ပြည်သူ့ဆန္ဒကိုလေးစားဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို CRPH ဥက္ကဋ္ဌပြော

ခင်မောင်စိုး ( ဝါရှင်တန်ဒီစီ )
2022.05.11
ပြည်သူ့ဆန္ဒကိုလေးစားဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို CRPH ဥက္ကဋ္ဌပြော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်
Photo: U Aung Kyi Nyunt/Facebook

မြန်မာပြည်သူတစ်ရပ်လုံးက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို လက်ခံတော့မှာ မဟုတ်တဲ့အပြင် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ဖို့သာ လိုလားနေတာကို လက်ရှိမြန်မာပြည်အရေးပါဝင်ဖြေရှင်းလိုတဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နားလည်ဖို့လိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ရှိနေစဉ်အတွင်း သူကအခုလို ပြောလိုက်တာပါ။

ဒီမိုကရေစီပြန်လည်ရရှိယုံမျှနဲ့ မြန်မာ့အရေးကိုဖြေရှင်းလို့ မရနိုင်တော့ဘူးလို့ ဦးအောင်ကြည်ညွန့်က RFA ကိုပြောပါတယ်။

“တကယ်တမ်းတော့ စစ်တပ်က နိုင်ငံရေးက ပယ်ထွက်ပြီး နိုင်ငံတွင်းမှာပါဝင်တဲ့ Stakeholder အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အခြေအနေ အခင်းအကျင်းရှိဖို့ လိုအပ်နေတယ်။ အဲ့လို အနေအထားဖြစ်ဖို့ နိုင်ငံတကာကိုလည်း ကျွန်တော်တို့ပြောပါတယ်။ ဒီမိုကရေစီပြန်ရရှိဖို့ ဆိုတာလောက်နဲ့တင် မလုံလောက်တော့ဘဲ ဖက်ဒရယ်မပါတဲ့ ဒီမိုကရေစီမျိုးကို ကျွန်တော်တို့နိုင်ငံက လက်ခံနိုင်တော့မယ့် အနေအထားမျိုး မရှိဘူး။”

စစ်တပ်က နိုင်ငံရေးမှာမပါဝင်မှ ပြည်သူတွေလိုလားနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်ဖို့ အခွင့်အလမ်းတွေ ပွင့်သွားမှာလို့ သူက ပြောပါတယ်။

“ စစ်တပ်က စစ်တပ်အတိုင်းပဲနေပါတော့မယ်။ နိုင်ငံရေးထဲမှာ မပါဘူးဆိုရင် အခုကြားကာလ အစိုးရက ပီပီပြင်ပြင်လုပ်မယ်။ Stakeholder အကုန်လုံးနဲ့တွေ့မယ်။ ပြီးရင် အသွင်ကူးပြောင်းရေးကာလ အစိုးရကို စနစ်တကျ ပုံဖော်မယ်။လာမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေရေးဆွဲတဲ့ ကိစ္စရပ်တွေကို ဆက်ပြီးတော့ လုပ်မယ်။ အခုဖြစ်နေတာ ဘာလဲဆိုတော့ လူသားချင်းစာနာမှုအထောက်အကူဆိုတာကလည်း တကယ်တမ်းပြန်တွက်ကြည့်ရင် စစ်တပ်ကနေ ပြီးတော့ လူသားမျိုးနွယ်အပေါ်မှာ ဆန့်ကျင်နေတဲ့ ရာဇဝတ်မှုတွေကို တောက်လျှောက် ကျူးလွန်တဲ့ လူတွေကနေတစ်ဆင့်ပဲ လူသားချင်းစာနာမှု အကူအညီ ပေးမယ်ဆိုတဲ့ စိတ်ကူးယဉ်ကတော့ ဘယ်လိုနည်းနဲ့မှ အကောင်အထည်မဖော်နိုင်ဘူး။ ခြင်းကြားနဲ့ ရေခပ်သလိုပဲ။”

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲကျင်းပခွင့်မရှိသလို လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့လည်းမဖြစ်နိုင်ဘူးလို့ ဦးအောင်ကြည်ညွန့် က ဝေဖန်ပါတယ်။

“သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးချင်သုံးလိုက်၊ မသုံးချင်မသုံးလိုက် လုပ်နေတာ။ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်လိုက်ရင် ဒီအရေးပေါ်ကာလ အတွင်းထဲမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ ပေးကိုပေးမထားဘူး။ ဒါကတစ်ချက်ပေါ့ဗျာ။ ဒုတိယတစ်ချက်က PR ဆိုပြီးတော့ ပြောနေတယ်။ တကယ်တော့ PR ဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့မညီပါဘူးဆိုပြီး ၂ဝ၁၄ ကတည်းက ကျွန်တော်တို့ ၂ဝဝ၈ ဖွဲ့စည်းပုံ ခုံရုံးက အပြီးသတ် ဆုံးဖြတ်ချက်ချထားပြီးသား။နံပါတ်သုံး အချက်က အာဏာကို စသိမ်းကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့အတွက် တရားဝင် ဒီလုပ်ငန်းရပ်တွေကို လုပ်ဆောင်နိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ် မဟုတ်ဘူးဆိုတာလည်း ထင်ရှားပြီးသားဖြစ်နေတယ်။”

“ပြည်သူတွေဟာ အခုအချိန်မှာ သူတို့အိမ်တွေကိုမီးရှို့တယ် ရွာတွေကိုဖျက်ဆီးတယ် ဒါကြောင့် စစ်ရှောင်တွေဟာ အများကြီးဖြစ်ပြီးတော့ နိုင်ငံရဲ့ ဧရိယာထက်ဝက်လောက်ဟာ ဘယ်လိုနည်းနဲ့မှ ရပ်တည်နိုင်တဲ့ အနေအထားမျိုးမရှိတဲ့အခါမျိုးမှာ အခုလို အယောင်ပြ ရွေးကောက်ပွဲလောက် လုပ်မယ်ဆိုတာလည်း ဘယ်လိုနည်းနဲ့မှ တရားမျှတတဲ့အနေအထားမျိုးမှာမရှိဘူး။”

“၂၅ ရာခိုင်နှုန်း စစ်တပ်က ယူထားပြီးတဲ့အခါမှာ PR ကို လုပ်မယ်ဆိုတော့ လုပ်ချင်လို့ ကောက်လုပ်တဲ့ အနေအထားမျိုး ဘယ်လိုမှတရားဝင်နိုင်စရာမရှိဘူး။ ပြည်သူကလည်း ဘယ်လိုမှလက်ခံနိုင်မယ့် အနေအထားမျိုးမှာ မရှိဘူး။”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ လွတ်လပ်စွာအစည်းအဝေးကျင်းပနိုင်ခြင်းမရှိတဲ့ လက်ရှိ အခြေအနေမှာ ပါတီကိုယ်စား မည်သူကမျှ စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့် မရှိကြောင်း ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ NLD ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ပါတီကိုအလွဲသုံးစားပြုနိုင်ခြင်းမရှိအောင် ကာကွယ်လိုက်တာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောလိုက်ပါတယ်။

“အဓိကျတဲ့ မူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ NLD ကိုကိုယ်စားပြုပြီးတော့ ဘယ်သူက လုပ်ပါတယ်ဆိုတဲ့ တစ်ဦးချင်း အနေအထား ကိုယ်စားပြုခွင့် လုံးဝမရှိဘူး။ အဲ့ဒီလိုကိုယ်စားပြုတယ်ဆိုရင်လည်း NLDနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘူးလို့ ပြတ်ပြတ်သားသား ရပ်ပြီးတော့ စာထုတ်ပေးလိုက်ထာ။ ကျွန်တော်တို့ကတော့ ပုဂ္ဂိုလ်ရေးအရ ဘယ်သူတွေဆိုတာမျိုးထက် အဲ့ဒီလိုလုပ်ငန်းရပ်အရ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူးဆိုတာကို ပြတ်ပြတ်သားသား တစ်ခါတည်း ရပ်တည်ထားတဲ့ အနေအထားမျိုးပါပဲ။ အဲဒီစာထုတ်တာကလည်း CCတွေ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီရဲ့တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးရဲ့ သဘောတူညီချက်နဲ့ ထုတ်လိုက်ထာဗျ။ အခုလက်ရှိ ဗဟိုအလုပ်ကော်မတီကို ဖွဲ့ထားတာ။ အဲ့ဒါကလည်း ပါတီဝင်အားလုံးရဲ့ သဘောတူညီချက်နဲ့ ဖွဲ့ထားတာ။ ဗဟိုအလုပ်မှုဆောင်ကော်မတီ CWC ထဲမှာမပါဘဲနဲ့ သီးခြားရပ်ပြီးတော့ တစ်ချိန်ချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ အထဲမှာ NLD ပါပါတယ်ဗျဆိုတဲ့ ယောင်တော်ပြန်နဲ့ ရောလွှတ်မယ့် ကိစ္စကို ပိတ်ပင်ထားတာပါ။ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ဟာ ပြည်သူနဲ့ပဲ ရပ်တည်တယ်။ ပြည်သူနဲ့တစ်သားတည်းပဲ ရှိတယ်ဆိုတဲ့ အနေအထားမျိုးမှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာဟာ NLD ရဲ့မူဝါဒ မဟုတ်ဘူးဆိုတဲ့ အဖြေကတော့ ရှင်းရှင်းကြီးပေါ်နေမှာပေါ့။”

ဒီအတောအတွင်း မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ့် အမေရိကန်နဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ဒီကနေ့ မေလ ၁၂ ရက်နေ့ကျင်းပမှာ ဖြစ်ပါတယ်။

NUG အစိုးရကိုယ်စားလှယ်နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဟာ အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ဒီစီကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။