးနေရတာပါ။ စက်တင်ဘာ ၄ ရက် မနေ့ကလည်း နေပြည်တော်အချုပ်ထောင်ထဲကိုပဲ ထောင်ဝင်စာ ပစ္စည်းတွေ ပို့ဆောင်ခဲ့ရတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူဆန္ဒရှိလို့ တောင်းဆိုလာရင် ကုသခွင့် ပေးရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က ပြောပါတယ်။
“တချို့ နား၊ မျက်စိ၊ အရိုးတို့ နောက်ပြီးတော့ သွားနဲ့ ခံတွင်းဆိုင်ရာ ရောဂါတွေနဲ့ ပတ်သက်လို့ရှိရင်တော့ သက်ဆိုင်ရာ အထူးကု ဆေးခန်းတွေ၊ အထူးကု ဆေးရုံတွေမှာပဲ ပြည့်စုံမယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်ပေါ့နော်၊ ဒါကြောင့် ဒီကိစ္စဟာ သေသေချာချာ ကုသခွင့်ကို ပေးကိုပေးရပါလိမ့်မယ်။ ပြင်ပကို ထုတ်ရပါမယ်။ သက်ဆိုင်ရာ သွားနဲ့ခံတွင်းဆိုင်ရာ ဆေးရုံမှာ သေသေချာချာ ကုသခွင့်ရဖို့ လိုပါတယ် ခင်ဗျ”
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးဟာ ဥပဒေမဲ့ ဖမ်းဆီးခံ ထား ရသူတွေဖြစ်ပြီး အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာ ကြောင့် သူတို့အားလုံးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း ကလည်း သူ့ရဲ့မိခင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ထား တဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ စက်တင်ဘာ ၄ ရက် နေ့က The Independent သတင်းဌာနကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြင်ပဆေးရုံဆေးခန်းတစ်ခုမှာ ဆေးကုသခွင့် ရ၊ မရဆိုတာနဲ့ ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီးဌာနကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စက်တင်ဘာ ၅ ရက် ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ကျူးလွန် တယ်လို့ စွပ်စွဲထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ သက်ဆိုင်တဲ့ အမှုလေးမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုနှစ်ခု စုစုပေါင်း ခြောက်မှုအတွက် အထူးအယူခံ လက်ခံ၊ မခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့ပါတယ်။
ဒီအမှုတွေအတွက် ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ပြီး ဆွေးနွေးခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရဘဲ အယူခံအဆင့်ဆင့် တင်သွင်းနေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအတွက် ပြင်ပဆရာဝန်နဲ့ ဆေးကုသခွင့် မရသေးသလို၊ သူရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့် ဆုံးရှုံးနေတယ်လို့ သူ့ကိုထောက်ခံသူတွေနဲ့ NLD ပါတီဝင်တွေက ပြောပါတယ်။
အကျဉ်းထောင်ဥပဒေအရ ထောင်ဒဏ် ငါးနှစ်အောက် အကျဉ်းသားတစ်ဦးကို ထောင်ပြင်ပ ကို ထုတ်ရင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးရဲ့ ခွင့်ပြုမိန့် တောင်းရပါတယ်။ ငါးနှစ်အထက်ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ ခွင့်ပြုမိန့် လိုအပ်ပါတယ်။
ထောင်ဒဏ် ငါးနှစ်အောက် ချမှတ်ခံထားရသူဖြစ်ရင် တစ်ပတ်အတွင်း ခွင့်ပြုမိန့်ကျနိုင်ပြီး၊ ငါးနှစ်အထက် ဆိုရင်တော့ တစ်လခန့် ကြာမြင့်နိုင်တယ်လို့ အကျဉ်းစီးဌာနနဲ့ နီးစပ်သူ တွေက ပြောပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ထောင်ပြင်မှာ ဆေးကုသခွင့်ရဖို့ ပုံမှန်အားဖြင့် တစ်လခန့် ကြာနိုင်ပါတယ်။
ဒါပေမဲ့ အရေးကြီးတဲ့ ကျန်းမာရေးကုသမှုပေးရမယ့် ကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းအရ စာနဲ့တင်ပြပြီး နှုတ်မိန့်နဲ့လည်း အကျဉ်းသားဆေးကုသခွင့် မြန်မြန်ဆန်ဆန်ရဖို့ ဆောင်ရွက်တာတွေလည်းရှိတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၀ နီးပါးအရွယ်ရှိနေပြီး နိုင်ငံတော်အဆင့် အကျဉ်းသား တစ်ဦး ဖြစ်တဲ့အတွက် ဆေးကုသခွင့်ကို အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဥပဒေတွေကတော့ ရှိတယ်၊ ဒါပေမဲ့ တကယ့်အရေးပေါ် ကျန်းမာရေးနဲ့ပတ်သက် လာခဲ့ရင် နှုတ်မိန့်နဲ့ လုပ်ပေးနိုင်တဲ့ အနေအထား ရှိပါတယ်။ လုပ်ပေးခဲ့တဲ့ အစဉ်အလာ တွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ State prisoner ပေါ့နော်၊ နိုင်ငံတော်အဆင့် အကျဉ်းသား ဖြစ်နေတာကိုး။ အဲဒီတော့ အသက်အရွယ်လည်း ကြီးပြီဖြစ်တဲ့အတွက် ဒီလိုဟာကို အထူးကိစ္စရပ်အနေနဲ့ ဒါကတော့ ဆောင်ရွက် ပေးဖို့သင့်တဲ့ ကိစ္စလို့ ကျွန်တော်တို့ ဒီအတိုင်းပဲ မြင်ပါတယ်”
နိုင်ငံရေးသုံးသပ်သူတွေကတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချထားသလို မိသားစုနဲ့ ဆက်သွယ်ခွင့် မပေးတာ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မပေးတာ၊ ပြင်ပဆရာဝန်နဲ့ ဆေးကုသခွင့် မပေးတာ တွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ပြောပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ လက်ထဲမှာ ဆက်ရှိနေရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာဟာ အမျိုးမျိုး ဖြစ်လာနိုင်တာမို့ သူလွတ်မြောက်ဖို့ ဒါမဟုတ် ပိုကောင်းတဲ့ အနေအထား တစ်ခုကို ရောက်ဖို့ နိုင်ငံတကာက ၀ိုင်းဝန်း ဖိအားပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးလောကထဲမှာ မရှိတော့ရင် အကောင်းဆုံး ပဲလို့ သူတို့က ယူဆနေ တာ။ ဖြစ်နိုင်ရင် ဗမာပြည်က ထွက်သွားရင်တော့ သူ့အသက် အန္တရာယ်နဲ့ ပတ်သက်ပြီး ကင်းလွတ် နိုင်ပါတယ်။ သို့သော် စစ်အုပ်စုလက်ထဲမှာရှိနေလို့ ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာဟာ အမျိုးမျိုး ဖြစ်ချင်ရာ ဖြစ်သွားနိုင် ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာက ဖိအားတွေ ပိုပြီးတော့ များများစားစား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သို့မဟုတ်ရင် ပိုမိုကောင်းမွန်တဲ့ အနေအထား တစ်ခုကို ရောက်ဖို့အတွက် ၀ိုင်းဝန်း တောင်းဆိုဖို့ ကမ္ဘာကြီးက လိုအပ်နေပြီလို့ မြင်ပါတယ်”
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရချိန် သြဂုတ်လ ၁ ရက်နေ့မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက်ကျခံနေရဖို့ ရှိနေပါတယ်။