ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာလုပ်ဆောင်မှု


2019.02.04
dassk-meet-business-620.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/RFA

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ချိန်မှာ စိန်ခေါ်မှု အခက်အခဲတွေတော့ရှိနေတယ်လို့ ဆောင်းပါးရှင် Larry Jagan က ဘန်ကောက်ပိုစ့်သတင်းစာမှာ ရေးသားပါတယ်။

ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှု
(တင်အောင်ခိုင်)

ဒီဆောင်းပါးဟာ ပြီးခဲ့တဲ့ အပတ်အတွင်း နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို အခြေခံပြီး တင်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူများ လွယ်လွယ်ကူကူ လုပ်ငန်းများ လည်ပတ်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေအရ ယိုယွင်းကျဆင်းနေတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည်အားသွင်းပေးတဲ့ ပုံဖြစ်တယ်လို့ သုံးသပ်သူတချို့ ရှိပါတယ်။ စီးပွားရေးသမားအများစုကတော့ မြန်မာနိုင်ငံက စီးပွားရေးပြုပြင်မှုတွေဟာ စီးပွားရေးဆိုင်ရာ ဥပဒေသတွေကို အခြေခံတယ်လို့ ဆိုပါတယ်။ မြန်မာ့စီးပွားနဲ့ ပတ်သက်ပြီး အကြံပေးတစ်ဦးဖြစ်တဲ့ စီးပွားရေးပညာရှင် Sean Turnell ကတော့ မြန်မာအစိုးရဲ့ စီးပွားရေးပေါ်လစီဟာ စီးပွားရေးလုပ်ကိုင်နိုင်အောင်လုပ်ပေးတဲ့ အခြေအနေဖြစ်သလို လွတ်လပ်တဲ့ ဈေးကွက်ကို ဖွံ့ဖြိုးစေ မှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ရည်မှန်းချက်ဟာ နိုင်ငံဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး ၂နှစ်အတွင်း ရရှိစေရမယ်ဆိုတာဖြစ်ပြီး ဒါဟာ ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂၀ ခုနှစ် အမှီဖြစ်ပါတယ်။ ဒီရည်မှန်းချက်အပေါ်မှာ မြန်မာနိုင်ငံက စီးပွားရေးလောကအတွက် အင်အားသစ်ဖြစ်တယ်လို့ ဝေဖန်သူတွေရှိတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ ရရှိဖို့အတွက် အများကြီး ကြိုးစားရဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဓိက ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ အတွက် စွပ်စွဲချက်တွေက မြန်မာနိုင်ငံအတွက် အမဲစက်တွေဖြစ်နေပါတယ်။

ဒါပေမဲ့ တိုက်တိုက်ဆိုင် အခုရက်ပိုင်းအတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ဟောင်ကောင်အခြေစိုက် ဂရိတ်ဝေါ စာသောက်ကုန်လုပ်ငန်းက ကသာမြို့နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံ တည်ဆောက်မယ့် သကြားစက်လုပ်ငန်းဟာ အမေရိကန်ဒေါ်လာ သန်း၂၀၀ ရှိပါတယ်။ ဒီသကြားစက်ကနေ့ တစ်နေ့ကို သကြားတန်ချိန်တစ်သောင်း ထုတ်လုပ်မှာဖြစ်ပါတယ်။

ဒီကုမ္ပဏီ ပိုင်ရှင် Lim Chong Chong ကတော့ မြန်မာနိုင်ငံဟာ အာရှမှာ စီးပွားရေးလုပ်ကိုင်လို့ အကောင်းဆုံး နဲ့ အလားအလာအကောင်းဆုံး နိုင်ငံဖြစ်ပါတယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။