ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၁၇ ကြိမ်ကို အကျဥ်းစံဘဝနဲ့ ဖြတ်သန်းရ

2022.06.17
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၁၇ ကြိမ်ကို အကျဥ်းစံဘဝနဲ့ ဖြတ်သန်းရ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မှာ တွေ့ရစဉ်
Photo: RFA

၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့်မွေးနေ့ ဖြစ်ပါတယ်။

၁၉၈၈ ကနေ အခု ၂၀၂၂ အထိ သူ့ရဲ့ နိုင်ငံရေးခရီးကြမ်း ၃၄ နှစ်အတွင်း စစ်အစိုးရ အဆက်ဆက်ရဲ့ အကြိမ်ကြိမ် ဖမ်းဆီးတရားစွဲတာကို ခံနေရတာမို့ မွေးနေ့ပေါင်း ၁၆ ကြိမ်ကို အကျဥ်းစံဘဝနဲ့ ဖြတ်သန်းခဲ့ရပြီး ဒီတစ်ကြိမ်မှာလည်း အတိအကျမသိရတဲ့ နေရာတစ်ခုမှာ အကျဥ်းစံဘဝနဲ့ပဲ ဖြတ်သန်းရဖို့ ရှိနေပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ပေါင်း ၁၀၀ ကျော်လောက်အထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၉ ခုနဲ့ သူ တရားစွဲခံထားရပါတယ်။

အမှုပေါင်းများစွာနဲ့ စွပ်စွဲခံထားရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးသီလရှိတဲ့ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်လို့ စိတ်ဓာတ်ကျသွားတာမျိုး မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြည်ဝင်း က ပြော ပါတယ်။

“သူက တကယ့်နိုင်ငံရေးသီလရှိတဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက်ကိုး။ ဒီကနေ့ထိ သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေက မှားတာတစ်ခုမှ မရှိဘူး။ မှားတာတစ်ခုမှမရှိတဲ့အခါကျတော့ သူရဲ့ယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေက အောင်မြင်နေတဲ့အခါမှာ စိတ်ဓာတ်ကျစရာအကြောင်း မရှိဘူး။ ဘယ်သူကပဲ မတရား တာလုပ်လုပ် အခုသူက ထွက်မပြေးဘဲနဲ့ ပြည်တွင်းမှာပဲနေပြီးတော့ သူ့ရဲ့ယုံကြည်ချက် ကို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့အခါကျတော့ တိုင်းသူပြည်သားတွေရဲ့ မေတ္တာကိုလည်း သူ ခံယူနိုင်တယ်။ တိုင်းသူပြည်သားတွေအပေါ်မှာလည်း သူစေတနာထားတယ်။ အဲဒီအပေါ်မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ နိုင်ငံရေးသီလပေါ်မှာ ရပ်တည်နေတာ အဲဒါပါပဲ”

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူအားလုံးကို ဆုတောင်းမေတ္တာပို့သနေပြီး တစ်ဦးနဲ့တစ်ဦး ကူညီဖေးမ ကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ ဇွန်လ ၁၃ ရက် ရုံးချိန်းမှာ ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ သူဟာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်တဲ့အမှု ၁၃ မှုအတွက်လည်း ဆက်လက်ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အခုချိန်ထိ အတိအကျမသိရ တဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းသိမ်းထားပြီး ရုံးချိန်းရက်တွေမှာသာ အကျိုးဆောင်ရှေ့နေအဖွဲ့က နာရီဝက်ခန့် စကားပြောခွင့် ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရတက်လာချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီး ကပ်ကပ်နေခဲ့ဖူးတဲ့ NLD ပါတီ ဗဟိုလုပ်ငန်းကော်မတီဝင် ဦးကျော်ထွေးကတော့ သူ့ရဲ့ ၇၇ နှစ်မြောက်မွေးနေ့မှာ ကျန်းကျန်းမာမာရှိစေဖို့ ဆုတောင်းပြီး ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“အမေစုရဲ့ ၇၇ နှစ်မြောက်မွေးနေ့မှာ အမေစုကျန်းမာပါစေလို့ပဲ ကျနော်တို့ ဆုတောင်း ပါတယ်။ အမေစု မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ရောက်ရှိအောင် တိုင်းသူပြည်သားတွေအားလုံးကလည်း ကြိုးစားနေပါတယ်။ ဒီစွပ်စွဲချက်တွေအားလုံး ကလည်း တစ်ခုမှ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေအဖြစ် တစ်ကမ္ဘာလုံးကလည်း လက်ခံထားတာဖြစ်တဲ့အတွက် မကြာခင် အမေစု ပြန်လည်လွတ်မြောက်ပြီးတော့ နိုင်ငံတော်သစ်ကြီးကို လွတ်လွတ်လပ်လပ် ဦးဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်တမ်းတစ်လျှောက်မှာ သူအာဏာမရခင် အချိန်အထိ ပြည်တွင်းရော၊ ပြည်ပမှာပါ ထောက်ခံမှုအများဆုံးနဲ့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး နိုင်ငံရေးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ကစလို့ NLD အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာတော့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ ရခိုင် စစ်ပွဲကိစ္စတွေမှာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ စစ်တပ်ကို အကာအကွယ်ပေးတယ်ဆိုပြီး ပြည်တွင်းရော၊ ပြည်ပမှာပါ ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပေမယ့် လူနည်းစု မွတ်စလင်တွေရဲ့ အခွင့်အရေးကို မျက်ကွယ်ပြုတယ်ဆိုပြီး အရင် က ခိုင်ခိုင်မာမာ ထောက်ခံခဲ့တဲ့ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြစ်တင်ရှုတ်ချမှုကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရလာတဲ့နောက်ပိုင်း စစ်တပ်နဲ့ ပိုနီးကပ်လာခဲ့ပြီး စစ်တပ်ကျူးလွန်မှုတွေကို ကာကွယ်ပေးခဲ့ပေမယ့် စစ်တပ်ကတော့ သူ့အပေါ်မှာ မငဲ့ညှာဘူးလို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း က မှတ်ချက်ပေးပါတယ်။

“နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့တော့ နိုင်ငံရေးကိစ္စတစ်ခုကို အကြောင်းပြု ပြီးတော့ ဖမ်းဆီးထားတာတော့ မကောင်းဘူးပေါ့။ ဒီမိုကရေစီရေးအတွက်တော့ စစ် အာဏာရှင်ကို တိုက်မယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ ကျနော်တို့က သုံးသပ်ပြန်ရင် လည်းပဲ အာဏာရလာတဲ့အခါမှာ စစ်တပ်နဲ့ ကျောချင်းကပ်ပြီးတော့ သူလုပ်ဆောင် သွားတာတွေရှိတယ်။ နောက်ဆုံးပြောမယ် ICJ တောင်မှ တပ်က ကျူးလွန်တာ မဟုတ်ပါဘူး၊ လူမျိုးတုံး သတ်ဖြတ်တာ မဟုတ်ပါဘူး ဆိုပြီးတော့ သူ သွားပြီးတော့ လျှောက်လဲတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်ကလည်း သူ့ကို ပြန်ပြီး ကျေးဇူး ဆပ်လိုက်တာပေါ့။ အဲဒီလိုပဲပြောရတော့မယ်”

"သူ့ရဲ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့အခါကျတော့ တိုင်းသူပြည်သားတွေရဲ့ မေတ္တာကိုလည်း သူ ခံယူနိုင်တယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ဒီမိုကရေစီရေးအတွက် အသက်နဲ့ စည်းစိမ် ကိုတောင် အလဲအထပ် လုပ်ထားတဲ့သူလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ရှုမြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ဒီမိုကရေစီရေးအတွက်ကို သူ့ရဲ့အသက်၊ သူ့ရဲ့စည်းစိမ် အကုန်လုံးကို ပုံအပ်ပြီးတော့မှ အလဲအထပ် လုပ်ထားတဲ့ပုဂ္ဂိုလ်လို့ မြင်ပါတယ်ဗျ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့မှ ဖက်ဒရယ်အရေးနဲ့ ပတ်သက်လာတယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ သူ့ရဲ့ ဆောင်ရွက်မှု တွေက တစ်ထပ်တည်းတော့ မကျပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူဟာ ဒီမိုကရေစီရေး အတွက် စွန့်စားလုပ်ဆောင်တဲ့နေရာမှာ မြန်မာပြည်သူတွေအတွက်ကို သူယုံကြည်တဲ့ ဘက်ကနေ အတတ်နိုင်ဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်လို့ ပြောလို့ရပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစလို့ နိုင်ငံရေးလောကထဲ ဝင်လာခဲ့ပြီးတဲ့နောက် ၁၉၈၉ ကနေ ၁၉၉၅ ထိ ပထမအကြိမ်၊ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၀၂ ထိ ဒုတိယအကြိမ်၊ ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီး ၂၀၀၃ ကနေ ၂၀၁၀ အထိ တတိယအကြိမ် စစ်အစိုးရအဆက်ဆက်ရဲ့ ဖမ်းဆီးအကျဥ်းချတာကို ခံခဲ့ရပါတယ်။

အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ခေတ်သစ်အာဏာသိမ်းမှုမှာတော့ စစ်ကောင်စီက သူ့ကို ဒီနေ့ထိ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားပြီး အမှုပေါင်း ၁၉ မှုနဲ့ ဖမ်းဆီးတရားစွဲထားတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထား တယ်ဆိုတာ အတိအကျ ထုတ်မပြောပေမယ့် သူ့အဆင့်အတန်းနဲ့ညီမျှတဲ့ နေရာတစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်နဲ့ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် လိုအပ်တဲ့စောင့်ရှောက်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်တဲ့ ဆရာဝန်တွေ၊ ပါရဂူတွေနဲ့ စစ်ဆေးပေးတာကစ လုပ်ဆောင်ပေးလျက်ရှိတယ်။ ပြီးရင်လည်း ကျနော်တို့အနေနဲ့က အဆင့်တန်း တူတဲ့အိမ်မှာပဲ နေထိုင်စေတာဖြစ်တယ်လို့ ပြောချင်ပါတယ်”

အာဏာရှင်အဆက်ဆက်ဟာ သူ့ကို မနာလိုမုန်းတီးမှုနဲ့ ကြောက်ရွံ့မှုတွေကြောင့် နည်းမျိုးစုံနဲ့ ဖိနှိပ်ဖမ်းဆီးထားတာ လို့ မန္တလေး လူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်အဆက်ဆက်ပေါ့ဗျာ။ ဦးနေဝင်း၊ ဦးစောမောင် တို့ကစပြီး ဒီနေ့အချိန်ထိက မနာလိုမှု၊ မုန်းတီးမှု၊ ကြောက်ရွံ့မှုတွေလည်း အင်မတန်မှ များပြားတာကို တွေ့ရပါတယ်ခင်ဗျ။ ဒီနေ့ဆိုရင် နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံခဲ့ရတယ်။ ဖမ်းဆီးခံခဲ့ရတယ်။ နေအိမ်အကျယ်ချုပ်ကျခံရတယ်။ ဒီနေ့အချိန်မှာလည်း အသက် ၇၇ နှစ်ဆိုတဲ့အရွယ်ဟာ ကမ္ဘာမှာ ငယ်တော့တဲ့အရွယ် မဟုတ်ပါဘူး။ ဒီအချိန်ထိလည်း ဒါ အတင်းအဓမ္မ ဖမ်းဆီးခံထားရတဲ့ ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်ပါတယ်”

အသက် ၇၄ နှစ်ပြည့်မွေးနေ့မှာ ခိုလွှတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ တွေ့ရစဥ် (Photo: RFA)
အသက် ၇၄ နှစ်ပြည့်မွေးနေ့မှာ ခိုလွှတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ တွေ့ရစဥ် (Photo: RFA)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့က ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်မြမြ ကတော့ အသက်အရွယ် ကြီးရင့်တဲ့အထိ မကြာခဏ ဖမ်းဆီးအကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်ပူမိတယ်လို့ ပြောပါတယ်။

“အမေ့ကို ဘယ်နေရာမှာထားမှန်းလည်း မသိဘူးလေ၊ ဘယ်နေရာမှာထားပြီး ဘာတွေ လုပ်နေလဲလည်း မသိဘူး။ သူတို့ရဲ့ လက်ထဲမှာဆိုတော့ ကိုယ်တွေက ဘာမှမသိရ ဘူးလေ။ သူတို့ရုံးထုတ်တဲ့အကြောင်းပဲ သိရလို့ စိတ်ပူတယ်။ အမေ အမြန်ဆုံးလွတ် မြောက်ပါစေ။ အမေ ကျန်းမာပါစေ။ သက်ရှည်ပါစေ။ အမေ ပြန်လွတ်လာရင်လည်း နိုင်ငံ့တာဝန်တွေကို အမြန်ဆုံးထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်”

၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ဇွန်လ ၁၉ ရက်ရောက်တိုင်း ဒေါ်အောင်ဆန်း စုကြည် မွေးနေ့အထိမ်း အမှတ်အဖြစ် စုပေါင်းသွေးလှူပွဲ၊ စတုဒိသာအလှူပွဲ၊ သစ်ပင်စိုက်ပွဲ စတဲ့ ပွဲမျိုးစုံကို NLD ပါတီဝင်တွေနဲ့ ပြည်သူတွေ က ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကလည်း နေပြည်တော်က လွှတ်တော်ဝန်းထဲမှာ မွေးနေ့ပွဲကိုကျင်းပ လေ့ရှိပြီး လွှတ်တော်ရဲ့အောက်ခြေဝန်ထမ်းတွေကို အရင်ဆုံး ကျွေးမွေးဧည့်ခံလေ့ရှိ ခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးကြုံရတဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၉ ရက် မွေးနေ့တုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်နိုင်ငံလုံးက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး ပန်းသပိတ် ဆင်နွှဲခဲ့ကြပြီး လူငယ်တချို့ အဖမ်းခံခဲ့ရ ပါတယ်။

ဒီနှစ်မွေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့စကားလုံးဖြစ်တဲ့ Freedom From Fear (ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး) စာသားကို တစ်ဖက်က ကိုင်ဆောင်၊ အခြားတစ်ဖက်မှာ ၇၇ စာလုံးကို ရေးထိုးပြီး လူမှုကွန်ရက်ကနေ အွန်လိုင်းလှုပ်ရှားမှု တွေလုပ်ဖို့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက နှိုးဆော်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။