တရုတ်ရဲ့ ရထားလမ်းသစ် မြန်မာအတွက် အကျိုးရှိနိုင်ပါ့မလား

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2022.05.26
တရုတ်ရဲ့ ရထားလမ်းသစ် မြန်မာအတွက် အကျိုးရှိနိုင်ပါ့မလား ၂ဝ၂၂ ခုနှစ် မေလ ၂၄ ရက်နေ့မှာ စတင်ပြေးဆွဲသည့် ချုံချင်း-လင်ချန်း-မြန်မာ ရထား
Photo: Chinese Embassy in Myanmar

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ပို့ကုန်တွေ မြန်မြန်ရောက်ဖို့ ရထားလမ်းသစ်ဖောက်လုပ်ပြီး စတင်ပြေးဆွဲနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ပါတယ်။

တရုတ် မြန်မာလမ်းကြောင်းသစ် ချုံချင့်- လင်ချန်း- မြန်မာ နိုင်ငံတကာ ရထားလမ်းကနေ ကွန်တိန်နာ အလုံး ၆ဝ ပါတဲ့ ရထားတစ်စီးဟာ မေလ ၂၃ ရက်နေ့က ထွက်ခွာလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရထားဟာ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချုံချင့်မြို့ကနေ ထွက်ခွာလာပြီး မြန်မာနိုင်ငံနယ်စပ် ချင်းရွှေဟော် နဲ့ ခြံစည်းရိုးသာခြားတဲ့ ယူနန်ပြည်နယ် လင်ချန်းမြို့ကို ဆိုက်ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ကွန်တိန်နာကားတွေနဲ့ မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်းတွေ သယ်ယူရမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ရထား နဲ့ ကား ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက် ဒီရထားလမ်းကြောင်းသစ်ကြောင့် တရုတ် နဲ့ မြန်မာကြား ကုန်စည်ပို့ဆောင်ချိန် အရင်ကထက် ရက် ၂ဝ လျော့နည်းသွားမှာဖြစ်ပြီး ကုန်သွယ်မှု အရင်းအနှီးလည်း ၂ဝ ရာခိုင်နှုန်း သက်သာမယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မန္တလေးတိုင်း ငါးရှဉ့်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးတိုင်းကျော်ကတော့ ဒီရထားလမ်းက မြန်မာပြည်တိုက်ရိုက် မရောက်တဲ့အတွက် ကုန်စည်စီးဆင်းမြန်ဆန်မှု မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။ နှစ်နိုင်ငံအကျိုးရှိဖို့အတွက် နယ်စပ်ကုန်သွယ်ရေးကို ဖွံ့ဖြိုးအောင်လုပ်သင့်တယ်လို့ ဆိုပါတယ်။

တရုတ် မြန်မာအရေး ကျွမ်းကျင်သူဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်ကလည်း တရုတ်ရဲ့ ဒီရထားလမ်းသစ်ကြောင့် မြန်မာဘက်က ပို့နိုင်တဲ့ကုန်ပစ္စည်းထက် တရုတ်ပြည်က ကုန်ပစ္စည်းတွေ မြန်မာပြည်ထဲ အလုံးအရင်းဝင်လာပြီး တရုတ်နိုင်ငံအတွက် ပိုပြီးအကျိုးရှိစေနိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒီရထားလမ်းသစ်နဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက် အကျိုးမရှိနိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိသလို ဒီအစီအစဉ်က မြန်မာကုန်သည်တွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ရှုမြင်တာတွေလည်း ရှိပါတယ်။ မူဆယ်မြို့က ဆန်ကုန်သည် ဦးမင်းသိန်းက ရထား နဲ့ ကား ပူးပေါင်းဆောင်ရွက်တဲ့ ဒီအစီအစဉ်ကြောင့် မြန်မာဘက်က ကုန်သွယ်မှု မြန်ဆန်မှာဖြစ်သလို မြန်မာကုန်သည်တွေအတွက် အကျိုးရှိစေလို့ ကြိုဆိုတယ်လို့ ပြောပါတယ်။

တရုတ်အစိုးရဟာ ဒီအစီအစဉ်မျိုး ရွှေလီမှာလည်း ပြီးခဲ့တဲ့ ၂ နှစ်က လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်-မြန်မာစီးပွားရေးအဓိက ထွက်ပေါက်အဖြစ် ရည်မှန်းပြီး ရွှေလီမှာ ဘူတာရုံဖွင့်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းတွေ အများကြီးလုပ်ခဲ့ပေမယ့် မြန်မာပြည်ဘက်က အခုအချိန်အထိ ရထားလမ်းကြော မရှာနိုင်သေးတဲ့တွက် လင်ချန်းမှာ ဘူတာရုံဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအသစ်ဖောက်လုပ်ထားတဲ့ ချုံချင့်-လင်ချန်း-မြန်မာ ရထားလမ်းကနေ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရင်အစိုးရတွေလက်ထက်ထဲက ဆွေးနွှေးနေခဲ့တာဖြစ်ပြီး၊ ကိုဗစ်ကပ်ရောဂါဒဏ်ကြောင့် ရထားလမ်းဖောက်လုပ်မှု နှောင့်နှေးခဲ့ရပြီး အခုမှ ရထားစတင်ပြေးဆွဲနိုင်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂ဝ၂၂ ခုနှစ် ဧပြီလအထိ ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ လေးဘီလီယံ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၆၆ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်ပါတယ်။

ဒီမိုကရေစီရေးလိုလားသူတွေကတော့ မြန်မာစစ်တပ်ကို တရုတ်က အကူအညီတွေ အကာအကွယ်ပေးတာတွေ ရပ်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တရုတ်အစိုးရကို ဖိအားပေးတောင်းဆိုနေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။