ရှမ်းပြည်နယ် တိုက်ပွဲပြင်းထန်ချိန် တရုတ်ဝန်ကြီး နေပြည်တော် ရောက်ရှိနေ
2023.10.31

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ လေးရက်မြောက်နေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟွန် (Wang Xiaohong) ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။
ဝမ်ရှောင်ဟွန်ဟာ နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ကြား တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သတ္တမအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်လာတာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာက အောက်တိုဘာ ၃၁ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးကို စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တက်ရောက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းတွေကို ပူးပေါင်းတိုက်ဖျက်ရေး အပါအဝင် အခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
“ဒေသခံတစ်ထောင်နီးပါး တရုတ်နယ်စပ်အနီးမှာ ထွက်ပြေးခိုလှုံနေရတယ်”
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီအစည်းအဝေးမှာ ရှမ်းပြည်နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးအခြေအနေ တင်းမာနေမှုကိုလည်း တရုတ်က ကြားဝင် စေ့စပ်ပေးမယ့်သဘော ရှိတယ်လို့ သုံးသပ်ပါတယ်။
“မြောက်ပိုင်းအဖွဲ့တွေနဲ့လည်း တရုတ်က တွေ့နေတာပဲလေ။ သူတို့က မြောက်ပိုင်းအဖွဲ့က စစ်ကောင်စီကို ပြောချင်တဲ့စကားကို သယ်သွားတာ ဖြစ်မှာပေါ့။ ကြားထဲကနေ ကြားဝင်စေ့စပ်ပေးမယ့် သဘောမျိုးပေါ့ ဝင်လုပ်နေပုံ ရပါတယ်”
ဝမ်ရှောင်ဟွန်ရဲ့ ခရီးစဉ်ဟာ နဂိုကတည်းက စီစဉ်ထားတာ ဖြစ်နိုင်ပေမယ့် ဆွေးနွေးတဲ့အခါမှာတော့ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကိစ္စ ပါလာနိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
အခုနှစ် ဇွန်လဆန်းကလည်း စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တို့ ဆွေးနွေးဖို့ တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ ဖြစ်မလာခဲ့ပါဘူး။
လက်ရှိမှာတော့ ရှမ်းပြည်နယ်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က “၁၀၂၇ ပူးပေါင်း စစ်ဆင်ရေး” စတင်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နဲ့ မိုင် နှစ်ဆယ်လောက်ကွာတဲ့ နမ့်ပေါင် အခြေစိုက် စစ်ကောင်စီ ခလရ - ၂၁၉ တပ်စခန်းကို MNDAA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်ကြားက စစ်ကောင်စီ လက်အောက်ခံ မိုင်းပါးတပ်စခန်းကိုလည်း TNLA တပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့ အနီးတဝိုက် တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် မြို့တွင်းရှိ ပုဂ္ဂလိကဘဏ်တွေနဲ့ အစိုးရဘဏ်တွေ ပိတ်ထားတဲ့အပြင် လားရှိုးကို လေကြောင်းပျံသန်းမှုတွေ ရပ်ထားပြီး မူဆယ် - လားရှိုး - မန္တလေး ပြည်ထောင်စု လမ်းပိုင်းလည်း ပြတ်တောက်နေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့နယ်အတွင်းမှာတော့ ဒီနေ့ နေ့လယ်ပိုင်းအထိ မြို့ပေါ်ရဲစခန်း၊ ထွေအုပ်ရုံး အပါအဝင် အစိုးရဌာနဆိုင်ရာရုံး အားလုံးကို MNDAA ပူးပေါင်းအဖွဲ့က ဆက်လက်ထိန်းချုပ်ထားပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေရတယ်လို့ ဒေသခံတွေထံက ကြားသိရပါတယ်။
လားရှိုး - သိန္နီ တံတား ပျက်စီးသွားသလို ကွမ်လုံ၊ သိန္နီ၊ ဟိုပန်၊ ချင်းရွှေဟော် စတဲ့မြို့တွေမှာ ဖုန်းဆက်သွယ်ရေးလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အားလုံးပြတ်နေတာ သုံးရက်ကျော်ရှိခဲ့ပြီးလို့လည်း ဆိုပါတယ်။
ဒီအတောအတွင်း မူဆယ်မြို့နယ်မှာတော့ ၁၀၅ မိုင် တပ်စခန်းကုန်းကနေ ဒီမနက် ၁ဝ နာရီလောက်က စတင်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ကြားနေရပြီး လက်ရှိ တိုက်ပွဲတွေကြောင့် တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်လည်း ပိတ်ထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မုံးကိုးမြို့နယ်မှာလည်း မနေ့ ညနေပိုင်းကစတင်ကာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဒေသခံ တစ်ထောင်နီးပါး တရုတ်နယ်စပ်အနီးမှာ ထွက်ပြေး ခိုလှုံနေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဒေသခံတွေကက အဲဒီမုံးကိုးရေချောင်းဘေးနားမှာပဲ တဲထိုးပြီး သွားနေနေရတယ်။ တရုတ်ပြည် နားမှာပေါ့နော် မုံးကိုးရေချောင်းရဲ့ဟိုဘက်မှာဆိုတော့ တရုတ် ပြည်ပေါ့။ အဲဒီနားမှာပဲ သွားပုန်းပြီး နေနေရတာပေါ့။ တဲလေး ဘာလေး ထိုးပြီး အဲဒီလိုပဲ သွားနေကြတာပဲ။ မုံးကိုးပတ်ဝန်းကျင်းက စခန်းနဲ့နီးတဲ့ နေရာအားလုံး ရှောင်နေကြတာပေါ့။ မုံးပေါ်လည်း စခန်းနဲ့နီးတဲ့ နေရာအားလုံး ရှောင်ထားခိုင်းကြတာပေါ့နော်။ နည်းနည်းတော့ ကြောက်လန့်ထိတ်လန့်ရမယ့် အခြေအနေမှာတော့ ရှိနေတာပေါ့”
MNDAA သတင်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မနေ့က ညနေပိုင်းမှာ မုံးကိုးမြို့နယ်အတွင်း ကဖောင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးမိထားတယ်လို့ ပြောပါတယ်။
“ဒီနေ့အနက်အထိတော့ ဖောင်ဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီကိုလည်း အားလုံး တိုက်ထုတ်လိုက်ပြီလို့ ပြောလို့ရပါတယ်ဗျ။ စစ်သုံ့ပန်းကတော့ ဆယ်နဲ့ချီရှိပါပြီ။ ၂၉ ရက်နေ့ တစ်ရက်တည်းမှာတောင် သုံးဆယ်ကျော်ကျော် ဖမ်းဆီးရမိတယ်ပေါ့နော်”
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ်သားတွေကို စစ်သုံ့ပန်း ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။
လားရှိုး - မန္တလေး ပြည်ထောင်စုလမ်းမကြီးရဲ့ အဓိကကျတဲ့ ဂုတ်တွင်းလမ်းပိုင်းမှာတော့အ TNLA နဲ့PDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းအထိ ထိန်းချုပ်ထားပြီး ခရီးသွားလာမှု အားလုံး ရပ်တန့်နေပါတယ်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့တွေက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ရုံးတွေ အားလုံးနီးပါး ပိတ်ထားပြီလို့လည်း ဒေသခံတွေထံက ကြားသိရပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့အနေနဲ့ စစ်ဆင်ရေးစတဲ့ အခုလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး စုစုပေါင်း ၆၇ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိ အခြေအနေမှာ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကိစ္စကို တရုတ်နိုင်ငံက ဝင်ပါလိမ့်မယ် မထင်ဘူးလို့ သုံးသပ်ပါတယ်။
“အဲဒီကိစ္စက တရုတ်က ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ လက်နက်တပ်ဆင်ပေးထားတဲ့ သူ့တပည့်တွေ၊ အဖွဲ့တွေ ဖြစ်ပါတယ်။ နောက်တစ်ခုက တရုတ်က ထူးခြားတာတစ်ခုက အဲဒီအဖွဲ့တွေကို ဘာလုပ်ပါ၊ ဘာကိုင်ပါ ဆိုတဲ့ကိစ္စက ယေဘုယျသာ ပြောပြီးတော့ တိုက်ရိုက် ပါဝင်ပတ်သက်မှု သိပ်ပြီးမရှိပါဘူး။ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဒီနေ့ဖြစ်နေတဲ့ တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အပြန်အလှန် ထိုးစစ် အဖွင့်စာမျက်နှာလို့ ကျွန်တော်က ယူဆပါတယ်။ အဲဒီကိစ္စမှာ တရုတ်က ပါဝင်မှာလည်း မဟုတ်ပါဘူး။ တရုတ်က မသိချင်ယောင် ဆောင်နေပါလိမ့်မယ်”
တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟွန်ရဲ့ နေပြည်တော် ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ သဘောထားကိုသိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မစ္စတာ ဝမ်ရှောက်ဟွန်ရဲ့ခရီးစဉ်ဟာ အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ ခရီးစဉ်ဖြစ်ပေမယ့် လက်ရှိအခြေအနေကို အဖြေထုတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
“အစည်းအဝေးကတော့ ကြိုတင်ပြီး လုပ်ထားတဲ့ကိစ္စရပ်ဖြစ်တယ်။ ဒီဟာဖြစ်လို့ ဒီလိုလုပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို အစည်းအဝေး လုပ်တဲ့အချိန်မှာတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ အဖြေတွေ ထုတ်နိုင်မယ်လို့တော့ ကျွန်တော်တို့ မျှော်လင့်ထားတယ်”
ဒီအစည်းအဝေးမှာ အဓိက နှစ်နိုင်ငံ နယ်စပ်ပြဿနာတွေကို အဓိက ဦးတည်ဆွေးနွေးမှာ ဖြစ်ပေမယ့် လက်ရှိဖြစ်နေတဲ့ ကိစ္စရပ်တွေလည်း ဆွေးနွေးတဲ့ ခေါင်းစဉ်ထဲမှာ ပါလာနိုင်တယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်က ကလေးငယ် နှစ်ဦး အပါအဝင် ခုနှစ်ဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦး အပါအဝင် အရပ်သား ကိုးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ခြောက်ထောင့် နှစ်ရာကျော် ရှိနေပြီလို့ဆိုပါတယ်။