CRPH နဲ့ NUG ခေါင်းဆောင်တွေ ဝါရှင်တန်ဒီစီမှာ လျှို့ဝှက်ဆွေးနွေး

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.05.19
CRPH နဲ့ NUG ခေါင်းဆောင်တွေ ဝါရှင်တန်ဒီစီမှာ လျှို့ဝှက်ဆွေးနွေး NUG နိုင်ငံခြားရေးဝန်ကြီး ‌‌ဒေါ်ဇင်မာအောင်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ အမေရိကန်ရောက်မြန်မာတွေနှင့် ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Citizen Journalist

အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့ပါတယ်။ အဲဒီ ထိပ်သီးဆွေးနွေးပွဲကျင်းပနေစဉ်ကာလအတွင်း အမေရိကန်အစိုးရ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ NUG အမျိူးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ခွင့်ရရှိခဲ့သလို အာဆီယံခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ NUG အဖွဲ့ဝင်တွေဟာ မေလ ၁၄ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံပြီး အစည်းအဝေးတစ်ခု ပြုုလုပ်ခဲ့ပါတယ်။


အဲဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ ဦးအောင်ကြည်ညွန့်က အမေရိကန်ပြည်ထောင်စု တစ်နေရာကနေ လာရောက်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ နယူးယောက်မြို့ကနေ လာရောက်ခဲ့တာပါ။ အဲဒီအစည်းအဝေးကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနက်ပိုင်းတွေ့ဆုံအပြီးမှာ ပြုလုပ်ခဲ့တယ်လို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က RFA ကိုပြောပါတယ်။


“သံအမတ်ကြီးဦးကျော်မိုးထွန်းရယ် CRPH ဥက္ကဌ ကျွန်တော်ရယ် ဒေါ်ဇင်မာအောင်ရယ် ဒုဝန်ကြီးဦးမိုးဇော်ဦးရယ် နည်းပညာဝန်ကြီး ဦးထိန်လင်းအောင်ရယ် နောက်ပြီးတော့ အာဆီယံသံအမတ် ဦးဘိုလှတင့်ရယ် ကျွန်တော်တို့တွေ့ကြတယ် တွေ့ကြပြီးတော့ အခုဖြစ်ထွန်းနေတဲ့ အနေအထားလေးတွေ ဆွေးနွေးကြတယ်။ ယေဘုယျအားဖြင့်ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုလို့ရှိရင် လက်ရှိမြန်မာနိုင်ငံရဲ့ တကယ့်ပြည်သူတွေရဲ့ခံစားချက်အပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ရော အလေးအနက်ထားတယ်ဆိုတာရယ် ဒီလိုအလေးအနက်ထားလိုက်တဲ့အတွက် အာဆီယံဝန်ကြီးတွေအနေနဲ့ဆိုရင်လည်းပဲ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အရေးအခင်းမှာ ပိုပြီးတော့ အလေးအနက်ပြုတယ်ဆိုတဲ့ အနေအထား။ သံတမန်ရေးနည်းလမ်းအရတော့ ကျနော်တို့ရှေ့တန်းကို အများကြီးရောက်လာတယ်။ တစ်နည်းအားဖြင့်ဆိုရင် ကျွန်တော်တို့ကို လေးလေးစားစားနဲ့ အသိအမှတ်ပြုခြင်းခံရတယ်ဆိုတဲ့ အနေအထားလေးတွေတော့ ရှိပါတယ်။ အထူးသဖြင့် မလေးရှားနဲ့တွေ့တဲ့အခါမှာ သူ့ရဲ့ရပ်တည်ချက်က အင်မတန်အားကောင်းပါတယ်။”

ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အဲဒီလျှို့ဝှက်အစည်းအဝေးမှာ ဆွေးနွေးပြောဆိုကြတာတွေကို အသေးစိတ်ပြောဆိုဖို့ ဦးအောင်ကြည်ညွန့်က ငြင်းဆိုပေမယ့် NUG ရဲ့ လက်ရှိသံတမန်ရေး တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။


အမေရိကန် - အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပြည်အကြောင်း တင်ပြပြောဆိုချက်တွေနဲ့ အဲဒီဆွေးနွေးပွဲကာလအတွင်း NUG ကို အသိအမှတ်ပြု ဆက်ဆံပြောဆိုမှုတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေကို အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံက အလေးအနက်ထားကြောင်း ပိုမိုပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။ ဒါဟာ NUG ရဲ့ သံတမန်ရေးရာ အောင်ပွဲဖြစ်ပါတယ်လို့ ဦးအောင်ကြည်ညွန့် က ပြောဆိုပါတယ်။


“နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုကတော့ ကျွန်တော် အချက်သုံးချက်ပြောချင်တယ်ဗျာ။ နံပါတ်တစ်အချက်ကဘာလဲဆိုတော့ အခုဒီအစည်းအဝေးမှာ အာဆီယံ US ရယ် ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကနေပြီးတော့ အခုကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး သွားတဲ့အခါမှာ ကျန်တဲ့အာဆီယံဝန်ကြီးတွေနဲ့ တွေ့ခွင့်ရသလို US မှာရှိတဲ့ အဓိကကျတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့်ရတယ်ဆိုတဲ့ အခြေအနေမျိုးဟာ သံတမန်ရေးရာအတွက် ဒီ NUG ရဲ့ ရှေ့တန်းရောက်မှုဟာ ပိုပြီးတော့ သိသာထင်ရှားလာတယ်။ သံတမန်အများစုရဲ့ လေးစားမှုကို ရရှိလာတယ်ဆိုတာကို မြင်ရတယ်ဗျာ။ နောက်နံပါတ်နှစ်အချက်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ ပြည်သူတွေအပေါ်မှာ စစ်ကောင်စီဟာ ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်ပြီးတော့ ဖိနှိပ်နေတဲ့အတွက် ဘယ်လိုတွေဖြစ်နေသလဲဆိုတဲ့ သတင်းတွေဟာ ကမ္ဘာက မှန်မှန်ကန်ကန်နဲ့ သိရှိလာတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံအတွက်ကို ပိုပြီးတော့ စာနာမှုတွေရှိလာတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ရနိုင်တဲ့ဘက်ကနေပြီးတော့ ဝိုင်းဝန်းကူညီပံ့ပိုးရပ်တည်ပေးမယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ရောက်ရှိလာတယ်။ နောက်နံပါတ်သုံးအချက်က ဘာလဲဆိုတော့ နွေဦးတော်လှန်ရေးဟာ တကယ်တမ်းကျတော့ အုပ်စုတစ်ခုနဲ့ တစ်ခုကြားထဲမှာ ဖြစ်နေတာ မဟုတ်တော့ဘဲနဲ့ တကယ့်ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်နဲ့ ပြည်သူတစ်ရပ်လုံးကြားထဲမှာ ပေါ်ပေါက်နေတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေမျိုးဟာ ဟန်ဆောင်ရွေးကောက်ပွဲ ဟန်ဆောင် ငြိမ်းချမ်းရေးစကားပြောမယ်ဆိုတဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ယာယီထွက်ပေါက်လောက်နဲ့တော့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဖြေရှင်းလို့မရနိုင်ဘူးဆိုတာကို ပီပီပြင်ပြင် ကမ္ဘာကရော နိုင်ငံတကာကရော သိလာကြပြီး ဒါဟာအင်မတန် အားကောင်းတဲ့ အခွင့်အလမ်းလို့ ကျွန်တော်မြင်တယ်ဗျာ။”


မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က NUG အစိုးရက အခုလို တိုးတက်အောင်မြင်မှုတွေ ရရှိနေချိန်မှာ စစ်ကောင်စီကတော့ သံတမန်ရေးအရ ရှုံးနိမ့်မှုတွေကို ကြုံတွေ့နေရတယ်လို့ သုံးသပ်ပါတယ်။


“NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်အစိုးရက အခုလို လုံခြုံရေးတာဝန်ယူပြီး ဝါရှင်တန်မှာရှိနေတဲ့ အမေရိကန်နိုင်ငံရေးခေါင်းဆောင် ပါတီအသီးသီးက အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပြုလိုက်တာဟာ NUG ကို အသိအမှတ်ပြုထားတာလောက်နီးနီး အမေရိကန်ကသူ့ရဲ့သဘောထားကို ဖော်ပြလိုက်တာပါ။ အဲ့ဒါနဲ့တစ်ချိန်တည်းမှာ စစ်ကောင်စီအနေနဲ့ အတော်အရှက်ရနေတဲ့ကိစ္စက မြန်မာပြည်မှာရှိနေတဲ့ သံတမန်တွေက စကစဥက္ကဌ မင်းအောင်လှိုင်ဆီမှာ သံအမတ်ခန့်အပ်လွှာ မအပ်ချင်တဲ့အတွက် နည်းမျိုးစုံနဲ့ သံအမတ်အဆင့်အတန်းတွေကို လျှော့ချနေပါတယ်။ အဲ့တာဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ကတော့ အတော်ရှက်စရာကောင်းတဲ့ကိစ္စပါပဲ။ ကျွန်တော်တို့ အရှေ့အာရှတစ်လွှားမှာ သံတမန်ရေးလှုပ်ရှားမှုတွေအတွင်းမှာ တစ်ခါမှမကြားဖူးတဲ့ကိစ္စပါပဲ။”


ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်းမှာလည်း တစ်နေ့တစ်ခြား ကျဆုံးမှုတွေကို ရင်ဆိုင်နေရတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။


“အခုစစ်ကောင်စီကနေခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် စာရင်းပေးထားတဲ့အဖွဲ့ (၉) ဖွဲ့ထဲမှာ လောက်လောက်လားလား စစ်ကောင်စီနဲ့စကားပြောနိုင်တဲ့ EAO အဖွဲ့အစည်းတွေ မပါကြပါဘူး။ တစ်ချိန်တည်းမှာ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီ ထိပ်တိုက်တွေ့မယ့်အနေအထား မြင်နေရပါတယ်။ AA အဖွဲ့နဲ့ NUG တွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်တိုးပွားလာပြီဆိုရင်တော့ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးဟာ အောင်ပွဲဆီကို မြန်မြန်ဆန်ဆန်ရောက်ရှိတော့မယ်လို့ ကျွန်တော် ယုံပါတယ်ခင်ဗျာ။”


ဒီအတောအတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသူလို့ ဝေဖန်ခံနေရတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို မေလ ၁၇ ရက်က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ဆာဆာကာဝါအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်ကို မငဲ့ကွက်ဘဲ စစ်ကောင်စီထွက်ပေါက်ရရေးအတွက်ပဲ ဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုရရှိမှာ မဟုတ်ပါဘူးလို့ ဝေဖန်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။