ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ် ခြောက်နှစ်လျှော့

RFA Burmese
2023.08.01
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ် ခြောက်နှစ်လျှော့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
REUTERS

နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ထောင်ဒဏ်တွေထဲက နှစ်အနည်းငယ်ကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁ ရက် ဒီနေ့ ကြေညာပါတယ်။

အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ငါးမှုအတွက် ထောင်ခြောက်နှစ်၊ အမှုပေါင်း ရှစ်မှုနဲ့ ထောင် ၁၂ နှစ်ကျခံနေရတဲ့ သမ္မတ ဦးဝင်းမြင့်ကိုတော့ အမှု နှစ်မှုအတွက် ထောင်လေးနှစ် လျှော့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ် ၂၅ နဲ့စွဲထားတဲ့ အမှုနှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) တို့နဲ့ စုစုပေါင်း ထောင်ခြောက်နှစ် ချထားတာတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာပါ။

အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ)နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ စတဲ့ အမှုနှစ်ခုအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်ထားတာတွေ သက်သာခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အပြီးအပြတ် လွတ်လာတာမျိုးမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ် ၂၇ နှစ်ဆက်လက် ချခံရဦးမှာဖြစ်သလို သမ္မတဦးဝင်းမြင့်ကတော့ ထောင်ဒဏ် ရှစ်နှစ် ဆက်လက်ကျခံရဦးမှာ ဖြစ်ပါတယ်။

"လွှတ်တယ်ဆိုရင်တော့ အားလုံးက ပျော်ရွှင်ချမ်းမြေ့စွာနဲ့ မီးရှူးမီးပန်းတွေပါ ထဖောက်မှာ"

ဒီအမှုတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီး အစောဆုံး စွပ်စွဲထောင်ချခဲ့တဲ့ အမှုတွေဖြစ်ပြီး ရွေးကောက်ပွဲ အမှု၊ အဂတိအမှုတွေနဲ့ လျှို့ဝှက်ချက်ပေါက်ကြားမှုတွေနဲ့ စွဲထားတဲ့ အမှုတွေကတော့ ဆက်လက်ကျန်ရှိနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က စစ်ကောင်စီအပေါ် ပြည်တွင်း၊ ပြည်ပ ဖိအားတွေများလာတဲ့အတွက် နိုင်ငံ့ခေါင်းဆောင်တွေကို ပြစ်ဒဏ် လျှော့ပေါ့တာတွေ လုပ်လာတာလို့ ပြောပါတယ်။

“အထူးသဖြင့်ကတော့ အဘက်ဘက်ကနေ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ ဖိအားပေးနေတဲ့ ဖိအားတွေပေါ့နော်။ ဒါတွေရှိမယ်။ ပြီးတော့ နိုင်ငံတကာရဲ့ ဖိအားတွေရှိမယ်။ ဒါတွေကို လျှော့ပေါ့စေလိုတဲ့ အနေနဲ့လုပ်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျတော့လည်း သူတို့က အကျပ်အတည်း ဖြစ်နေတာပေါ့နော်။ နိုင်ငံတကာ ဖိအားကိုလည်း လျော့စေချင်တယ် တစ်ဖက်မှာလည်း ဒီခေါင်းဆောင်တွေကို လွှတ်ပေးဖို့ မဝံ့မရဲဖြစ်တာမျိုး ဒီလုံပုံစံမျိုး အကျပ်အတည်းကို ကျရောက်နေတယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”

အပြီးအပြတ်လွှတ်ပေးတာမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ ပြည်သူကို လှည့်စားဖို့အတွက် အခုလိုလုပ်လာတာလို့လည်း ဦးနေဘုန်းလတ်က ဝေဖန်ပါတယ်။

ရန်ကုန်တိုင်း၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းအမိန့်ဟာ နိုင်ငံတကာ စာမျက်နှာအတွက် ဟန်ပြသက်သက် လုပ်ရပ်ပဲလို့ ပြောပါတယ်။

"လောလောဆယ် ကျွန်တော်မြင်တာ သဘောထား ပျော့ပျောင်းလာတယ်ဆိုတဲ့ ပုံစံနဲ့ နိုင်ငံတကာကို လှည့်စားဖို့လုပ်တဲ့ လုပ်ရပ်ပါပဲ။ လွတ်ငြိမ်းသက်သာခွင့်ကြောင့် လွတ်လာတဲ့ သူတွေအတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ လွတ်တာတွေ အားလုံးက ဟန်ပြတွေပဲ အကုန်လုံး။ နိုင်ငံတကာကို လှည့်စားချင်တဲ့ ဟာမျိုးနဲ့ ပြည်သူကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဟန်ပြလုပ်တဲ့ လွတ်ငြိမ်းသက်သာခွင့်ပါပဲ"

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာ စတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဖိအားနဲ့ အကျပ်အတည်းဆိုက်လာတိုင်း ဖြေရှင်းလာတဲ့ ပုံသေနည်းတစ်ခုလို ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်တချို့ လွတ်ငြိမ်းခွင့်ပေးတာနဲ့ ပတ်သက်လို့ ဩဂုတ်လ ၂ ရက် မနက်ဖြန်မှာ NLD ပါတီ အစည်းအဝေး လုပ်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပိုတိုးလုပ်ဖို့စီစဉ်နေသလို တစ်ဖက်မှာလည်း နိုင်ငံခေါင်းဆောင်တွေကို ပြစ်ဒဏ်တွေဖြေလျှော့ပြတာဟာ နိုင်ငံတကာကို လိမ်လည်ဖို့ ကြိုးစားလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ သူလုပ်ချင်တဲ့ ရွေးကောက်ပွဲကို လုပ်ဖို့ အခက်ကြုံနေရတယ်။ ဒီနေ့အခြေအနေ မပေးသေးဘူး။ နောက်ခြောက်လ စစ်အုပ်ချုပ်ရေး ဆက်လုပ်ဦးမယ်ဆိုတာ သူကတော့ မဖြုတ်မချမခြင်း ပြည်သူက တိုက်ပွဲဝင်ပြီးတော့ သူတို့ကို မပြုတ်မခြင်း ဆက်ပြီးတော့လုပ်သွားမယ့် ကိစ္စပါ။ အဲဒါတွေအတွက် တစ်ဖက်ကပြည်သူတွေအပေါ် အကြမ်းဖက် နှိပ်စက်မှုတွေ တိုက်ခိုက်မှုတွေ လုပ်ပြီး တစ်ဖက်မှာလည်း အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေ အပေါ်မှာ ပျော့ပျောင်းတဲ့ သဘောထားတွေ ရှိပါတယ်။ ဆွေးနွေးဖို့အတွက် အခွင့်အလမ်းတွေ ဖွင့်နေပါတယ်ဆိုတာကို ကမ္ဘာကြီးကို လိမ်လည်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်ကလွဲလို့ ဘာမှမဟုတ်ဘူးလို့ သုံးသပ်ပါတယ်”

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ဦးမြင့်ဦး (အမည်လွှဲ) ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ကွင်းလုံးကျွတ် လွှတ်ပေးတာမျိုး မဟုတ်တဲ့အတွက် အားမလိုအားမရ ဖြစ်မိတယ်လို့ RFA ကိုပြောပါတယ်။

"အားမလို အားမရတော့ ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမေစုတို့ ဦးဝင်းမြင့်တို့ကို လွှတ်ပေးတယ်ဆိုတာက သူတို့က ကွင်းလုံးကျွတ် လွှတ်ပေးတာမဟုတ်ဘဲ ကြိုးပြန်ချည်ထားတာပဲလေ။ လွှတ်တယ်ဆိုရင်တော့ အားလုံးက ပျော်ရွှင်ချမ်းမြေ့စွာနဲ့ မီးရှူးမီးပန်းတွေပါ ထဖောက်မှာ။ ပြည်သူတွေ ရင်ထဲမှာ အဲဒီလောက်အထိ အမေ့ကို ချစ်ကြတာကိုး။ ပထမတော့ တဒင်္ဂပျော်သွားတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ ပုံစံနဲ့ ပြစ်ဒဏ် လျှော့ပေါ့ လိုက်သည်ဆိုတော့ လွှတ်ပေးလိုက်တဲ့ ပုံစံမျိုး။ ပြီးတော့မှ ပုဒ်မ ငါးခုလောက်ကို ပြစ်ဒဏ်လျှော့ပေါ့ လိုက်တာ။ ဗမာစကားလုံးကို ရှုပ်အောင်လုပ်တာ။ ဘာမှလဲ ကျေးဇူးတင်စရာ အကြောင်းမရှိဘူး။ သူတို့က ကျေးဇူးတင်ရမယ့် လူတွေလည်း မဟုတ်ဘူး"

နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးမယ့်နေ့ကို ပြည်သူတွေ မျှော်လင့်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းထောင် အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ သူ ၇၇၄၉ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ကြေညာခဲ့ပါတယ်။

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာနဲ့ ပြန်လည်လွတ်မြောက်လာသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာနဲ့ ပြန်လည်လွတ်မြောက်လာသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရသူ တချို့ကို ထောင်ဒဏ် တစ်သက်ပြောင်းလဲခဲ့ပြီး အကျဉ်းကျနေတဲ့ နိုင်ငံခြားသား ၁၂၅ ဦးကိုလည်း လွှတ်ပေးခဲ့ပါတယ်။

ထောင်ဒဏ်တွေကျခံနေရတဲ့ တိုင်းရင်းသားလက်ကိုင် ၂၂ ဦးကိုလည်း ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်စပ်တယ်ဆိုပြီး တရားရင်ဆိုင်နေရသူ ၇၂ ဦးကိုလည်း စစ်ကောင်စီက အမှုတွေ ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦး ပါသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

မြန်မာစံတော်ချိန် ညနေ ငါးနာရီအထိ RFA စုံစမ်းသိရသလောက် ပဲခူးတိုင်း ပြည်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဦး၊ ပေါင်းတည်ထောင်က ငါးဦး၊ အင်းစိန်ထောင်က အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၂ ဦးသာ ပြန်လွတ်လာပါသေးတယ်။

ဒီနေ့ မွန်းလွဲပိုင်းက အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မချစ်သက်ဝင်းနဲ့ မသဲစုဝေတို့က RFA ကို အခုလို ပြောပါတယ်။

“၅၀၅ နဲ့ ၂၀၂၂ မတ်လက အဖမ်းခံရတာပါ။ ထောင်ဆိုတော့ အထဲမှာ ဘယ်လို အဆင်ပြေပါ့မလဲ၊ လောလောဆယ်တော့ ဘာမှ မပြောချင်သေးဘူး။ အိမ်ပဲ အရင်ပြန်ချင်တယ် ”

“ အခု ပြန်လွတ်လာတာ အရမ်းဝမ်းသာတယ်၊ အရမ်းပျော်တယ်”

နေပြည်တော် အချုပ်ထောင်မှာ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာရှိတဲ့ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ထားကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ကြားသိထားတာ မရှိဘူးလို့ ဒီနေ့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။