ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကထားဆွေးနွေးမဲ့အကြောင်း ကိုယ်စားလှယ်တွေပြော


2015.01.19

ပထမအကြိမ် ၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို နေပြည်တော်မှာ ဒီနေ့ ပြန်လည် စတင်ကျင်း ပနေပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ်အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကိုပဲ အဓိကထား ဆွေးနွေးနေရ မှာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူက စုစည်းတင် ပြထားပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စတင်ကျင်းပရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီ က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို စတင်တင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ခိုင် ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ရွေးကောက်ခံ လွှတ်တော် ကိုယ်စား လှယ်တွေအပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါ တယ်။

အဲ့ဒီဆွေးနွေးချက်တွေကို ဥပဒေမူကြမ်းတစ်ရပ်အနေနဲ့ အခု ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေမှာ ထပ်မံဆွေးနွေးကြမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက အရေးကြီးတဲ့ ပုဒ်မတွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ လို ပုဒ်မတွေကိုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ငြင်းဆိုထားတဲ့အတွက် အောင်မြင်ဖို့ အတော် ကြိုးစားရဦးမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

ဦးရဲထွန်း။                  ။ဒီတစ်ကြိမ်မှာကတော့ အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်ဗျ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စပေါ့၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆွေးနွေးတာ၊ ပြင်ဆင်တာ၊ အတည်ပြုတာ လုပ်မယ်ပေါ့နော်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေရော၊ တပ်မတော်သား ကိုယ်စားလှယ်တွေရော သဘောတူ မှရွေးကောက်ခံ ကိုယ်စားလှယ်တွေချည်းပဲ သဘောတူတယ်မျှနဲ့တော့ ဒီပြင်ဆင်ချက်က အောင်မြင်မှာမဟုတ်ဘူး ၊ နောက် ၄၃၆ ကိုပြင်ဖို့ကိစ္စမျိုးကျတဲ့အခါတော့ ကျနော်တို့ရဲ့ ရွေးကောက်ခံကိုယ်စားလှယ်များ ကြားထဲမှာလည်းမတူဘူး၊ NLD အဲ့ဒီ ၄၃၆ မှာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်လို့ရှိရင် ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သုံးပုံနှစ်ပုံပဲဖြင့်ပြင်ဆင်နိုင် သည်လို့ သူကအဲ့လိုပြင်ချင်တာ၊ ပြည်ခိုင်ဖြိုးပါတီဆိုရင်တော့ ၇၅ ရာခိုင်နှုန်းဖြင့်ပေါ့နော် အဲ့ဒီလိုကွဲပြားခြားနား မှုတွေရှိပြီးတော့ တပ်မတော်သားကိုယ်စားလှယ်တွေကျတော့ လုံးဝအဲ့ဒါကို ပြင်ဆင်ဖို့မလိုဘူးဆိုတဲ့အခါကျတော့ အဲ့ဒီလိုဟာမျိုးကျတော့ အပြင်မှာညှိလို့လည်းမရဘူး၊အဲ့ဒါတော့ သူတို့ကမပြင်ချင်ဘူးဗျာဆိုလို့ရှိရင် ဆွေးနွေးလည်း အကျိုးမထူးဘူးပေါ့။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှဖြစ်မှာမို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြီးအကဲဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပေါ်မူတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

ဒေါက်တာအောင်မိုးညို။           ။ကျနော် သဘောပေါက်သလောက်ကတော့လေ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး ကိစ္စလေးတစ်ခုကို ကျနော်ပြောပြပါမယ်၊ ၄၃၆ သိတဲ့အတိုင်းပဲ တစ်တိုင်းပြည်လုံးမှာတင်ထားတဲ့ အရပ်သားပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက ၇၅ ရာခိုင်နှုန်းပဲရှိတာလေ၊ သူတို့အားလုံး ဘယ်လောက်ပဲပြင်ချင်ပြင်ချင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ဆိုတာကသိတဲ့အတိုင်းပဲ တပ်မတော်သား တစ်ယောက်မပါပဲနဲ့ ဒါဘယ်လိုမှ အကောင်အထည် မပေါ်နိုင်ဘူးလေ၊ အရေးကြီးတဲ့ဟာကြီးပေါ့ ၄၃၆ (က)ကိုပြောတာပေါ့၊ ဒီတပ်မတော်သား ကိုယ်စားလှယ်တွေပါဖို့ ဆိုတာလည်း အဓိကကတော့ ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ မူတည်နေတာဗျ၊ ဒါပြေပြေလည်လည် တိုင်းပြည်အတွက် ရှိပြီးတော့ စေတနာမှန်မှန်နဲ့ဖြစ်နိုင်ဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြမှကိုဖြစ်မှာ၊ အဲ့ဒီပြင်ရေးတွေကို အကောင်အ ထည် ပေါ်စေချင်လို့မို့လို့ ကျနော်တို့က အရင်တုန်းက ၄ ပွင့်ဆိုင်ဆိုပြီးတော့လည်း တောင်းဆိုခဲ့တယ်၊ ၆ ပွင့်ဆိုင်ကို လွှတ်တော်ကနေပြီးတော့ ဆောင်ရွက်ဖို့ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊ သို့သော်လည်းပဲ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဒီ ၆ ပွင့်ဆိုင်ကို အီလယ်လယ်လုပ်နေတာပေါ့ဗျာ၊ အဲ့ဒီတော့ ကျနော်ပုဂ္ဂိုလ်ရေး၊ ကျနော်တစ်ယောက် တည်းအမြင် ပြောရလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ကိစ္စတို့ အရေးကြီးတဲ့ ၄၃၆ တို့ဘာတို့ဟာ ဖြစ်နိုင်ပါ့မလားလို့ ကျနော်သံသယရှိတယ်ဗျ။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးကြီးတဲ့ပုဒ်မတွေပြင်ဆင်ဖို့ရာ လွှတ်တော်တွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားဆန္ဒမပါရင် လွှတ်တော်ထဲမှာ ဘယ်လိုပဲ ဆွေးနွေးဆွေးနွေး အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက အရေးကြီးတဲ့အချက်တွေကို ပြင်ဆင်နိုင်ဖို့ရာမှာ နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌနှစ်ဦး ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ပေါ်ဖို့ အရေးကြီးတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဦးဖေသန်း။                ။ဖွဲ့စည်းပုံအရပေါ့နော် ဒီ ၂၅  ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေက ပါဝင် ပြီးတော့နေရာယူထားတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကုန်လုံး ကျနော်တို့ဘက်က ရွေးကောက်ခံကိုယ်စား လှယ်တွေက ထောက်ခံပြီးတော့ဆွေးနွေးရင်တောင်မှ မဖြစ်နိုင်တဲ့အခြေအနေမျိုးရှိပါတယ်၊ ကျနော်တို့ကုန်ခဲ့တဲ့အပတ် ရှင်လင်းချက်တွေအရဆိုရင် သူတို့တကယ့်ကို မပြင်ချင်တဲ့ပုဒ်မတွေများပါတယ်၊ ကျနော်တို့ ဘယ်လိုကျော်လွှားနိုင်မလဲဆို တာကို ပြည်ထောင်စုလွှတ်တော်ကလည်း ကျနော်တို့ကို အဆိုတရပ်တင်သွင်းပြီၤးတော့ ၆ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးတွေပါ ကျနော်တို့ တောင်းဆိုထားပါတယ်၊ အဲ့ဒီတော့ ဒီလိုဆွေးနွေးညှိနှိုင်းမှု မရှိဘူးဆို ရင်တော့ တပ်မတော်ကိုယ်စားလှယ်တွေ တနည်းအားဖြင့် တပ်မတော်နဲ့ လူထုကိုယ်စားလှယ်တွေကြားမှာ အဖြေတစ်ခုရဖို့ဆိုတာ တော်တော့်ကိုအခြေအနေ မပေးဘူးလို့ပြောရပါမယ်၊ ဒါကြောင့်ညှိနှိုင်းဆွေးနွေးခြင်ဖြင့်သာ ဒီအကျပ်အတည်းကို ကျနော်တို့ ကျော်လွှားနိုင်မှာဖြစ်တယ်၊ ညှိနှိုင်းဆွေးနွေးဖို့လိုအပ်တယ်၊ ဒီလွှတ်တော်ထဲမှာ တင်ပြရုံနဲ့တော့ ဒီကိစ္စမပြီးနိုင်ဘူး၊ အဓိကလိုအပ်ချက်တွေကို ကျနော်တို့ မပြင်ဆင်နိုင်ဘူးလို့ ကျနော်တို့ကလုံးဝ ယုံကြည်ပါတယ်ခင်ဗျ။

လွှတ်တော်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့အတွက် အခု ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးဟာ တိုင်းပြည်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထဲက အရေးကြီးတဲ့အချက်တွေကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းရ မှာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။