ငွေစက္ကူတွေကနေ ဗိုင်းရပ်စ်ကူးစက်နိုင်သလား
2020.03.27
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ လက်နဲ့ ကိုင်တွယ်မိလိုက်တဲ့အရာတွေကနေ အဓိကကူးစက်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လူသန်းနဲ့ချီ နေ့စဉ်ကိုင်တွယ်သုံးစွဲနေကြတဲ့ ငွေစက္ကူပိုက်ဆံတွေကနေတဆင့် ဒီဗိုင်းရပ်စ်ကူးစက်တတ်သလားဆိုတာက မေးခွန်းတစ်ခုဖြစ်နေတာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ဒီလိုငွေစက္ကူတွေကနေ ရောဂါကူးစက်နိုင်တယ်လို့ အတိအကျမပြောပေမယ့် ငွေစက္ကူတွေကို ကိုင်တွယ်အသုံးပြုတာကို အတတ်နိုင်ဆုံးရှောင်ကြဖို့ ပြောထားတာပါ။
အွန်လိုင်းငွေချေတဲ့ ဘဏ်ကတ်စနစ်တွေကို တွင်တွင်ကျယ်ကျယ်မသုံးစွဲတဲ့ မြန်မာနိုင်ငံမှာ ဒီငွေစက္ကူတွေကို မဖြစ်မနေသုံးစွဲနေကြရပေမယ့်လည်း သတိထားသုံးစွဲကြဖို့ အမေရိကန်ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးက သတိပေးပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ အရာဝတ္ထုတွေပေါ်မှာ ဘယ်လောက်ကြာကြာ တွယ်ကပ်နေနိုင်သလဲဆိုတာတဲ့အဖြေကလည်း မသေချာမရေရာပါဘူး။
ရောဂါပိုးကူးစက်ခံထားရတဲ့သူ တစ်ထောင်နီးပါးတွေ့ရှိတဲ့ ဂျပန်နိုင်ငံမှာ ကမ်းကပ်ထားတဲ့ Diamond Princess သဘော်ကြီးကို လူနာတွေဆင်းသွားပြီးနောက် CDCအဖွဲ့က သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ ဒီဗိုင်းရပ်စ်ပိုးဟာ ၁၇ ရက်ကြာ အဲ့ဒီသဘောၤပေါ်က အရာဝတ္ထုတွေမှာ စွဲကပ်ကျန်နေတာကို တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီလို တွေ့ရှိပြီးတဲ့နောက် နိုင်ငံတော်တော်များများက ဘဏ်တွေမှာ နေ့စဉ်ဝင်ငွေတွေကို ၁၄ ရက်ကြာ ပိုးသတ်ပြီးမှ လူထုထဲ ပြန်ဖြန့်တဲ့စနစ်ကို စတင်လုပ်လာတာတွေ့ရတယ်လို့ ဒေါက်တာမင်းမင်းစိုးကပြောပါတယ်။
မြန်မာနိုင်ငံမှာလည်း အဲ့ဒီလိုကြိုတင်ကာကွယ်တာမျိုးလုပ်နိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ သူကအကြံပြုပါတယ်။
အမေရိကန်ဗဟိုဘဏ်ဟာဆိုရင် ငွေစက္ကူတွင်တွင်ကျယ်ကျယ်သုံးစွဲတဲ့ အာရှနိုင်ငံတွေဘက်ကလာတဲ့ ငွေစက္ကူတွေကို ၁၄ ရက် ပိုးသတ်ထိန်းသိမ်းထားတာပါ။ ရောဂါစဖြစ်ပွားတဲ့ တရုတ်နိုင်ငံက ဘဏ်တချို့မှာလည်း ငွေစက္ကူပေါ်မှာ ရောဂါတွေ့ရှိတာကြောင့် မီးရှို့ဖျက်စီးတာ ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်နေကြတာပါ။
မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံတွေလို အွန်လိုင်းငွေချေတဲ့ ဘဏ်ကတ်စနစ်ကို အသုံးပြုဖို့အတွက် ခက်ခဲနေသေးတယ်လို့ ရန်ကုန်မှာနေတဲ့ မမေသူအောင်ကပြောပါတယ်။
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူကတော့ ဘဏ်တွေနဲ့ချိတ်ပြီး အတိုးနှုန်းကင်းတဲ့ Mandalay Smart Pay လို့ခေါ်တဲ့ ဘဏ်ကတ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို မန္တလေးအစိုးရက စတင်နေပြီလို့ဆိုပါတယ်။
ငွေစက္ကူတွေကနေ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်တာ ရှိ၊မရှိ ဆိုတာကိုတော့ အခုအချိန်ထိ သိပ္ပံနည်းကျအတည်မပြုနိုင်သေးတာပါ။ တရုတ်နိုင်ငံကစတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်သူက ဘယ်သူ့ဆီ ဘယ်အချိန်ကူးစက်လာမလဲဆိုတာ အတိအကျမပြောနိုင်သေးတဲ့အပြင် ကုသဆေးလည်း မရှိသေးပါဘူး။ ဒါကြောင့် နိုင်ငံတကာမှာ ဒီဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကာကွယ်လို့ရမယ့် နည်းလမ်းမှန်သမျှသုံးပြီး ကာကွယ်ကြဖို့ ပညာရှင်တွေက သတိပေးနေကြပါတယ်။