တရုတ်နှစ်ကူးကာလ ရှမ်းမြောက်မှာ တိုက်ပွဲတွေငြိမ်သက်နေ
2023.01.27

ဇန်နဝါရီလ ၂၂ ရက်နေ့မှာကျရောက်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးမတိုင်ခင် ဇန်နဝါရီ ၁၅ ရက်နေ့ကတည်း က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားပါတယ်။
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကြား တိုက်ပွဲမကြာခဏဖြစ်လေ့ရှိတဲ့ ကွမ်းလုံ၊ သိန္နီနဲ့ တရုတ်နယ်စပ် မုံးကိုးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေငြိမ်နေပါတယ်။
မုံးကိုးမြို့မှာ နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ်ရှိပေမယ့် တရုတ်နှစ်ကူးကာလ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ မုံးကိုး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုတော့ အေးအေးဆေးဆေးပဲ တိုက်ပွဲအခြေအနေ ငြိမ်နေတာပဲ။ နှစ်သစ်ကူးလည်း ဗြောက်တွေ ဘာတွေလည်း ဖောက်လို့ရတာပေါ့နော်။ ဒီဘက်မှာက အေးအေးဆေးဆေး ပဲ။ တစ်ဖက်က ကိုးကန့်တပ်ဖွဲ လည်း ရှိနေတယ်။ နောက်ပြီး ပြည်သူ့စစ်တွေကိုလည်း တရုတ်တွေက ခွင့်တောင်းထားတာပေါ့နော်၊ တရုတ်နှစ်သစ်ကူးဆိုပြီးတော့။ သူတို့ ပစ်တာခတ်တာတွေတော့ လောလောဆယ် ဘာမှမရှိဘူးပေါ့နော် ငြိမ်နေတာပေါ့”
ဒါပေမဲ့ နှစ်ဖက်တပ်တွေ အသင့်အနေအထားတော့ ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
“လတ်တလောမှာ ရှမ်းမြာက်တိုက်ပွဲမဖြစ်ဘူးဆိုတာက စစ်ကောင်စီက ရှမ်းပြည်တစ်ခုလုံးကို ရွေးကောက်ပွဲလုပ်နိုင်ဖို့ စိုင်းပြင်းနေတဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်။ ဒီအပေါ်မှာ သူ အားယူနေတယ်"
စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေကတော့ စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ရွေးကောက်ပွဲအတွက် ညှိနှိုင်းဖို့ အာရုံစိုက်နေသလို တရုတ်ကို ကျောထောက်နောက်ခံပြု ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း နှစ်ကူးကာလဖြစ်လို့ စစ်ရေးဖော်ဆောင်တာတွေ ကို ရပ်ထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်ကျောထောက် နောက်ခံရှိတဲ့ အဖွဲ့တွေဟာ နှစ်ကူးကာလမှာ တိုက်ပွဲတွေငြိမ်ဖို့ အလိုအလျောက် သဘောပေါက်ထားတဲ့ အချိန်ဖြစ်တယ်လို့ ပြောပါတယ်။
“မြောက်ပိုင်းအဖွဲ့အများစုဆိုတာက တရုတ်ပြည်ကို ကျောထောက်ခံပြုထားတဲ့ အားပြုထားတဲ့အဖွဲ့တွေ ဖြစ်တာကိုးဗျ။ FPNCC အဖွဲ့ဝင်တွေအားလုံးကလည်း ဒီကာလမှာတော့ စစ်ရေးအရလှုပ်ရှားမှု ငြိမ်သက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီလုံခြုံရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်လာရင်တော့ ပြန်ခုခံတာ ရှိမှာပေါ။ ဒါပေမဲ့ ဒီကာလမှာတော့ စစ်ရေးအရ အနားယူငြိမ်သက်စွာ နေကြဖို့က မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ အလိုအလျောက် သဘောပေါက်ထားတဲ့ အချိန်ဖြစ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ဒီကိစ္စကို အထူးတလည် ဖိအားပေး တောင်းဆိုမှုတွေဘာတွေ လုပ်မယ့်သဘော မရှိပါဘူး”
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လက တရုတ်အစိုးရဟာ နှစ်သစ်ကူးကာလတင်မကဘဲ အခြားအချိန်တွေမှာပါ နယ်စပ်ဒေသ တည်ငြိမ်ဖို့ တိုက်တွန်းလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
“တရုတ်အစိုးရဘက်ကတော့ နှစ်သစ်ကူးကာလ မကပါဘူး၊ ဒီနယ်စပ်တစ်ကြောမှာ တိုက်ပွဲမဖြစ်ဖို့ ပြောတာမျိုး မေတ္တာရပ်ခံထားတာမျိုးတွေ ရှိပါတယ်။ တရုတ်နယ်စပ် တစ်ကြောမှာ တိုက်ပွဲတွေဖြစ်နေရင် မြန်မာနိုင်ငံရဲ့ လူထုတွေရဲ့ဝင်ငွေက လျော့ကျ သွားမယ် စီးပွားရေးကျဆင်းသွားမယ်။ အဲဒီအပေါ်မှာ မူတည်ပြီးမှ တိုက်ပွဲတွေ မဖြစ်ပွားဖို့ မေတ္တာရပ်ခံထားတာမျိုးတွေ ရှိပါတယ်။ စကစဘက်က လှုပ်ရှား တာမရှိဘူး။ ကျနော်တို့ကို ထိုးစစ်ဆင်တာမျိုး မရှိဘူးဆိုရင်တော့ ကျနော်တို့လည်း နှစ်နိုင်ငံရဲ့ အကျိုးစီးပွားကိုကြည့်ပြီးမှ ဆောင်ရွက်ပေး ခဲ့တာမျိုးတွေ ရှိပါတယ်။ သို့ပေမယ့် တပ်လှုပ်ရှားမှုတွေရှိလာမယ် ကျနော်တို့ကို ထိုးစစ်ဆင်မယ်ဆိုရင်တော့ ဒါ မလွှဲမရှောင် သာ ပြန်လည်ပြီးတော့ ခုခံကာကွယ်ရမှာဖြစ်ပါတယ်”
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအတွင်း နမ့်ဆန်မြို့မှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲပြင်းထန် ခဲ့သလို တစ်နှစ်လုံးမှာ တိုက်ပွဲပေါင်း အကြိမ် (၄၀) ကျော် ဖြစ်ခဲ့ပေမယ့် အခုဇန်နဝါရီလမှာ တော့ တိုက်ပွဲမရှိဘူးလို့ ဒုတိယဗိုလ်မှူးကြီး တာပန်လက ပြောပါတယ်။
တိုက်ပွဲမဖြစ်ပေမယ့် အခုရက်ပိုင်း စစ်ကောင်စီဘက်က ရွာတွေထဲဝင်နေတာကြောင့် စစ်ရေးအခြေအနေတင်းမာနေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ နှစ်ကူးဆိုတာထက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက် အပေါ်မှာသာ မူတည်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

“အခုတလောကတော့ ထူးထူးခြားခြားတော့ သိပ်မတွေ့ရဘူးပဲ။ တိုက်ပွဲဖြစ်တယ် ဆိုတာလည်း မကြားရပါဘူး။ ထူးခြားတာကတော့ လေယာဉ်လာတာပဲ။ တိုက်ပွဲဖြစ် တယ်ဆိုတာက နှစ်ဖက်ဆိုင်လို့ဖြစ်တယ်။ တစ်ခါတလေ နှစ်ဖက်ပက်ပင်းတိုးတာလည်း ဖြစ်ချင်ဖြစ်တယ်။ တစ်ခါတလေတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထလုပ်တာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီဟာတွေလွတ်ကင်းရင်တော့ ဖြစ်စရာအကြာင်း မရှိပါဘူး။ ဒါက သူတို့ရဲ့သဘောထားနဲ့ တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာကို ကျနော်တို့ ပြောလို့ ရတာပေါ့ဗျာ”
SSPP ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေမရှိပေမယ့် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဌာနချုပ် အပေါ်ကနေ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် ဖြတ်ပျံသန်းခဲ့ပြီး ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့လည်း SSPP က တုံ့ပြန်ထား ပါတယ်။
တိုင်းရင်းသားအရေးလေ့လာသူ အိုက်မောင်ကတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဖို့ အာရုံစိုက်နေတာကြောင့်သာ တိုက်ပွဲတွေရပ်တန့်နေတာလို့ သုံးသပ်ပါတယ်။
“လတ်တလောမှာ ရှမ်းမြာက်တိုက်ပွဲမဖြစ်ဘူးဆိုတာက စစ်ကောင်စီက ရှမ်းပြည် တစ်ခုလုံးကို ရွေးကောက်ပွဲလုပ်နိုင်ဖို့ စိုင်းပြင်းနေတဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်။ ဒီအပေါ်မှာ သူ အားယူနေတယ်။ ရှမ်းပြည်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သူရအောင် ကြိုးစားပြီး ညှိနေတယ်ဆိုတဲ့သဘော မျိုးကို တွေ့ရတယ်။ ဒီအပေါ်မှာလည်း သူ့ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်တဲ့အဖွဲ့အစည်းကို တစ်စုံတစ်ရာ တုံ့ပြန်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ”
စစ်ကောင်စီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက အဖွဲ့တချို့နဲ့သာ တွေ့ဆုံဆွေးနွေးနိုင်ပြီး မြောက်ပိုင်း မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ အများစုကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် လက်မခံတဲ့ အခြေအနေတွေ ရှိနေပါတယ်။
ဒါကြောင့် လက်ရှိ တိုက်ပွဲရပ်နေတာဟာ ခေတ္တသာဖြစ်ပြီး၊ နောက်ပိုင်း ရှမ်းမြောက်ဒေသ မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေနဲ့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေ စိုးရိမ် နေပါတယ်။