တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးနဲ့အတူ အပြောင်းအလဲတွေ ဖြစ်လာနိုင်ကြောင်း သုံးသပ်
2024.07.02

ရခိုင်ပြည်နယ်အတွင်းမှာ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) ဟာ အခုဆိုရင် ချင်းပြည်နယ် ပလက်ဝ အပါအဝင် မြို့နယ် ၁၀ ခုအထိ သိမ်းယူထားပြီး နောက်ထပ် မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ပြန်လည်အသက်သွင်းလာပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို စတင်ခဲ့ပြီး ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ RPG-7၊ ပွိုင့်- 5 စက်သေနတ်တွေ ကျည်တွေ အများအပြားနဲ့အတူ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်လာနေပါတယ်။
စစ်တပ်အဖို့ကတော့ နှစ် ၇၀ ကျော်သမိုင်းမှာ အဆိုးဝါးဆုံး အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပြီ
သီတင်းပတ် တစ်ပတ်မပြည့်ခင် ရက်ပိုင်းအတွင်းမှာပဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် TNLA ထံ လက်နက်ချတဲ့ အခြေအနေတွေအထိ ရှိလာခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်ကောင်စီအတွက် တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ စစ်ရေးပိုင်းမှာပါ ရှုံးနိမ့်လာနေပြီလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ပြောပါတယ်။
“အခုအချိန်မှာ အကြမ်းဖက် စစ်တပ်အဖို့ကတော့ ဒင်းတို့ရဲ့နှစ် ၇၀ ကျော်သမိုင်းမှာ အဆိုးဝါးဆုံး အခြေအနေ၊ အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပြီလို့ ကျွန်တော်တို့ ဆိုနိုင်ပါတယ်ခင်ဗျ။ တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ စစ်ရေးစစ်ရာမှာတောင် အရှုံးကြီးရှုံး၊ အလဲလဲ အကွဲကွဲဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ပြိုမှတ်ကို ရောက်နေပြီလို့ ကျွန်တော်တို့ ကောင်းကောင်းကြီး ပြောနိုင်ပါတယ်”
လာမယ့်ခြောက်လအတွင်း ၁၀၂၇ စစ်ဆင်ရေးလို အားကောင်းတဲ့ စစ်ဆင်ရေးတွေ ထပ်ပေါ်လာဖို့ဆိုရင် လက်နက်ခဲယမ်း မလုံလောက်တဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့လိုတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသမှာ လှုပ်ရှားနေတဲ့ ဒေါင်းမင်းစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က ထောက်ပြပါတယ်။
“ကျွန်တော်တို့ တိုက်ပွဲတစ်ပွဲတိုက်တဲ့နေရာမှာ လူရာနဲ့ချီပြီးတော့ နာရီဝက်လောက်ပစ်တယ်ဆိုရင်ပဲ စစ်ပွဲကုန်ကျစားရိတ်က သိန်းထောင်နဲ့ချီပြီး ကုန်တာဖြစ်တဲ့အတွက် ခဲယမ်းမလုံလောက်တဲ့ ပြဿနာဟာ တော်လှန်ရေးအစထဲကနေ အခုချိန်အထိ ကြုံနေရတုန်းပဲ။ လာမယ့် နောက်ပိုင်း ခြောက်လမှာ စစ်ရေးအရ အပြောင်းအလဲ ကြီးကြီးမားမားတစ်ခု မျှော်မှန်းနိုင်ဖို့က ခဲယမ်းပြဿနာကို ဖြေရှင်းနိုင်မှ ရမယ်။ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးမှာ စကစဘက်ကနေ ရထားတဲ့ လက်နက်တွေ၊ ခဲယမ်းတွေကို အဲ့ဒါတွေကို လိုအပ်တဲ့ တိုက်ကွက်ဖော်မဲ့ စစ်ဆင်ရေးဖော်မဲ့ ဒေသရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ မူဝါဒခိုင်မာတဲ့ အဖွဲ့တွေကို အရောက်ပို့ပေးနိုင်တယ်။ ဝေခြမ်းရေးကိစ္စကို ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့အတူ အရှိန်ကောင်းတဲ့ တခြားသော ဒေသအဆင့် စစ်ဆင်ရေးတွေ၊ နိုင်ငံအဆင့် စစ်ဆင်ရေးတွေ ပေါ်လာနိုင်ခြေ ရှိပါတယ်”
နိုင်ငံရေးပိုင်းမှာလည်း စစ်ခေါင်းဆောင်ဟာ လာမယ့် ၂၀၂၅ ထဲ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အကြိုလှုပ်ရှားမှုတွေကို ဒီနှစ်ကျန် ခြောက်လသက်တမ်းအတွင်း လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီထိန်းချုပ်နယ်မြေ ရန်ကုန်မှာ သန်းခေါင်စာရင်းကောက်တဲ့ လှုပ်ရှားမှုတွေ ရှိလာပါတယ်။ တစ်ချိန်တည်းမှာလည်း အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်နေတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ဇွန်လကုန်ပိုင်းမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့အတူ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
ဦးသိန်းစိန်ကို လူမြင်ကွင်းမှာ အခုလိုပြန်တွေ့လာရတာဟာ ရွေးကောက်ပွဲနဲ့ ဆက်စပ်နိုင်ခြေရှိတယ်ဆိုတဲ့ တွက်ဆချက်တွေ ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က “အခုသူတို့ ခြေလှမ်းပေါ်လာပြီ။ ဦးသိန်းစိန်ကို တရုတ်က ဖိတ်လိုက်တယ်။ နှစ် ၇၀ ပြည့်တက်ပါတဲ့ ရှီကျင့်ဖျင်နဲ့ ဦးသိန်းစိန် လက်ဆွဲနှုတ်ဆက်နေတာ တွေ့လိုက်တော့ မင်းအောင်လှိုင်က သမ္မတလုပ်တော့မှာ မဟုတ်ဘူး။ ဦးသိန်းစိန်ကိုပဲ နောက်တစ်ကြိမ် သမ္မတလုပ်ခိုင်းပြီးတော့ သူက စစ်ဦးချုပ်ဘဝနဲ့ နေပြီးတော့ အဲ့ဒီလိုခြေလှမ်းသွားဖို့ လုပ်ကြလိမ့်မယ်။ အဲ့ဒီလိုလုပ်ဖို့ တရုတ်ကလည်း မီးစိမ်းပြပြီ။ လှည့်ကွက်အကြီးကြီးပဲ။ မျက်စိလည်နိုင်တယ်။ သိန်းစိန်လက်ထက်မှာ တော်တော်များများ ပွင့်လင်းမြင်သာမှုတွေ ရှိခဲ့တာကိုး” လို့ ပြောပါတယ်။
နိုင်ငံတကာဖိအားပေးမှုတွေမှာတော့ အာဂျင်တီးနားတရားရုံးကနေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ၂၀၁၇ ရိုဟင်ဂျာအရေးမှာ တာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ လုပ်ဆောင်နေတာဟာ ဒီနှစ်ထဲ အကောင်အထည်ပေါ် လာနိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိနေပါတယ်။ ဒီလိုဖြစ်လာရင် စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာကို သွားလာခွင့်မရတော့ဘဲ ပြည်တွင်းမှာသာ ပိတ်မိနေမဲ့အခြေအနေ ဖြစ်လာမှာပါ။
တစ်ဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှုရန်ကို ကာကွယ်နိုင်ဖို့ စင်ကာပူအစိုးရက မြန်မာနိုင်ငံထဲ လက်နက်နဲ့ ဆက်စပ်ပစ္စည်း တင်ပို့မှုတွေဟန့်တားဖို့ လုပ်ဆောင်နေတယ်လို့ ဒီရက်ပိုင်းအတွင်း ပြောလာပါတယ်။
စစ်ကောင်စီဟာ စင်ကာပူက လျော့ချလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် ထိုင်းဘက်ကနေ ပိုတိုးရယူနေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဇွန်လကုန်ပိုင်းမှာ ထောက်ပြပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံကတော့ စစ်ကောင်စီက အရပ်သားတွေကို ထပ်တလဲလဲ အကြမ်းဖက်နေတာတွေ ကာကွယ်ဖို့၊ စစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချတာတွေ ရပ်ဆိုင်းဖို့အပါအဝင် အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအပါအဝင် မဟာမိတ်နိုင်ငံတွေ ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။