ရခိုင်မြောက်ပိုင်းမှာ မိုင်းကြောင့် ဒဏ်ရာရ၊ သေဆုံးမှုတွေများလာ
2020.07.09
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနေ့က နွားကျောင်းရင်းကနေ မိုင်းနင်းမိတဲ့ဒေသခံအရပ်သားတစ်ဦးဟာ စစ်တွေဆေးရုံမှာ ဇူလိုင် ၉ ရက် ဒီမနက်မှာ ကွယ်လွန်သွားပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာက အသက် ၆၆ နှစ်အရွယ် ဦးမောင်ကျော်သန်းဟာ မနေ့နေ့လယ်က ရွာနားမှာနွားကျောင်းရင်း သစ်ပင်တစ်ပင်အောက်ကို အရိပ်ခိုဖို့ဝင်လာစဉ် ဘယ်သူဘယ်ဝါ ထောင်ထားမှန်းမသိတဲ့ မိုင်းကိုနင်းမိခဲ့တာပါ။
မိုင်းကြောင့် ခြေထောက်နှစ်ဖက်နဲ့ မျက်လုံးတွေ ဆုံးရှုံးခဲ့ရပြီး မနေ့က ညနေက ဒေသခံတွေရဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ဒီနေ့မနက်မှာ စစ်တွေဆေးရုံမှာ ကွယ်လွန်သွားတာပါ။
သူနင်းမိခဲ့တဲ့ အဲဒီမိုင်းဟာ မြေမြှုပ်မိုင်းဖြစ်ပြီး သစ်ပင်တစ်ပင်ရဲ့ အခြေနားမှာ ထောင်ထားတဲ့မိုင်းလို့ သားမက်ဖြစ်သူ ကိုလှစိန်ထွန်းက ပြောပါတယ်။
“ကျွန်တော်တို့ နွားကျောင်းတာက ၆ ရက်၊ ၇ ရက်ရှိပြီ။ နွားတွေကလည်း အဲဒီမှာပတ်ပြီးတော့ အစာစားနေ ကြတယ်။ နွားတွေကလည်း မြက်ရှိတဲ့နေရာကို ဆင်းပြေးကြတယ်။ ဒီနေ့ နွားတစ်ကောင် အဲဒီဘက်ကိုပြေး လို့ လိုက်တဲ့အခါ အပင်အောက်က ဝင်ပြီးသွားတဲ့အခါ မိုင်းက အပင်ကြားအနိမ့်နဲ့အမြင့်ကြားမှာထောင်ခဲ့တာ။ ကျွန်တော်တို့သွားတဲ့အခါ ယောက္ခမက မိုင်းတွင်းထဲမှာ ခြေတွေလက်တွေပြတ်ပြီးတော့ သေသွားသလိုဖြစ် သွားတယ်။ မိုင်းပေါက်သံကြားကတည်းက ကျွန်တော်ဖုန်းဆက်တယ်။ အဲဒီအခါ ကျွန်တော့်ယောက္ခမက ဖုန်းမကိုင်နိုင်တော့ဘူး”
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ ဆိုရင် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ စတဲ့မြို့နယ် တွေမှာ မိုင်းကြောင့် သေဆုံးသူ ၂၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းဟာ ၆၄ ဦးရှိပါတယ်။
အဲဒီအထဲမှာ ဖြစ်စဉ်အများဆုံးဟာ တောတောင်တွေထဲကို သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာသွားရာကနေ မိုင်းနင်းမိ တာတွေဖြစ်ပါတယ်။
ကျောက်တော်မြို့နယ် ယိုးချောင်းဒေသက ဦးမောင်သိန်းကျော်က မိုင်းအန္တရာယ်တွေကြောင့် တောတောင်ကို မှီခိုနေကြရတဲ့ သူတို့အတွက် အခက်အခဲကြုံရတယ်လို့ပြောပါတယ်။
“စားရေးနေရေးကတော့ ကျွန်တော်တို့က ဓားတစ်ချောင်းနဲ့ပဲ စားနေရတဲ့သူဆိုတော့ တောကိုမသွားလို့ မရဘူး။ ဝါးတွေခုတ်တယ်။ ထင်းတွေခုတ်တယ်။ အဲဒီလိုထင်းသာ ဝါးသာမခုတ်ရင် ကျွန်တော်တို့မှာ စားစရာ ဘာမှမရှိတော့ဘူး။ အရင်တုန်းကတော့လိုတော့ တောတောင်တွေကို ကျွန်တော်တို့မသွားနိုင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် ကျွန်တော်တို့ မိုင်းတွေဘာတွေကိုလည်း စိုးရိမ်တယ်”
စစ်ဘေးဒုက္ခသည်တွေ၊ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေအတွက် အကူအညီပေးနေတဲ့ ရသေ့တောင်မြို့က ကိုဘက္ကာကတော့ ဒေသခံတွေဟာ စစ်ပွဲမရှိရင်တောင်မှ မိုင်းအန္တရာယ်တွေကြောင့် မိမိတို့ရပ်ရွာတွေဆီကိုပြန်ဖို့ အခက်အဲဖြစ်နေတယ်လို့ ပြောပါတယ်။
“မြေမြှုပ်မိုင်းပေါ့။ သူတို့ပစ္စည်းကို သူတို့မသိမ်းတဲ့အတွက်၊ တာဝန်ယူမှုမရှိတဲ့အတွက်၊ အခုလိုလက်လွှတ် စပယ် လုပ်ထားခဲ့တဲ့အတွက် ကြားကမြေစာပင်ဖြစ်တဲ့ ကျွန်တော်တို့ပြည်သူတွေ အသက်စတေးပေးနေ ရတယ်။ အခုအချိန်မှာဆိုရင် ဒေသခံတွေက ကိုယ့်ရွာကိုတောင် ကိုယ်ဝင်လို့မရတော့ဘူး။ ရွာပတ်ပတ်လည်မှာ ဘယ်နားကိုနင်းရင် မိုင်းကွဲမလည်းဆိုတာ မသိတော့ဘူး။ အဲဒီလိုမျိုးအခြေအနေထိဖြစ်နေပြီ။ ငြိမ်းချမ်းသွား ရင်လည်း ကိုယ့်ရွာကိုကိုယ်ဝင်ရဲတော့မှာမဟုတ်ဘူး။ ကိုယ့်လယ်ကိုကိုယ် မဆင်းရဲတော့ဘူး။ ကိုယ့်တောင်ကို ကိုယ်မတက်ရဲတော့ဘူး။ အဲဒီလိုမျိုးဖြစ်နေပြီ။ တောင်ပေါ်ကိုတက်လိုက်ရင်လည်း အဲဒီမှာမိုင်းကွဲတယ်”
မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့အရပ်သားတွေကို စစ်တွေဆေးရုံကြီးကို ပို့ဆောင်တဲ့အခါမှာ အာဏာပိုင်တွဆီက ခွင့်ပြုချက်အဆင့်ဆင့်ယူနေရတာ၊ လုံခြုံရေးဂိတ်တွေမှာ အချိန် နှစ်နာရီလောက်ကြာအောင် စစ်ဆေးခံရတာ တွေကြောင့် လူနာအတွက် အခက်အခဲဖြစ်ရတယ်လို့လည်း ကိုဘက္ကာက ပြောပါတယ်။
စစ်ပွဲတွေရှိနေသမျှ မိုင်းအန္တရာယ်က ဆက်ရှိနေဦးမှာဖြစ်ပြီး မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတာတွေအတွက် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
ဒါပေမဲ့ ရခိုင်မြောက်ပိုင်းက အရပ်သားထိခိုက်သေဆုံးတဲ့ဖြစ်ရပ်တွေအပေါ် တပ်မတော်နဲ့ အေအေ ဟာ တဖက်ကိုတဖက်အပြန်အလှန်စွပ်စွဲနေကြဆဲဖြစ်ပြီး ဘယ်သူမှဝန်ခံပြောဆိုတာ မရှိသေးပါဘူး။
ရခိုင်မြောက်ပိုင်းမှာ မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့အရေအတွက် တစ်နေ့တခြားများလာနေတဲ့အတွက် အစိုးရကဦးဆောင်ပြီး မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေလုပ်ဖို့ အရေးတကြီးလိုအပ်လာနေပြီလို့ ဒေသခံတွေကထောက်ပြကြပါတယ်။
ဒါပေမဲ့ အစိုးရဘက်က မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ ဒီနေ့အထိ မတွေ့ရသေးဘူးလို့ စစ်တွေမြို့အခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ပြောပါတယ်။
“အထူးသဖြင့်ရပ်ရွာတွေ၊ နောက်ပြီးတိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ ရပ်ရွာတွေပေါ့လေ။ နောက်ပြီးကားလမ်းအနီး ရှိတဲ့ရွာတွေ၊ စစ်ဘေးဒုက္ခသည်စခန်းတွေမှာဆိုရင် မိုင်းအန္တရာယ်အသိပညာပေးတဲ့ ဗီနိုင်းတွေ လူထုတွေ သိနိုင်အောင် ဒါမျိုးတွေလုပ်ဆောင်ပေးဖို့လိုအပ်တယ်။ နောက်ပြီးတော့ မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ အသိပညာပေးလုပ်ငန်းတွေကိုလည်းလုပ်ဆောင်ဖို့ လိုအပ်တာပေါ့။ ဒါကအရေးကြီးမယ်လို့ထင်ပါတယ်။ ကျွန်တော်သိသလောက်တော့ အစိုးရရဲ့လုပ်ဆောင်မှုက ဘာမှမရှိဘူး”
ရခိုင်မြောက်ပိုင်းမှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေကို အစိုးရက ဘယ်လိုကူညီပေးနေသလဲ ဆိုတာနဲ့ ဒေသခံတွေအတွက် မိုင်းအသိပညာပေးတာတွေ ဆောင်ရွက်တာမရှိဘူးလို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က မေးမြန်းဖို့ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရခိုင်မြောက်ပိုင်းမှာ မိုင်းကြောင့် ထိခိုက်သေဆုံးတာတွေအပြင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို မသိနားမလည်လို့ ထုကြည့်ရာကနေ ပေါက်ကွဲပြီး ထိခိုက်သေဆုံးရတဲ့ဖြစ်စဉ်တွေကိုလည်းာတွေ့နေရပါတယ်။
ဒါကြောင့် မိုင်းအပါအဝင် ကျေးရွာအတွင်းအပြင်နဲ့ နေရာအနှံ့မှာ ပြန့်ကြဲနေတဲ့ မပေါက်ကွဲသေးတဲ့ လက်နက် ကျည်တွေနဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေထပ်မဖြစ်ရအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။