ရုရှားစစ်တပ်နဲ့ မြန်မာစစ်တပ် တူညီမှုများ

သတင်းသုံးသပ်ချက် - ဇက်ခါရီ အဘူဇာ (Zachary Abuza)
2022.03.16
ရုရှားစစ်တပ်နဲ့ မြန်မာစစ်တပ် တူညီမှုများ (ဝဲ) ရုရှားသမ္မတ ဗလာဒီမာပူတင်၊ (ယာ) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Sputnik via Reuters / Reuters

ယူကရိန်းစစ်ပွဲ အရှိန်ပြင်းလာတာနဲ့အမျှ ရုရှားတပ်တွေ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်တာ မတွေ့ရသေးသလို၊ ရုရှားရဲ့ လုပ်ရပ်တွေဟာ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေထဲမှာ မပါတော့တဲ့ မြန်မာနိုင်ငံကဖြစ်ရပ်‌တွေနဲ့ တစ်ထပ်တည်း တူလာနေတာ တွေ့ရပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်း မြို့ကြီးတွေကို သိမ်းပိုက်ပြီးထိန်းချုပ်ထားဖို့ အင်အားအလုံအလောက် မရှိတဲ့အတွက် မြို့ကို ဝိုင်းထားပြီး၊ အဝေးကနေပဲ တာဝေးပစ် ဒုံးကျည်တွေနဲ့ လှမ်းပစ်တဲ့ နည်းဗျူဟာကို သုံးလာတာတွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာစစ်တပ်က လုပ်နေသလိုပဲ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တိုက်ခန်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်လာပြီး၊ လူသားချင်းစာနာမှုအကူအညီပေးရေး ယာဉ်တန်းတွေကို အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ မရောက်အောင် တားဆီးသိမ်းယူတာတွေလည်း လုပ်လာနေတယ်လို့ဆိုပါတယ်။

(ဝဲ) ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင် Chuguiv မြို့တွင် ရုရှားတပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦး။  (ယာ) ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူတစ်ဦး၏နဘေးတွင် တွေ့ရသည့် ဆန္ဒပြသူတစ်ဦး။ (AFP)
(ဝဲ) ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင် Chuguiv မြို့တွင် ရုရှားတပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦး။ (ယာ) ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူတစ်ဦး၏နဘေးတွင် တွေ့ရသည့် ဆန္ဒပြသူတစ်ဦး။ (AFP)

တပ်မတော်လို့ ခေါ်ကြတဲ့ မြန်မာစစ်တပ်ဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး၊ Data for Myanmar ရဲ့ မှတ်တမ်းတွေအရ လူနေအိမ်ပေါင်း ၆၇၀၀ လောက် မီးရှို့ခံခဲ့ပါတယ်။ ဒါဟာ နယ်မြေတစ်ခုကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားဖို့ မလုပ်နိုင်တဲ့အတွက် ဒေသခံတွေကို အပြစ်ပေးတဲ့အနေနဲ့ လုပ်နေတာပါ။ စစ်တပ်ဟာ တော်လှန်ရေးတပ်သားတွေ ဒေသခံပြည်သူတွေဆီက အကူအညီအထောက်အပံ့မရအောင် ' ဖြတ်လေးဖြတ်' ဆိုတဲ့ မဟာဗျူဟာကို ကျင့်သုံးနေပါတယ်။

ရုရှားနဲ့ မြန်မာ၊ စစ်တပ်တွေဟာ စိတ်ဓာတ်နဲ့ လေ့ကျင့်သင်ကြားမှု အားနည်းပြီး တကယ်တော့ အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ တပ်သားတွေကို အမှီပြုနေရတာပါ။ တပ်သားတွေ တိုက်ပွဲမှာ ကျဆုံးဒဏ်ရာရတာနဲ့ တပ်ပြေးအဖြစ် ထွက်ပြေးတာတွေ ကြုံနေရတဲ့ ရုရှား ခေါင်းဆောင်တွေဟာ ဆီးရီးယားနဲ့ ချေချင်ညာက ကြေးစားတပ်သားတွေ ခေါ်သုံးဖို့အပြင်၊ Wagner Group လို့ခေါ်တဲ့ ရုရှား အရပ်သား စစ်သွေးကြွအဖွဲ့ကို အသုံးချဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း တပ်မတော်ရဲ့ အင်အားချိနဲ့လာတာနဲ့အမျှ ပျူစောထီးလို့ ခေါ်တဲ့ စစ်တပ်ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့တွေကို ပိုပြီး အသုံးချလာတာ တွေ့နိုင်ပါတယ်။

ရုရှားနဲ့ မြန်မာ အာဏာရှင်အစိုးရနှစ်ရပ်လုံးဟာ သူတို့ကို ဆန့်ကျင်ဝေဖန်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နှင်းနေပါတယ်။ ရုရှားဟာ အခုဆိုရင် အစိုးရပိုင်မဟုတ်တဲ့ သတင်းမီဒီယာတွေကို လုံးဝ သတင်း အမှောင်ချထားတဲ့အတွက်၊ နိုင်ငံခြားသတင်းထောက် အားလုံးကို နိုင်ငံထဲကနေ မောင်းထုတ်ထားပါတယ်။ အင်တာနက်ကိုလည်း နိုင်ငံထဲမှာ မြန်နှုန်းအဆင့် လျှော့ထားလိုက်ပါတယ်။

(ဝဲ) ၂၀၂၂ ခုနှစ်မတ်လ ၁၅ ရက်နေ့က ရုရှားအစိုးရပိုင် Channel One ရုပ်သံသတင်း ကြေညာသူ၏နောက်တွင် သတင်းဌာနအယ်ဒီတာ Marina Ovsyannikova က "စစ်ပွဲရပ်လိုက်ပါ၊ ဝါဒဖြန့်တာတွေ မယုံကြပါနဲ့၊ လိမ်နေတာပါ"  ဟု ရေးသားထားသည့် ပိုစတာကိုင်ဆောင်ပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြစဉ်။ (AFP/Channel One) (ယာ) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် သတင်းယူနေစဉ် ဖမ်းဆီးခံရသည့် ဂျပန်သတင်းထောက် Yuki Kitazumi ကို  မြေနီကုန်းရဲစခန်းသို့ခေါ်ဆောင်သွားစဉ်။ (Associated Press)
(ဝဲ) ၂၀၂၂ ခုနှစ်မတ်လ ၁၅ ရက်နေ့က ရုရှားအစိုးရပိုင် Channel One ရုပ်သံသတင်း ကြေညာသူ၏နောက်တွင် သတင်းဌာနအယ်ဒီတာ Marina Ovsyannikova က "စစ်ပွဲရပ်လိုက်ပါ၊ ဝါဒဖြန့်တာတွေ မယုံကြပါနဲ့၊ လိမ်နေတာပါ" ဟု ရေးသားထားသည့် ပိုစတာကိုင်ဆောင်ပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြစဉ်။ (AFP/Channel One) (ယာ) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် သတင်းယူနေစဉ် ဖမ်းဆီးခံရသည့် ဂျပန်သတင်းထောက် Yuki Kitazumi ကို မြေနီကုန်းရဲစခန်းသို့ခေါ်ဆောင်သွားစဉ်။ (Associated Press)

မြန်မာစစ်ကောင်စီဆိုရင်လည်း တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းလို ဒေသတွေမှာ သတ်ဖြတ်မှု အထောက်အထားတွေ မပေါက်ကြားအောင် အင်တာနက်ကို ပိတ်ထားဖို့ ကြိုးစားနေပါတယ်။ သူတို့ ရောက်လေရာ မြို့ရွာတွေမှာ အရပ်သားတွေကို အပြစ်ပေးစီရင်တဲ့အနေနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ရာမှာလည်း ရုရှားနဲ့ မြန်မာစစ်တပ်တွေရဲ့ လုပ်ရပ်က အတူတူပါပဲ။

ဒါ့အပြင် ရုရှားနဲ့မြန်မာ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေဟာ အရပ်သားပြည်သူတွေအပေါ်မှာ အတိုင်းအတာတစ်ခုအထိ ရက်ရက်စက်စက် ပြုမူအကြမ်းဖက်လိုက်မယ်ဆိုရင် ဦးကျိုးသွားပြီး သူတို့ရဲ့ အုပ်ချုပ်မှုကို လက်ခံလာလိမ့်မယ်၊ ပြီးရင် သူတို့ ကျူးလွန်ခဲ့သမျှ အရေးယူမခံရတော့ပဲ ရှောင်လွှဲနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ လတွေက တိုက်ခိုက်မှုတွေအတွင်းမှာ အနည်းဆုံး အရပ်သား ၆၀ လောက်ကို အရှင်လတ်လတ် မီးရှို့သတ်ပြခဲ့တယ်။ သူတို့ဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ဖုံးကွယ်ဖို့ တောင် မကြိုးစားခဲ့ဘူး။ အမှန်က ဒီလုပ်ရပ်တွေဟာ သူတို့ကို ဆန့်ကျင်ရင် ဘာဖြစ်သွားမလဲ ဆိုတာ သတိပေးချင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ်တူတာတစ်ခုက ရုရှားနဲ့ မြန်မာ ခေါင်းဆောင်တွေဟာ နိုင်ငံတကာက ဝိုင်းပြီး စီးပွားရေးပိတ်ဆို့အရေးယူတာတွေကို တောင့်ခံနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါပဲ။ သူတို့ဟာ တစ်နိုင်ငံလုံး စီးပွားရေး အကျပ်အတည်းဆိုက်ပြီး ပြည်သူတွေ ဆင်းရဲမွဲတေသွားတာကိုလည်း ဂရုမစိုက်ကြောင်း ပြသနေကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားတဲ့အပြင်၊ လူဦးရေရဲ့ ထက်ဝက်လောက် ဆင်းရဲမွဲတေမှု မျဉ်းအောက်ကို ရောက်သွားတယ်။ အခုဆို ရန်ကုန်မြို့နေ ပြည်သူတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရေပြတ်လပ်မှုတွေနဲ့ပါ ကြုံနေရပါတယ်။

နှစ်နိုင်ငံလုံးက စစ်ပွဲတွေမှာ ယူကရိန်းမှာဆိုရင်ပြည်သူတွေရဲ့ခုခံမှုနဲ့ မြန်မာမှာဆိုရင် PDF တပ်ဖွဲ့တွေ ရဲ့ ခုခံတိုက်ခိုက်မှုတွေကို မြင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ မနိုင်ဝန်ထမ်းပြီး တိုက်ခိုက်နေရတာပါ။ မြန်မာတပ်မတော်ဟာ ထင်သလောက် စစ်သည်အင်အား မရှိဘူးဆိုရင်တောင် အတင်းအဓမ္မ စစ်သားစုဆောင်းနိုင်တဲ့အတွက် PDF တပ်ဖွဲ့တွေထက် တပ်သား အင်အား၊ လက်နက်အင်အား အသာစီးရနိုင်ပါသေးတယ်။

ရုရှားစစ်တပ်လိုပဲ မြန်မာ့တပ်မတော်ဟာ အကျင့်ပျက်ခြစားမှုတွေကြောင့် တကယ်အင်အားမရှိတာ သေချာပါတယ်။ ဒါကို PDF တပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ မြန်မာစစ်တပ်ရဲ့ တပ်သားတွေဟာ ဘယ်လောက်တောင် အင်အားချို့တဲ့နေသလဲ ဆိုတာကို မြင်နိုင်ပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံ့ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်အတွက်သုံးနေပေမယ့်၊ အများစုကို အထက်ပိုင်းခေါင်းဆောင်တွေအတွက်ပဲ အသုံးပြုနေတဲ့အတွက်၊ အမှန်တကယ် ရှေ့တန်းထွက်နေရတဲ့ လူငယ်တပ်သားတွေကို ဝဝလင်လင် ကျွေးမွေးဖို့နဲ့ လက်နက်ပစ္စည်းတပ်ဆင်ပေးဖို့ မသုံးနိုင်တာ အထင်အရှားပါပဲ။

(ဝဲ) ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ဗုံးဒဏ်ကြောင့် ပျက်စီးသွားသည့်  အဆောက်အအုံတစ်ခုအနီးတွင် ယူကရိန်းစစ်သားတစ်ဦးနှင့် မီးသတ်သမားတစ်ဦးကို တွေ့ရစဉ်။ (AP)  (ယာ) ၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာမီးလောင်ပြင်ကို ၂၀၂၂ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။ (AFP PHOTO / Chin Twin Chit Thu)
(ဝဲ) ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ဗုံးဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအနီးတွင် ယူကရိန်းစစ်သားတစ်ဦးနှင့် မီးသတ်သမားတစ်ဦးကို တွေ့ရစဉ်။ (AP) (ယာ) ၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာမီးလောင်ပြင်ကို ၂၀၂၂ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။ (AFP PHOTO / Chin Twin Chit Thu)

ယူကရိန်းမှာရော မြန်မာမှာပါ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ကို အပြတ်အသတ်အနိုင်ရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် သူတို့ဟာ ပြောက်ကျားတိုက်ခိုက်ရေးသမားတွေ ဖြစ်တဲ့အတွက် အပြတ်အသတ် အနိုင်ရဖို့ မလိုပါဘူး။ သူတို့ဟာ ကျူးကျော်သူ စစ်တပ်ရဲ့ တပ်ဖွဲ့တွေ ရေရှည်မှာ အင်အားချိနဲ့လာအောင် လုပ်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေနဲ့ အလှမ်းဝေးသွားအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက်အတွက်ဆိုရင်တော့ PDF တပ်ဖွဲ့တွေရဲ့ လုပ်ရပ်က အောင်မြင်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုသည်။

(မှတ်ချက်။ ဆောင်းပါးရှင် ဇက်ခါရီအဘူဇာသည် အမေရိကန်နိုင်ငံ ဂျော့ချ်တောင်းတက္ကသိုလ်နှင့် ဝါရှင်တန်အမျိုးသား စစ်တက္ကသိုလ်တို့တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဌာန၊ လွတ်လပ်တဲ့အာရှအသံနှင့်၊ ဆောင်းပါးရှင်အလုပ်လုပ်နေသည့် အဖွဲ့အစည်းများ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။