ပြည်သူတွေအကြား ငွေစက္ကူအတု ပျံ့နှံ့နေ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် ပြီးခဲ့တဲ့ လလောက်ကစပြီး ငွေစက္ကူအတု အရောင်းအဝယ်တွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
လက်ရှိ ပြည်သူတွေကြားထဲမှာလည်း ငွေပေးချေတဲ့ကိစ္စတွေမှာ ငွေစက္ကူအတုတွေ ကြားညှပ်ပါလာတာတွေ ကြုံတွေ့နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပဲခူးတိုင်း ပြည်မြို့က ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းလုပ်နေသူ အမျိုးသား တစ်ဦးကတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေ ရောင်းချလို့အပြီး ပိုက်ဆံရှင်းတဲ့အခါ တစ်သောင်းတန် အတုတွေပါလာလို့ ကိုယ်တိုင်စိုက်လျော်ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ငွေတုပြဿနာကတော့ ကျနော်တို့ ဒီမှာ ပိုက်ဆံရှင်းတဲ့အခါ ပါလာတယ်ပေါ့။ ကျနော်တို့က မသိလိုက်ဘူး။ စစ်ယူလိုက်တယ်။ ဒါပေမဲ့ အဲဒါ အတုမှန်း ကျနော်တို့က မသိလိုက်ဘူး။ ဘဏ်ကနေတစ်ဆင့် ပြန်စစ်ပေးတာ။ စစ်တော့ အဲဒီလို အတုပါလာရင် ကျနော်တို့ကို ပြန်ပေးပြီး ပြန်စိုက်ရတာပေါ့။ အတုကတော့ စိုးရိမ်ရတယ်။ ပြောမယ် ဆိုရင် ကျနော်တို့ဆီ ပြန်ရရင်လည်း ပြန်သုံးဖို့က မလွယ်ဘူးလေ။ ပြီးတော့ စိုက်ရတာ ကျတော့လည်း တစ်သောင်းတန် တစ်ရွက်ဆိုရင် မနည်းဘူး။ တစ်ခါတည်း နှစ်ရွက် သုံးရွက်၊ သုံးသောင်းလောက်ဆိုရင် တော်တော်ဖြစ်သွားပြီ”
အခုအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ တစ်လလောက်က သူကိုယ်တိုင်ကြုံတွေ့ရတာဖြစ်ပြီး တစ်လတည်းမှာတင် ငွေစက္ကူအတုနဲ့ နှစ်ကြိမ်လောက် ကြုံတွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အခုဆိုရင်လည်း ငွေအပေးအချေလုပ်တဲ့အခါ တစ်သောင်းတန်အတုတွေ ပါလာမှာ စိုးတာကြောင့် ပိုက်ဆံရဲ့ ရောင်ပြန်ကြိုးတွေ၊ ရေစာတွေနဲ့ စာရွက်အထူအပါးတွေကို တစ်ရွက်ချင်း သေသေချာချာ သတိထားစိစစ်ပြီး ယူနေရတယ်လို့ သူက ပြောပါတယ်။
ဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးက ဒီရက်ပိုင်း ငွေတုတွေ များလာတဲ့အကြောင်းနဲ့ သူကိုယ်တိုင် ငါးထောင်တန် အတုတစ်ရွက်ကို ရေနဲ့ ဆေးချလိုက်တဲ့ခါ ဆေးရောင်တွေ ကျွတ်သွားတဲ့ အကြောင်း ဗီဒီယိုဖိုင်တစ်ခုကို မတ်လ ၁၁ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။
"အတုကတော့ စိုးရိမ်ရတယ်။ ကျနော်တို့ဆီ ပြန်ရရင်လည်း ပြန်သုံးဖို့က မလွယ်ဘူးလေ။"
သူတင်တဲ့ ပို့စ်အောက်မှာတော့ လူမှုကွန်ရက်အသုံးပြုသူတွေက ဈေးရောင်း၊ ဈေးဝယ် လုပ်ငန်းတွေမှာ ငွေစက္ကူအတုတွေနဲ့ ကြုံရကြောင်း ဓာတ်ပုံတွေနဲ့တကွ မှတ်ချက် ပေးထားတာတွေကို မြင်တွေ့ရပါတယ်။
ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ အခုနောက်ပိုင်း ငွေစက္ကူ အတုတွေ ဈေးကွက်ထဲ ပျံ့နှံ့လာတာကြောင့် သတိထားလုပ်ကိုင်နေရသလို သူ့ရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ငွေလဲကောင်တာတွေမှာ ငွေအတု၊ အစစ်ခွဲခြားတဲ့ စက်တွေနဲ့ ငွေစက္ကူတွေကို စိစစ်နေရတယ်လို့ ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ လက်ရှိကတော့ သတိထားပြီးတော့ လုပ်ရတာပေါ့နော်။ ငွေအတုကတော့ အခုနောက်ပိုင်း ပိုပြီးတော့ တွေ့တဲ့ဟာကတော့ အရင်ထက်စာရင် နည်းနည်းများလာတာပေါ့နော်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ကတော့ အရင်ကတော့လည်း ရှိတယ်။ အခုကတော့ ပိုပြီးတော့ သတိထားတဲ့ အပိုင်းတော့ရှိတယ်။ ကျနော်တို့ အနေနဲ့ကတော့ နှစ်ခုပေါ့။ Changer တွေ၊ ဘာတွေမှာဆိုရင်တော့ ငွေအတု၊ အစစ် စိစစ်တဲ့စက်တွေ ရှိတာပေါ့နော်။ သာမန်မှာတော့ မရှိဘူးပေါ့။ သို့သော်လည်းပဲ တစ်ခုတော့ရှိ တယ်။ ငွေအမောက်များရင်တော့လည်း ဘဏ်အကောင့်ကိုသုံးပြီးတော့ ဘဏ်ထဲပဲထည့်ခိုင်းတာများတယ်”
ငွေစက္ကူအတုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတု ဆယ်သိန်းကို ငွေအစစ် တစ်သိန်းဖိုးနဲ့ လဲနိုင်ပြီး သက်ဆိုင်ရာမြို့တွေကို ကားဂိတ်ကနေ ပို့ဆောင်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုတွေ၊ ကြော်ငြာတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နေ ရတယ်လို့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေက ပြောပါတယ်။
အဲဒီလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတုရောင်းချတာတွေနဲ့ ပတ်သက်လို့ အရေးယူနိုင်ဖို့ ဖိဖိစီးစီး ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောပါတယ်။
“အဲဒါတွေက ကောလာဟလဖြစ်နိုင်တယ်။ အမှန်တကယ်လည်း ရောင်းတာမတွေ့ဘူးဗျ။ နောက်တစ်ခုက ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဖိဖိစီးစီးလုပ်နေပါတယ်ဗျာ။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ အဲဒီဟာတွေ ဟုတ် မဟုတ်တို့ သေချာစိစစ်နေပါတယ်”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်တွေ့ စုံစမ်းတွေ့ရှိချက်တွေအရ စိုးရိမ်ပူပန်စရာ မလိုဘူးလို့ ပြောပါတယ်။
“ငွေတုနဲ့ပတ်သက်ရင် တချို့ဖော်ထုတ်ရရှိတာတွေရှိတယ်။ များများစားစားတော့ ဖော်ထုတ်ရရှိတာ မရှိဘူး။ သိပ်တော့ အဆင့်မီတဲ့ဟာတွေတော့ မဟုတ်ဘူး။ လူမှု ကွန်ရက် စာမျက်နှာပေါ်တွေမှာ ဖြစ်နေတဲ့ဟာတွေကိုလည်း ကျနော်တို့ လိုက်လံစုံစမ်း ကြည့်တယ်။ လိုက်လံစုံစမ်းကြည့်ပြီး ဇာစ်မြစ်ကိုလည်း လိုက်တယ်။ ဘယ်လိုမျိုး ပို့မယ်တို့၊ ဘာပို့မယ်တို့ လုပ်တဲ့ဟာမျိုးတွေတော့ လိုက်လံ စုံစမ်းတဲ့အခါမှာ မဟုတ်တဲ့ဟာ များတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ မလိုဘူးလို့ပဲ ပြောချင်ပါတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်မှာ တစ်သောင်းတန် ငွေစက္ကူ အတုလုပ်တဲ့လူတွေကို ဖမ်းဆီးရမိတဲ့အကြောင်း ပြည်တွင်း မီဒီယာတချို့က ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး သတင်းဖော်ပြခဲ့ကြပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ ဖြစ်စဉ်မှာဆိုရင် စက်နဲ့ ဖြတ်ပြီးသား ငွေစက္ကူတွေ၊ မဖြတ်ရသေးတာ တွေနဲ့ ထုပ်ပိုးပြီးသားတွေ အပါအဝင် တစ်သောင်းတန်အတု အရွက် ထောင့်ခုနစ်ရာ (၁၇၀၀) ကျော်မိတယ်လို့ ဖော်ပြထားပါတယ်။
စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းကတော့ ငွေစက္ကူအတုတွေ ပပျောက်ရေးနဲ့ ပတ်သက်လို့ စနစ်ကျတဲ့ ထိန်းချုပ်မှုတွေကို အကောင်အထည် မဖော်နိုင်သရွေ့ ပြဿနာက ဆက်ရှိ နေဦးမယ်လို့ သုံးသပ်ပါတယ်။
“စစ်တပ်နဲ့ ပတ်သက်ပြီးတော့ တောက်လျှောက်ဖြစ်လာခဲ့တဲ့ ဥစ္စာကတော့ အမိန့် ပေးမယ်။ ပေးတဲ့အမိန့် အတိုင်းကို မဖြစ်ဖြစ်အောင်လုပ်ဆိုတာပဲရှိတယ်။ ဘယ်လို လုပ်မယ်ဆိုတဲ့ စနစ်ကျတဲ့ မူဝါဒမျိုးမရှိသလိုဘဲ အကောင်ထည်ဖော်ရာမှာလည်း စနစ်ကျတဲ့ အကောင်အထည် ဖော်မှုပေါ့နော်၊ နည်းပညာပိုင်းဆိုင်ရာ စနစ်ကျတဲ့ အကောင်အထည်ဖော်မှုမျိုးမဟုတ်ဘဲနဲ့ မဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးပဲရှိတယ်။ အဲဒါတွေကို မပြုပြင်နိုင်သရွေ့ကတော့ ဒီအခြေအနေဟာ မကောင်းနိုင်လောက်ဘူး။ ၀ိသမစီးပွားရေး သမားတွေအနေနဲ့ အတုတွေလုပ်မယ်။ လုပ်ပြီးရင် သာမန်ပြည်သူ လူထုဆီကပဲ တစ်ဆင့်ဖြန့်မယ်။ အဲဒီလိုဖြန့်ရင် သူတို့က ကော်မရှင်ရတဲ့အတွက် အဲဒီလိုကိစ္စတွေ ဝင်လုပ်မယ်ဆိုရင် ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိပါတယ်”
ပြည်သူလူထုတွေ စီးပွားရေးကျပ်တည်းနေတဲ့အချိန် ငွေစက္ကူအတုကိစ္စလို မသမာတဲ့ နည်းတွေနဲ့ စီးပွားရှာမှု တွေကြောင့် ဆိုးကျိုးတွေကို သာမန်အောက်ခြေ ပြည်သူလူထုကပဲ ပိုခံစားရမယ့် သဘောရှိတယ်လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။
ငွေစက္ကူအတုလုပ်ငန်းတွေ ပပျောက်နည်းပါးသွားဖို့ဆိုရင် ပုံမှန်စီးပွားရေးလုပ်ငန်းတွေ မှန်မှန်ကန်ကန် လည်ပတ်တာ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးတွေ ပုံမှန်ပြန်ဖြစ်ဖို့လိုပြီး လက်ရှိမှာ စစ်ကောင်စီက အဲဒီလို ပြန်ဖြစ်အောင် လုပ်နိုင်တာမရှိသေးဘူးလို့လည်း သူက ဝေဖန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးတွေ ကျဆင်းလာတာ၊ ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့အတူ စားဝတ်နေရေး ပိုပြီးကျပ်တည်းလာနေတဲ့အချိန်မှာ ငွေစက္ကူအတု ပြဿနာကြောင့် ပူပန်မှုတွေပါ ပြည်သူတွေအကြား ထပ်တိုးလာနေပါတယ်။