လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် လျှော့ချရေး အလွယ်တကူ ဖြစ်နိုင်မလား
2019.03.12
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို လျှော့ချဖို့ဆွေးနွေးတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအတွက် လွယ်လွယ်ကူကူ အဖြေထွက်ပါ့မလား ဆိုတာကတော့ မေးစရာရှိနေပါတယ်။ RFA ဝိုင်းတော်သားဦးတင်အောင်ခိုင်က သုံးသပ် တင်ပြထားပါတယ်။
■ လွှတ်တော်အတွင်းမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကိစ္စဟာ အမြဲ မေးခွန်းထုတ်ခံနေရတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုသူတွေ၊ ဒါမှမဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲလိုသူတွေနဲ့ တိုင်းရင်းသားတွေရဲ့အမြင်မှာ ဒီကိစ္စဟာ အဓိက ပစ်မှတ် တခုဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ နဲ့ ၂၇ ရက် နေ့တွေက ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA ) ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေတာကို လျှော့ချမယ်ဆိုရင် အချိန်အကန့်အသတ် အတိအကျ ဖော်ပြပေးစေလိုတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါဟာလည်း တပ်မတော် ကိုယ်တိုင်က ကြေညာရမှာပါ။ ဒါပေမယ့် တပ်မတော်ဘက်က ပြောတာကလည်း မုန့်လုံးစက္ကူကပ်ဆိုသလို ဖြစ်နေပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ မရှိတော့တဲ့အချိန်မှာ တပ်မတော် နိုင်ငံရေးကထွက်မယ်ဆိုပြီး ပြောဆိုထားတာပါ။
တကယ်က ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းကို အဆင့်လိုက်လျှော့ချဖို့ အချိန်အကန့်အသတ်ထားဖို့ ကိစ္စဟာ အရေးကြီးတဲ့ အခြေအနေတခု ဖြစ်နေပါတယ်။ အခုလို ဆောင်ရွက်ပုံမျိုး အင်ဒိုနီးရှားနိုင်ငံမှာလည်း ပြုလုပ်ဖူးတဲ့ သာဓက ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်အုပ်ချုပ်တဲ့၊ စစ်အာဏာ လွှမ်းမိုးတဲ့ လွှတ်တော်အဖြစ်ကနေ နှစ်အလိုက် တပ်မတော်ရဲ့ပါဝင်မှုတွေကို လျှော့ချခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ ကျိုးကြောင်းဆီလျော်မှုရှိပြီး ညင်သာတဲ့ ပြောင်းလဲမှုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ နေပြည်တော်မှာပြုလုပ်နေတဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ကိုယ်စားလှယ်တချို့က တပ်မတော်သားပါဝင်မှု ၂၅ ရာခိုင်နှုန်းကို ချက်ခြင်းဖျက်သိမ်းဖို့ အဆိုပြုတယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေဟာ ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ လူများစု NLD ပါတီက ကိုယ်စားလှယ်တွေနဲ့ လူနည်းစု တပ်မတော်သားကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကြားမှာ ထိပ်တိုက်ရင်ဆိုင် တွေ့နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီထိပ်တိုက်ရင်ဆိုင်မှုဟာ ပူးပေါင်းကော်မတီ အစည်းအဝေးတင်မက တဆင့်တက်ပြီး လွှတ်တော်တွင်းအထိ ရိုက်ခတ် ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါ့အပြင် လွှတ်တော်တွင်း အစဉ်အလာအရ မဲခွဲရတဲ့ အခြေအနေမျိုး ဖြစ်လာတဲ့အခါမှာလည်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ စွပ်စွဲပြောဆိုနေသလို “လူအင်အားနဲ့အနိုင်ယူတယ်” ဆိုတဲ့ပြောဆိုမှုမျိုးက လွတ်မှာမဟုတ်သလို၊ အမျိုးသားရင်ကြားစေ့ရေး အခြေအနေဟာလည်း ဆိုးဆိုးဝါးဝါး အခြေအနေကို ရောက်သွားနိုင်ပါတယ်။
ဒီအခြေအနေတွေက လွန်မြောက်နိုင်ဖို့ဆိုတာဟာ စစ်အစိုးရခေတ်မှာ NLD ပါတီဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသာ ရှိပါတယ်။ အရင်က အတိုက်အခံဖြစ်ခဲ့တဲ့ NLD ပါတီရဲ့အခြေအနေဟာလည်း လက်ရှိအချိန်မှာ ပြောင်းလဲခဲ့ပြီမို့ NLD ဘက်က ဒီကိစ္စကို တောင်းဆိုခဲ့ရင် အရင်ထက်ပိုပြီး ဖြစ်နိုင်ခြေ ရှိနေပါတယ်။ အဓိကကတော့ အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်တွေ အလွတ်သဘောတွေ့ဆုံပြီး အဖြေရှာကြဖို့ပါပါ။ အဲဒီတွေ့ဆုံမှုက ရလာတဲ့အဖြေကသာ ပြည်သူတွေ အလိုလားဆုံး အဖြေ ဖြစ်နိုင်မယ့်အကြောင်း တင်ပြလိုက်ရပါတယ်။